March 29, 2008

အိပ်စက်ခြင်းနှင့်ဆိုင်သော (၂)

အိပ်စက်ခြင်းနှင့်ဆိုင်သော (၂)

အိပ်နေစဉ် ကယောင်ကတမ်းဖြစ်ခြင်း (ယောင်ခြင်း) မှာ အိပ်နေစဉ် အိပ်နေသူက ခန္ဓာကိုယ်ပြုမူ လှုပ်ရှားမှုဖြစ်ခြင်းနှင့် အသံထွက်၍ ပြောဆိုခြင်း တို့ ဖြစ်ပါသည်။ အိပ်နေသူက အိပ်ယာထ၍ ရေသောက်ပြီး ပြန်အိပ်သွားတတ်ခြင်း၊ အိပ်ယာထ၍ လမ်းလျှောက်ပြီး ပြန်အိပ်သွားခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ခြင်းမှာ ခန္ဓာကိုယ်ပြုမူလှုပ်ရှား၍ ယောင်ခြင်း ဖြစ်ပါသည်။

အိပ်နေစဉ် ပါးစပ်က စကားတွေပြောနေခြင်း၊ ညည်းတွားနေခြင်း စသည်ဖြင့် အမျိုးမျိုးပြောဆိုခြင်းမှာ အသံထွက်ပြောဆိုပြီး ယောင်ခြင်းသည် အသံထွက်၍ ပြောဆို ယောင်ခြင်းဖြစ်ပါသည်။ စကားပြောဆို အသံထွက်၍ယောင်ခြင်းမှာ ရေ၊ ရေ လို့တောင်းသောအခါ အနားက တစ်ယောက်ယောက်က ရေယူလာပေးသောအခါ ဘာမှ မသိတော့ပဲ ပြန်လည်အိပ်ပျော်သွားခြင်းမျိုး ဖြစ်ပါသည်။ ညည်းတွားမှုဖြစ်ခြင်းမှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှု၊ ကျန်းမာရေး မကောင်းမှု စသည်တို့ကြောင့်ဖြစ်တတ်ပါသည်။ အသံထွက်၍ ယောင်ခြင်း ဖြစ်ပေါ်နေစဉ်မှာ ဘေးလူက အိပ်နေသူ (ယောင်နေသူ) ရဲ့ ခြေမကို ချိုး၍ ယောင်နေသူ၏ အဖြစ်အပျက်များထဲမှ သိချင်သော အကြောင်းအရာများကို မေးလျှင် ပြန်လည်ဖြေကြားသည်ဟု ကြားဖူးပါသည်။ ကိုယ်တိုင် စမ်းသပ်ဖူးခြင်းမရှိပါ။ ကြားဖူးသည်ကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
ဘီလူးစီးခြင်း၊ ထမင်းလုံး တစ္ဆေ ခြောက်ခြင်းတို့သည် အိပ်မက်ထဲတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများကို မြင်မက်တတ်ခြင်း ဖြစ်ပါသည်။ အိမ်ခေါင်တိုင်အောက်တွင် အိပ်ခြင်း၊ ပက်လက်လှန်၍အိပ်ခြင်း၊ အိပ်ပုံအိပ်နည်းမမှန်ခြင်း၊ မအိပ်မှီအချိန်ကာလများတွင် ထမင်းလုံးနင်းမိခြင်း စသည်တို့ကြောင့် ထိုသို့ စိတ်လှုပ်ရှားဖွယ်ရာများကို မြင်မက်တတ်ကြသည်ဟု ပြောဆိုကြပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 25, 2008

အတွေးအမြင်(၇)

အိပ်စက်ခြင်းနှင့်ဆိုင်သော

သက်ရှိသတ္တ၀ါတိုင်းသည် အိပ်စက်အနားယူခြင်းကို ပြုလုပ်ကြရပါသည်။ အိပ်နေစဉ် အတွင်းမှာ အဖြစ်အပျက် အမျိုးမျိုး၊ ပုံစံမျိုးစုံရှိကြပါသည်။ ထိုအရာ တချို့ကတော့ အိပ်မက်မက်ခြင်း၊ အိပ်နေစဉ် ကယောင်ကတမ်းဖြစ်ခြင်း( ယောင်ခြင်း ) ၊ ဘီလူးစီးခြင်း၊ ထမင်းလုံးတစ္ဆေခြောက်ခြင်း စသည်ဖြင့် ရှိကြပါသည်။

အိပ်မက်မက်ခြင်းသည် အဖြစ်များသော၊ လူတိုင်းဖြစ်ဖူးသော အရာတခုဖြစ်ပါသည်။ အကြောင်းအရာ တခုခုကို စွဲလမ်းလို့ပဲဖြစ်ဖြစ်၊ ဘာမှ မဆိုင်ပဲဖြစ်ဖြစ်၊ နိမိတ်ပြအိပ်မက်မျိုးပဲဖြစ်ဖြစ် စသည်ဖြင့် အမျိုးမျိုးမြင်မက်ကြပါသည်။ အိပ်မက်ကို နိမိတ်ယူပြီး အဓိပ္ပာယ်ကောက်သလို တချို့ကလည်း အိပ်မက်ကိုပြောင်းပြန် အဓိပ္ပာယ်ယူရသည်လို့ ပြောကြပါသည်။
အိပ်မက်မက်ခြင်း အကြောင်းနှင့်ဆက်စပ်၍ စဉ်းစားမိသော အကြောင်းအရာရှိပါသည်။ သဘာဝတရားနှင့်ပဲဆိုင်မလား၊ စိတ်ပညာနဲ့ပဲ ဆိုင်မလားတော့ မသိပါဘူး။ ကြံကြံဖန်ဖန် စဉ်းစားမိခြင်းလည်း ဖြစ်ချင်ဖြစ်ပါမည်။ အိပ်မက်မက်နေစဉ်တွင်းမှာ အိပ်မက်မက်နေသူ ကိုယ်တိုင်က လှုပ်ရှားခြင်းနှင့် ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်း တို့ဖြစ်ကြပါသည်။ ဥပမာ အိပ်မက်မက်သူကိုယ်တိုင်က လှုပ်ရှားခြင်းမှာ အိပ်မက်ထဲ၌ တစ်ခုခုကို ခြေထောက်ဖြင့် ကန်တယ်လို့ မြင်မက်ရင် ကိုယ်ခန္ဓာကလည်း လိုက်၍ကန်တတ်ပါသည်။ အဲဒါကတော့ အိပ်မက်မက်သူရဲ့ စိတ်နဲ့ ခန္ဓာ ဆက်စပ်ပြီး ဖြစ်ခြင်းကြောင့် ဖြစ်မည်လို့ ယူဆရပါသည်။ ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်းမှာ အိပ်မက်ထဲမှာ တစ်ယောက်ယောက်က ရိုက်တယ်လို့မြင်မက်ရင် အပြင်မှာလည်း တစ်ယောက်ယောက်က၊ သို့မဟုတ် တစ်စုံတစ်ခုက လာရောက်ရိုက်ခြင်းမျိုး ကြုံရတတ်ခြင်း ဖြစ်ပါသည်။ အိပ်မက်ထဲမှာ “၀ုန်း” ဆိုတဲ့ အသံကျယ်ကြီးကြားရတယ်လို့ မြင်မက်ရင် အပြင်မှာလည်း အဲဒီလို အသံမျိုး ဖြစ်ပေါ်တာနဲ့ ကြုံရတတ်ပါသည်။ ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်းမှာ အိပ်မက်ကို ပြည့်စုံ ပီပြင်ဖို့ ပတ်ဝန်းကျင်က ဖြည့်ဆည်းပေးသည်လား၊ ဘေးပတ်ဝန်းကျင်ဖြစ်မှာကို အိပ်မက်က ထပ်တူညီအောင် မက်ခြင်းလား ဆိုသည်ကို နားမလည်ပါ၊ ဝေခွဲ၍လည်း မသိပါ။ အုန်းပင်ပေါ်က အုန်းလက်က ဘယ်အချိန်ကျလာမလဲဆိုသည်ကို ဘယ်သူမှ မသိနိုင်ပါ။ ထို့အပြင် အိပ်မက်ထဲမှာလည်း “၀ုန်း” ဆိုတဲ့ အသံဖြစ်ပေါ်လာမည်၊ “မည်” လာမည်ကို ဘယ်သူမှ မသိနိုင်ပါ။ သို့ပေမယ့် အိပ်မက်ထဲက “မည်သံ” နဲ့ အုန်းလက်ကျ၍ ထွက်ပေါ်လာသော “မည်သံ” တို့သည် ထပ်တူညီပြီး ဖြစ်ပေါ်တတ်ပါသည်။ ဘယ်လို သဘောတရားမျိုးနှင့် ဆက်စပ်ပြီး ထပ်တူကျအောင် ဖြစ်တတ်သလဲဆိုတာ မသိပါ။ စိတ်ပညာဆိုင်ရာ အရတော့ ရှိချင် ရှိနိုင်ပါသည်။ သေချာမသိသေးသော၊ သိချင်သော၊ တွေးမိ၊ စဉ်းစားမိသော အကြောင်းအရာလေး သက်သက်မျှသာ ဖြစ်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 22, 2008

ရုပ်စုံကျောင်းလေး

စစ်ကိုင်းတောင်ရိုး အရိယာဝံသချောင်ရှိ ရုပ်စုံကျောင်းလေး

ရုပ်စုံကျောင်းလေးသည် စစ်ကိုင်းတောင်ရိုး တောင်ဆင်းလမ်းဘေးရှိ အရိယာဝံသချောင်တွင် တည်ရှိပါသည်။ ဒီကျောင်းလေးသည် ရှေးအရင်ကတည်းကတိုင် တည်ရှိနေသော်လည်း ပျက်စီးခြင်း၊ မြင်သာ ထင်သာသော နေရာတွင် မရှိခြင်းတို့ကြောင့် လူသိနည်းပါးပါသည်။ ယခု အခါ ဒီကျောင်းလေးကို ပြန်လည်ပြုပြင်ပြီးသည့်အပြင် မြင်သာအောင်လည်း သစ်ပင် ချုံနွယ်များကို ရှင်းလင်းထားပါသည်။


မြန်မာပြည်တွင် ရုပ်စုံကျောင်းများ ရှိကြပါသည်။ ကျွန်တော်သိသော ရုပ်စုံကျောင်းမှာ စလေ ရုပ်စုံကျောင်း၊ မန္တလေးမြို့ ၆၂ လမ်းရှိ အတုမရှိ ရုပ်စုံကျောင်း၊ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ရှိ ရုပ်စုံကျောင်း နှင့် ယခု ရုပ်စုံကျောင်းလေးတို့ ဖြစ်ပါသည်။ ကျန်ရှိနေသေးရင်လည်း ပြောကြားပေးကြပါလို့ တောင်းဆို အပ်ပါသည်။ မြန်မာတို့ရဲ့ ရှေးလက်ယာ ရုပ်စုံကျောင်းလေးကို လာရောက်ကြည့်ရူ့ လေ့လာနိုင်ကြပါစေခင်ဗျာ။ ရုပ်စုံကျောင်းလေးရဲ့ ပုံလေးများကို အောက်တွင် Scroll Box ဖြင့်ဖေါ်ပြပေးထားပါသည်။



ပုံ(၁)

ပုံ(၂)

ပုံ(၃)

ပုံ(၄)

ပုံ(၅)

ပုံ(၆)

ပုံ(၇)

ပုံ(၈)

ပုံ(၉)

ပုံ(၁၀)

ပုံ(၁၁)

ပုံ(၁၂)

ပုံ(၁၃)

ပုံ(၁၄)

ပုံ(၁၅)

ပုံ(၁၆)

ပုံ(၁၇)

ပုံ(၁၈)

ပုံ(၁၉)

ပုံ(၂၀)

ပုံ(၂၁)

ပုံ(၂၂)



Read More...(ဆက်လက်ဖတ်ရန်)

March 15, 2008

ကဗျာ (၁၆)

တိတ်တခိုး (new version)

လေအသွဲ့ မှာ ယိမ်းနွဲ့ လို့ 
တိမ်းလိုက်တဲ့ သူ့ ဟန်ရယ်
မွေးရနံ့ တွေ သင်းပျံလို့ 
လန်းဆန်းလှတယ်။

မခို့ တရို့  သူ့ ဟန်ရယ်
နမ်းလုမိ ကိုယ့်မှာကွယ်
ထွေးထားတယ် မောင့်အိမ်မက်မယ်
အသဲထဲ ငြိစွဲ ။

ရှက်ပြုံးတုံ့  ခေါင်းငုံ့ စွာ
တုန့်ပြန်တဲ့ လှယမင်းရယ်
တိုးလို့ တာ ချစ်မိပါတယ်
ပျော်မ၀ ရင်ထဲ။

လှမ်းလိုက်မယ် တပွေ့ ပိုက်ရယ် လို့ 
ကြိုလိုက်မယ် ချစ်သဲရယ်
မမှီပါ အမြင့်ပန်းကိုလှ
အားငယ်စွာ ငေးမှိုင်ဆွေးတယ်
ရင်ထဲနာဆဲ။

ဒီကဗျာလေးကို ကိုဂျေ မှ တိတ်တခိုးကဗျာလေး ဖတ်ပြီး Comment မှာ Version ပြောင်း၍ အမှတ်တရ ရေးသားထားခဲ့ခြင်း ဖြစ်ပါတယ်။ ရေးသားချိန် (၁၅)မိနစ်ပဲကြာပါသတဲ့ ခင်ဗျာ။ နောက်ဘာမှ Edit မလုပ်တော့ပဲ ဒီအတိုင်းလေးပဲ ထားလိုက်တော့ခြင်း ဖြစ်ပါတယ်။

Read More...(ဆက်လက်ဖတ်ရန်)

ဟာသ(၃)

အထီးအမခွဲခြားနည်း

“မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ” ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
“ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။”
“အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ”

Read More...(ဆက်လက်ဖတ်ရန်)

March 13, 2008

ဇနီးမောင်နှံများ

စကားများရန်ဖြစ်ကြသည့် ဇနီးမောင်နှံများ ရိုးမြေကျအောင် ပေါင်းသင်းကြရဆို

ဇနီးမောင်နှံများ အားလုံးစကားများ ရန်ဖြစ်ကြသည်မှာ အဆန်း တကြယ် မဟုတ်ပေ။ အချို့ ဇနီးမောင်နှံများဆိုလျှင် မကြာခဏ စကားများ ရန်ဖြစ်တတ်ကြသည်။ သို့သော်လည်း ဇနီးမောင်နှံ အများအပြားမှာ ပို၍စကားများ ရန်ဖြစ်ကြလေလေ ပို၍ရိုးမြေကျအောင် ပေါင်းသင်ကြလေလေ ဖြစ်ကြရာ ဘဝ တစ်သက်တာ ပေါင်းသင်းကြသော ဇနီးမောင်နှံများကို လေ့လာရန်မှာ အံ့သြစရာဖြစ်ဖွယ်ရှိသည်။

ဒေါသကို ချုပ်တည်းမျိုသိပ်ကြသော ဇနီးမောင်နှံများ၏ သေဆုံးနှုန်းသည် အိမ်ထောင်ဖက် တစ်ဦးထက်မနည်း သေဆုံးနှုန်းထက် နှစ်ဆမျှဖြစ်သည်ကို အမေရိကန်ပြည်ထောင်စု၌ ဇနီးမောင်နှံစုံတွဲ ၁၉၂ တွဲကို ၁၇ နှစ်ကြာလေ့လာ သိရှိခဲ့ရသည်ဟု ဆိုသည်။
အဓိကမှာ အချင်းများကြသည့်အခါ ထိုအချင်းများမှုကို မည်သို့ ဖြေရှင်းမည်ဆိုခြင်းဖြစ်သည်ဟု မီချီကန်တက္ကသိုလ် သုတေသန အဖွဲ့ခေါင်းဆောင် အန်းနက်စဟာဘာဂ်က ပြောဆိုသည်။ ဒေါသဖြစ်သည့်အခါ မျိုသိပ်မထားဘဲ ပေါက်ကွဲ ထွက်လိုက်ခြင်းသည် ကျန်းမားရေး အတွက်ကောင်းကြောင်းကို ထပ်မံလေ့လာ တွေ့ရှိခဲ့သည်ဟု သိရသည်။ ဒေါသကို ဖော်ထုတ်လိုက်သူ တစ်ဦးချင်းသည် အခြေအနေတစ်ရပ်အပေါ် ထိန်းချုပ်နိုင်သည့်အပြင် အခြေအနေကို အကောင်းရှုမြင် သုံးသပ်နိုင်သည်ဟု ဆိုသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 12, 2008

ဖြန့်ထွက်တွေးခြင်း

ကြားဖူးသော ပုံပြင်လေးတပုဒ်ရှိပါသည်။ မိန်းမလှလေးနှင့် ငွေချေးသူ ရဟူဒီ အဘိုးကြီး တစ်ယောက်အကြောင်းဖြစ်သည်။ မိန်းမလှလေး၏ အဖေမှာ ကုန်သည်တယောက် ဖြစ်သည်။ အဘိုးကြီးဆီမှ ငွေချေး၍ ကုန်ကူးရာ ကုန်ရှုံးပြီး၊ ချေးငွေ မဆပ်နိုင်။ ရဟူဒီကြီးက မိန်းမလှလေးကို အကြွေးနှင့် သိမ်းချင်၍ ဥာဏ်ဆင်ပုံမှာ ကျောက်ခဲ အဖြူ အမဲ ရွေးချယ်ရမည်။
(၁) ကျောက်ခဲအဖြူရွေးနိုင်လျှင် အကြွေးလျော်မည်၊ ကောင်မလေးကို ဘာမှမလုပ်။
(၂) အမဲရွေးမိလျင် အကြွေးတော့လျော်မည်၊ ကောင်မလေးကတော့ သူ့ကိုယူရမည်။
(၃) ဘယ်ဟာမှ မရွေးဘဲ ခေါင်းမာလျှင်မူ ဖအေကြီးကို တရားစွဲ ထောင်ချမည်။ စသည်ဖြင့်ဖြစ်သည်။

ကောင်မလေးက ကျောက်ခဲရွေးပွဲ လုပ်ရန် သဘောတူလိုက်သည်။ ကျောက်ခဲ ရွေးပွဲမှာ ရဟုဒီကြီး၏ ဥယျာဉ်အတွင်း ကျောက်စရစ်ခင်းထားသော လမ်းပေါ်မှာ ဖြစ်သည်။ ရဟူဒီကြီးက အိတ်တစ်လုံးယူ၍ အလစ်မှာ ကျောက်ခဲ အမဲနှစ်လုံးကို အိတ်ထဲသို့ ထည့်လိုက်ပြီး “ ကဲ-ရွေးပေတော့” ဟု မိန်းမပျိုလေးကို ပြောသည်။ ကောင်မလေးက ရဟူဒီကြီး ကျောက်ခဲ အမဲနှစ်လုံးထည့်လိုက်တာကို မြင်လိုက်သည်။ ကောင်မလေး ဘာလုပ်မလဲ၊ စဉ်းစားကြည့်ပါ၊ သမားရိုးကျ တွေးရိုးတွေးစဉ် အတိုင်း ဆိုလျှင် ကောင်မလေး လွတ်လမ်းမရှိ။
ကောင်မလေး၌ ရွေးစရာ လမ်း (၃) သွယ် ရှိသည်။ (၁) ကျောက်ခဲ မရွေးတော့ ဟု ငြင်းမည်။ (၂) ကောင်မလေး ရဟူဒီကြီး မတရားပုံကို ဖေါ်ထုတ်မည်။ (၃) ကျောက်ခဲအမဲကို သိလျက်ရွေးလိုက်ပြီး ဖအေကြီးကို ကယ်တင်မည်။ ဘယ်လမ်းဖြစ်ဖြစ် မကောင်းပါ။
သာမန်အတွေးက ရွေးချယ်ခြင်း အပေါ်မှာ စဉ်းစားသည်။ ကောင်မလေးကတော့ ရွေးသော ကျောက်ခဲ အပေါ် မစဉ်းစား၊ အခြားတစ်ဘက်မှလှည့်၍ စဉ်းစားလေသည်။ ကျန်ရှိသော ကျောက်ခဲကို စဉ်းစားသည်။ ကောင်မလေးက အိတ်ထဲမှ ကျောက်ခဲကို ယူလိုက်ပြီး ခြေချော်လှဲလိုက်၍ လမ်းပေါ်မှ အခြားကျောက်ခဲများထဲသို့ ရော၍ အသာပစ်ချလိုက်သည်။ ရဟူဒီကြီးက အံ့အားသင့်၍ လက်ထဲမှ ကျောက်ခဲကို မေးသော အခါတွင်မူ “လက်ထဲမှာ ကျောက်ခဲမရှိတော့ဘူး၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ အိတ်ထဲက ကျောက်ခဲကိုကြည့်ပေါ့။ အိတ်ထဲက ကျောက်ခဲက အမဲရောင်ဆိုရင် ကျွန်မရွေးတာ အဖြူပေါ့” ဟုဖြေလိုက်သည်။ လက်ထဲမှ ကျောက်ခဲကို ဗဟိုမပြုဘဲ ကျန်ရစ်မည့်ကျောက်ခဲကို ဦးတည်၍ တွေးသောကြောင့် အဘိုးကြီးလက်မှ လွတ်ရသည်။
မှတ်ချက်။ ။ ဒီပုံပြင်လေးကို ကျွန်တော်ငယ်ငယ်တုန်းက မကွေးမြို့တွင် ဆရာကြီး ဦးအောင်သင်း စာပေဟောပြောပွဲတွင် ပြောကြား၍ ကြားဖူးထားပါသည်။ ဆရာကြီးကလည်း တွေးပုံ၊တွေးနည်းတွေနဲ့ သေချာပြောပြတော့ အရမ်းနှစ်သက် သဘောကျခဲ့ပါသည်။ အခု တခါ ကိုတာရဲ့ ဖြန့်ထွက်တွေးခြင်း စာအုပ်မှာ ပြန်လည် ဖတ်မိသောကြောင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments