August 7, 2007

သူတော်ကောင်း၊ သူယုတ်မာ

သူတော်ကောင်း အင်္ဂါသုံးပါး

(၁) သူတော်ကောင်းဟာ ကုသိုလ်ဖြစ်ကြောင်း ကောင်းမှုကိုသာ ကြံစည်တယ်၊

(၂) စကားပြောတဲ့အခါမှာလည်း အပြစ်ကင်းတဲ့စကား၊ ကုသိုလ်ဖြစ်ကြောင်း ကောင်းတဲ့စကာားကိုသာပြောဆိုတတ်တယ်၊

(၃) အလုပ်လုပ်တဲ့အခါမှာလည်း ကုသိုလ်ဖြစ်ကြောင်း ကောင်းမှုကိုသာ လုပ်တယ်။

သူယုတ်မာ အင်္ဂါသုံးပါး

(၁) သူယုတ်မာဟာ အကုသိုလ်ဖြစ်ကြောင်း မကောင်းမှုကိုသာ ကြံစည်တယ်၊

(၂) စကားပြောတဲ့အခါမှာလည်း အပြစ်မကင်းတဲ့စကား၊ အကုသိုလ်ဖြစ်ကြောင်း မကောင်းတဲ့စကာားကိုသာပြောဆိုတတ်တယ်၊

(၃) အလုပ်လုပ်တဲ့အခါမှာလည်း အကုသိုလ်ဖြစ်ကြောင်း မကောင်းတဲ့အလုပ်၊ အပြစ်မကင်းတဲ့ အလုပ်ကို လုပ်တယ်။

သူတော်ကောင်းလက္ခဏာလေးပါး

(၁) ပညာရှိသူတော်ကောင်းတွေဟာ သူတစ်ပါးအပြစ်ကို ဘယ်တော့မှ မပြောဘူး၊ တစ်စုံတစ်ယောင်က မေးရင်တောင် သိပ်မပြောဘူး၊ နည်းနည်းပါးပါးပဲ ပြောတယ်။

(၂) မိမိအပြစ်ကို ဘယ်သူကမှ မမေးတာတောင် ပြောသင့်ရင် ပြောတယ်၊ မေးတဲ့လူ ရှိရင်တော့ မိမိအပြစ်ကို ပြည့်ပြည့်စုံစုံ ၀န်ခံပြီးပြောတတ်တယ်။

(၃) သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဖို့ရာဝန်မလေးဘူး၊ ဘယ်သူမှ မမေးလည်း ပြောတယ်။ မေးရင်တော့ပြည့်ပြည့်စုံစုံပြောပြတယ်။

(၄) မိမိရဲ့ ဂုဏ်ကျေးဇူးကို မပြောလိုဘူး၊ လျှို့ ၀ှက်သိုသိပ်တတ်တယ်၊ သူများမေး လာရင်တောင် အနည်းအကျဉ်းသာ ပြောတယ်။

သူယုတ်မာ လက္ခဏာလေးပါး

(၁) သူယုတ်မာတို့မည်သည် သူတစ်ပါးရဲ့ အပြစ်ကို ဘယ်သူကမှ မမေးဘဲလည်း ပြောတယ်၊ မေးရင်တော့ ဒီထက်ပိုပြီး ပုံကြီးချဲ့ ပြီး ပြောတတ်တယ်။

(၂) ကိုယ့်အပြစ်ကိုကျတော့ တတ်နိုင်သလောက် ဖုံးထားတတ်တယ်၊ မေးရင်တောင်မှ အနည်းငယ်လောက်သာ မပြောမဖြစ်လို့ ပြောတယ်။

(၃) သူများရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုဖို့ကျတော့ အလွန်ဝန်လေးတယ်၊ မေးသူမရှိရင် မပြောဘူး၊ မေးသူရှိမှ မပြောရင်မကောင်းတတ်လို့ အနည်းအကျဉ်းပဲ ပြောတယ်။

(၄) ကိုယ့်ဂုဏ်ကိုကျတော့ မမေးဘဲနဲ့ပြောဆိုချင်ကြတယ်၊ မေးတဲ့သူရှိရင်တော့ ပိုပိုလိုလို ပြောဆိုတတ်တယ်။

ပညာရှိသူတော်ကောင်းရဲ့ အရည်အချင်းများ

  • ရတနာသုံးပါးနဲ့ ကံတရားကို ယုံကြည်တဲ့ (သဒ္ဒါ) တရားနဲ့ပြည့်စုံတယ်။
  • ကုသိုလ်ကောင်းမှုတို့ကို မမေ့တဲ့(သတိ) နဲ့ ပြည့်စုံတယ်။
  • မကောင်းမှုကိုပြုရမှာ သိပ်ရှက်တယ်(ဟီရိ)၊ မကောင်းမှုကို ပြုရမှာကိုလည်း သိပ်ကြောက်တယ်(သြတ္တပ္ပ)။
  • အပြစ်ကင်းတဲ့ အကြားအမြင်(သုတ) နှင့်လည်း ပြည့်စုံတယ်။
  • ကုသိုလ်ကောင်းမှုအတွက် အားထုတ်တဲ့ (၀ီရိယ) လည်းရှိတယ်။
  • ရုပ်နာမ် ဓမ္မတို့ရဲ့ ဖြစ်ပျက်ကို သိမြင်တဲ့ (ပညာ) လည်းရှိတယ်။

1 comments:

ရွက်ဝါ said...

သူတော်ကောင်းအင်္ဂါ ၇ ပါးကို ဘုန်ကြီးတစ်ပါးဟောတာ နာဘူးတယ်။ ၁၊ သဒ္ဒါ ၂၊ သီလ ၃၊ သုတ ၄၊ ဇာဂ ၅၊ ပညာ ၆၊ ဟီရိ ၇၊ သြတ္တပ္ပ တဲ့ ။ အခုပြောထားတဲ့ နောက်ဆုံး ၇ ချက်နဲ့တော့ ဆင်တယ်။ ဘယ်လိုကွာလည်းတော့ မပြောတတ်ဘူး။ ကြားဖူးတာလေး ရေးပြတာပါ။ မျှဝေပေးတာကျေးဇူးတင်ပါတယ်။

မြန်မာစံတော်ချိန်

Calendar


Recent Comments