July 30, 2007

ကိုယ်ကျင့်တရား

ကိုယ်ကျင့်တရား


၁. ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့ ဘာလို့လိုအပ်တာလဲ။ ဘာကြောင့် ကိုယ်ကျင့်တရားကို လောကပါလ တရားလို့ သတ်မှတ်ရတာလဲ

၂. ကိုယ်ကျင့်တရား အကောင်းနဲ့ ကိုယ်ကျင့်တရားအဆိုး ဆိုတာ ဘာတွေလဲ

၃. ကိုယ်ကျင့်တရားကောင်းဖို့ ဘာတွေ လိုအပ်လဲ။ ကိုယ်ကျင့်တရား ဆိုးဖို့ရော ဘာတွေလိုအပ်လဲ

၎. ကိုယ်ကျင့်တရားကောင်းဖို့လိုတာ ဘာကြောင့်လဲ

၅. ကိုယ်ကျင့်တရားကောင်းလို့ လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ

၆. ကိုယ်ကျင့်တရားဆိုးရင်ရော လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ

ကိုယ်ကျင့်တရားဆိုတာ မိမိကိုယ်တိုင် ကျင့်ကြံယူရသောတရား ဖြစ်ပါတယ်။ မည်သူတဦး တယောက် ဆီကမှ တောင်းယူ ၍မရ၊ ပေး ၍လည်းမရပါ။ ကိုယ်ကျင့်တရားမှ မဟုတ်ပါ တခြားတရားတွေ သည်လည်း ထို့အတူပါပဲ ကိုယ်တိုင် စောင့်ထိန်း ကျင့်ကြံ အားထုတ်ပါမှရပါမယ်။

ကိုယ်ကျင့်တရားရှိဖို့ ဆိုတာ အကျင့်သီလရှိဖို့ပါပဲ၊ ဗုဒ္ဓဘာသာအရ ဆိုလျှင် အခြေခံသီလ ငါး ပါး (၀ါ) ငါးပါးသီလ ကိုလုံခြုံအောင် စောင့်ထိန်းနိုင်ရင် ကိုယ်ကျင့်တရားရှိသူ (သီလရှိသူ) လို့သတ်မှတ် နိုင်ပါတယ်။ ဘုန်းကြီး ကျောင်းမှာ ဥပုသ် သီလခံယူရုံမျှနှင့် သီလရမည် မဟုတ်ပါ၊ သီလအကြောင်းကို သိရုံသာ ရှိပါမယ်။ ထို့ကြောင့် လူတိုင်း သီလရှိသူဖြစ်ဖို့ ကိုယ်တိုင်သီလ စောင့်ထိန်းဖို့ လိုအပ်ပါတယ်။

လောကပါလတရားနှစ်ပါးဆိုသည်မှာ ရှက်ခြင်းနှင့်ကြောက်ခြင်း လို့လက်ခံ ကြပါတယ်။ ရှက်ခြင်းနှင့် ကြောက်ခြင်းမှာ အခြေအနေ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ မိန်းကလေးတယောက်ဟာ ယောင်္ကျားလေး တွေရှေ့  ကနေဖြတ်လျှောက်ရမှာ ရှက်ခြင်း၊ ညအမှောင်ထဲသွားရမှာ ကြောက်ခြင်း စသည့် ရှက်ခြင်း၊ ကြောက်ခြင်းသည် လောကပါလတရား မရှိခြင်း (၀ါ) သီလမရှိခြင်း မဟုတ်ပါ။ လောကပါလနှစ်ပါးလို့ခေါ်တဲ့ ရှက်ခြင်း၊ ကြောက်ခြင်း ဆိုသည်မှာ မကောင်းမှုကို လုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဖြစ်ပါတယ်။ မကောင်းမှုကို မလုပ်ရင် အနည်းနှင့်အများ ကောင်းမှုကို လုပ်ဖြစ်မှာ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားရှိသူ(၀ါ) သီလရှိသူ တွေမှာလည်း မကောင်းမှုကို လုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ကျင့်တရားကို လောကပါလတရားလို့ သတ်မှတ်ရပါတယ်။ ကိုယ်ကျင့် တရားကောင်းဆိုတာ သီလမြဲပြီး သူတပါးကောင်းကျိုးအတွက် လုပ်ဆောင်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားဆိုး ဆိုတာ သီလမမြဲခြင်း၊ သူတပါးအပေါ် ကိုယ့်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ မနောစိတ်ဖြင့်စေ မကောင်းမှုပြုလုပ်ခြင်း၊ မကောင်းမှုကြံခြင်း ဖြစ်ပါတယ်။

ကိုယ်ကျင့်တရားကောင်းဖို့အတွက် ကိုကိုယ်ကို ထိန်းနိုင်ဖို့၊ သီလမြဲဖို့ လိုအပ်ပါတယ်။ ကိုယ်ကျင့်တရားဆိုး ဖြစ်ပေါ်ဖို့ဆိုတာ မိမိစိတ်၊ မိမိအပြုအမူပေါ်မှာပဲ မူတည်ပါတယ်။ စာရေးဆရာ ဖေမြင့်ရေးသား ထားသော သင့်တွေးသည့် အတွေးအကြံများ အတိုင်းသာ စာအုပ်မှာ ပါသည့်အတိုင်း ကိုယ့်စိတ်ထဲမှာ ကောင်းတာတွေ တွေးတောကြံစည်နေမည် ဆိုလျှင် ကောင်းမှုတွေကိုပဲ လုပ်ဖြစ်မှာ ဖြစ်ပြီး၊ မကောင်းမှုတွေကို တွေးတောကြံစည် နေမည်ဆိုလျှင် မကောင်းမှုတွေကို လုပ်ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတာတွေကို မလုပ်နိုင်သေးရင်တောင် ကောင်းတာတွေကို တွေးတောကြံစည် နေသင့်ပါတယ်။ မကောင်းမှုစိတ် ၀င်လာရင် ပယ်ဖျောက် နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ကိုယ်ကျင့်တရားကောင်းရင် အခုရောက်နေတဲ့ဘ၀ လောကီရေးရာမှာ ကိုကိုယ်ကို ယုံကြည်မှု၊ သူတပါးတွေရဲ့ လေးစားခင်မင်မှု ရရှိမှာဖြစ်ပြီး လောကုတ္တရာမှာ ငြိမ်းချမ်းအေးမြပြီး သံသရာ အဆက်ဆက် အကျိုးပေး ကောင်းမှာဖြစ်ပါတယ်။ ကိုယ်ကျင့်တရားဆိုးရင်တော့ ဘယ်နေရာမှကောင်းမည် မဟုတ်ပါ။ ကောင်းကျိုး ရရှိ ခဲ့မယ် ဆိုရင်လည်း ခဏတာဖြစ်ပြီး ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုဒဏ်တွေကို တချိန်ကြရင် ပြန်လည် ပေးဆပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူတိုင်းမှာ ကိုယ်ကျင့်တရား(သီလ)ကို အခိုင်မြဲဆုံးမဟုတ်တောင် သင့်တင့် လျှောက်ပတ်သော အဆင့် တခုရောက်အောင် ကြိုးစားထိန်းသိမ်း သင့်ပါတယ်။ လူ့ဘ၀မှာ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ ကောင်းကျိုးရဖို့ ကိုယ်တတ်နိုင် သလောက် ကျင့်ကြံ အားထုတ်ဖို့ ပန်ကြားရင်း နိဗ္ဗာန်ရောက်ဖို့ ခြေလှမ်းကြပါစို့ ---------

အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော

ယခုလက်ရှိအချိန်ထက်ကောင်းသောအချိန်မရှိ

မင်းကွန်းဆရာတော်ဘုရားကြီး
. . . မှတ်ချက်၊ .
အစ်မခွန်မြလှိုင်ရဲ့ မေးခွန်းများကို ကျွန်တော်သိသလောက် ဖြေထားခြင်း
အမှားပါခဲ့ရင်၊ လိုအပ်တာများကို ဖြည့်စွက်နားလည်ပေးပါရန်


0 comments:

မြန်မာစံတော်ချိန်

Calendar


Recent Comments