“ပလုံ”
ကျုံးရေထဲက ထွက်ပေါ်လာတဲ့
အသံတစ်ခုကြောင့်
အတွေးစတို့ လွင့်ပျောက်ပြယ်ခဲ့ရ....
အတွေးလေးထဲမှာပေါ့
နံနက်ခင်းရောင်ခြည်ဦးကွန်မြူးချိန်
မင်းသားနဲ့မင်းသမီးလေး
အေးမြကြည်လင်တဲ့ကျုံး
ခိုင်မာတဲ့နန်းမြို့ရိုးအတွင်း
သာယာတင့်တယ်တဲ့နန်းတော်ထဲမှာ
ပျော်ရွှင်ကြည်နူးနေကြတယ်...
ဒါပေမယ့်
အခုမြင်တွေ့နေရတာက
အနောက်ကျွန်းသို့ ၀င်ရောက်တော့မယ့်
အရောင်ဖျော့ဖျော့ နေလုံးနီနီကြီးရယ်
ဟောင်းနွမ်းအိုမင်းနေတဲ့ နီကျင့်ကျင့်မြို့ရိုးကြီးရယ်
ဝဲဂယက်လှိုင်းလေးတွေထနေတဲ့
ကျုံးရေပြင်ကြီးနဲ့
တို့တစ်ယောက်တည်းပါ....
ဒါနဲ့ပဲ
မန္တလေးတောင်ကြီးကို မော့ကြည့်
ဘုရားကို ကြည်ညိုရင်း
ဆုတောင်းမိတယ်
- - - - ပြည့်ရပါစေသား
ဒီအချိန်မှာပဲ
ကျုံးရေထဲက အသံကြားလိုက်တယ်
“ပလုံ”
August 19, 2007
စိတ်ကူးသက်သက်
Posted by Villager at 3:57:00 PM 0 comments
August 11, 2007
လူတွေဟာ စဉ်းစားဥာဏ်ရှိခြင်း၊ မရှိခြင်း
”သက်ရှိဟူသမျှမှာ အတ္တ ၀ိညာဉ်ဆိုတာ ရှိတယ်။ အပင်သက်ရှိတွေမှာရှိတဲ့ အတ္တ၀ိညာဉ်ကတော့ အနိမ့်အကျဆုံးဖြစ်တယ်။ ဒါထက် အဆင့်မြင့်တဲ့ အတ္တ၀ိညာဉ်ကတော့ တိရစ္ဆာန်မှာရှိတယ်။ လူမှာ ရှိတဲ့ အတ္တ၀ိညာဉ်ကတော့ အမြင့်မြတ်ဆုံးပဲတဲ့။ လူရဲ့ အတ္တ၀ိညာဉ်မှာ ပညတ် Concepts တွေကို အသုံးပြုပြီးစဉ်းစားနိုင်၊ ဆင်ခြင်နိုင်တဲ့ စွမ်းရည် တည်ရှိတယ်။ ဒီလို စဉ်းစားဆင်ခြင်နိုင်တဲ့ စွမ်းရည်ရှိခြင်းကြောင့် လူသတ္တ၀ါဟာ တခြား သက်ရှိတွေမှာ ရှိတဲ့ အတ္တ၀ိညာဉ်တွေနဲ့ ခြားနားသွားခြင်းဖြစ်တယ်။ တစ်နည်းပြောရရင် လူဟာလောက ဓမ္မ သဘာဝတွေကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ထွင်းဖောက် သိမြင်နိုင်တဲ့ သတ္တ၀ါဖြစ်ခြင်းကြောင့် လူဟာ သတ္တလောကမှာ အမြင့်မြတ်ဆုံးသူ ဖြစ်တယ်။“
အာရစ္စတိုတယ်(ဂရိတွေးခေါ်ပညာရှင်)
”လူဟာဆင်ခြင်ဥာဏ်ရှိတဲ့ သတ္တ၀ါ ... လို့ ပြောကြတယ်။ ဒီအဆို မှန်ကန်ရဲ့လားလို့ သက်သေ အထောက်အထားတွေ ရှာကြည့်ခဲ့ဖူးပါတယ်။ အာရှ၊ ဥရောပ အစရှိတဲ့ တိုက်ကြီးတွေပေါ်က နိုင်ငံအများအပြားမှာ လည်း ရှာဖွေကြည့်တယ်။ ဒါပေမယ့် လူ့ လောကကြီးဟာ မိုက်မဲ ရူးသွပ်ခြင်းဆီ ကိုပဲ အဟုန်ပြင်းစွာနဲ့ ရွေ့ ရှားနေတာကိုပဲ တွေ့နေရတယ်။ ရက်စက်ခြင်းတွေ၊ နိုင်လိုမင်းထက်ပြုခြင်းတွေ၊ အယူသီးစွာနဲ့ ပြုမူနေခြင်းတွေ တိုးသည်ထက်တိုးလာတာကိုပဲ တွေ့နေရတယ်။ လူ့ရဲ့ အသိဥာဏ် ဆင်ခြင်ဥာဏ်ဟာ အစွဲ ဥပါဒါန်တွေရဲ့ ဖုံးလွှမ်းခြင်းကို ခံနေရတယ်။“
ဘာထရန်ရပ်ဆယ်(ဒသနဆရာကြီး)
လူတွေဟာ စဉ်းစားဥာဏ်ရှိခြင်း၊ မရှိခြင်းအပေါ် ဆရာကြီးတွေရဲ့အမြင်ပါ။ စာရူ့ သူရဲ့ အမြင်လေးတွေ ရှိရင်လည်းပြောပြနိုင်ပါတယ်။
Posted by Villager at 3:52:00 PM 2 comments
August 10, 2007
ကျွန်တော်နှင့်သူငယ်ချင်းများ (၂)
ကျွန်တော့် သူငယ်ချင်းတွေထဲက ကိုဦး ဆိုတဲ့ သူငယ်ချင်း တစ်ယောက် အကြောင်းကို ပြောပြပါဦးမယ်။ သူက အရပ်နဲနဲပုပု၊ ခတ်၀၀ လေးပေါ့ဗျာ။ ရုပ်ရည်ကတော့ သန့်တယ်ဗျ။ သူက စကားပြောရင် ဟန်ပန်နဲ့ ဆရာကြီး ပုံစံလေး ပြောဆိုတတ်ပါတယ်။ သူကို မေးရင် တန်းမဖြေဘူး မေးသူကို မေးခွန်းလေးတွေ ပြန်မေးပြီးမှ သူများမေးတာကို ပြန်ဖြေဆို တတ်တဲ့ အကျင့်လေး ရှိပါတယ်။ သူငယ်ချင်းတွေက လမ်းမှာတွေ့ လို့ ” ဘယ်သွားမှာလဲ ” လို့မေးရင် သူက “ ဘယ်သွားမယ် ထင်လဲ၊ မင်းကကော ဘယ်သွားမှာလဲ၊ ဘယ်က လာတာလဲ၊ ဘာသွားလုပ်မှာလဲ ” ဆိုပြီးတော့ ပြန်မေးလေ့ ရှိပါတယ်။ အဲဒီလို မေးပြီးမှ သူဘယ်သွားမယ် ဆိုတာကို ပြန်ဖြေပါတယ်။
ကျွန်တော်တို့ ကိုစာသင်တဲ့ ဆရာမ တစ်ယောက်က စာသင်ရင် သေသေချာချာ သင်ပြီး၊ ဂရုတစိုက် နားထောင်မှ ကြိုက်တယ်။ ပြီးကျရင် ကျောင်းသား တွေကို စာမေးလေ့ ရှိပါတယ်။ တစ်နေ့မှာတော့ ဆရာမက စာသင်ပြီး ကျောင်းသားတွေကို ခဏ စာကြည့်ခိုင်းပါတယ်။ ပြီးကျတော့ ကျောင်းသား တစ်ယောက်ချင်းစီ စာမေးပါတယ်။ ဆရာမက သူလိုချင်တဲ့ အဖြေမရသေးတဲ့ ကျောင်းသားတွေကို မတ်တတ်ရပ် ခိုင်းပါတယ်။ ကျောင်းသား တွေသာ ကုန်သွားတာ ဆရာမ လိုချင်တဲ့ အဖြေက ရမလားဘူး။ ဒါကြောင့် ကျောင်းသားတွေ အားလုံး မတ်တတ်ရပ် နေရတာပေါ့ အဲ တစ်ယောက်ကတော့ ထိုင်လျက်ပဲဗျ သူက ကိုဦးလေ၊ ဆရာမက တစ်ယောက်ထဲ ထိုင်လျက်ရှိနေသူ ကိုဦး ကိုကြည့်ပြီး “သူ့ကိုတော့ မမေးရဲတော့ဘူး၊ ငါ့ကမေးတာ နဲနဲရယ် သူက အများကြီးပြန်မေးနေလိမ့်မယ်” ဆိုပြီး သူကိုယ်တိုင်ပဲ စာရှင်း ပြပါတော့တယ်။ ဆရာမကတောင် စာမမေးရဲတဲ့ ကိုဦးပါဗျာ။ ဒါပေမယ့် ကိုဦးက သဘော ကောင်းပါတယ်ဗျာ၊ အကြောင်းသိရင် အရမ်းခင်ဖို့ ကောင်းပါတယ်။
Posted by Villager at 11:56:00 AM 0 comments
Labels: villager, ကျွန်တော်နှင့်သူငယ်ချင်းများ
August 9, 2007
”အဆွေးများ”
ကွဲအက်အသည်း
အလွမ်းနည်းဖို့
ဂီတာတစ်လက်
ဝိုင်တစ်ခွက်နဲ့
ဖြေဖြောက်သော်ညား
လျော့မသွားခဲ့ ။
နှစ်သိမ့်စကား
ကြားဖန်များလည်း
တိုးပွားအသစ်
မေတ္တာစစ်ဖြင့်
အဆွေးများစွာ
ရှိနေမည်သာ ။
Posted by Villager at 8:51:00 AM 0 comments
August 7, 2007
သူတော်ကောင်း၊ သူယုတ်မာ
သူတော်ကောင်း အင်္ဂါသုံးပါး
(၁) သူတော်ကောင်းဟာ ကုသိုလ်ဖြစ်ကြောင်း ကောင်းမှုကိုသာ ကြံစည်တယ်၊
(၂) စကားပြောတဲ့အခါမှာလည်း အပြစ်ကင်းတဲ့စကား၊ ကုသိုလ်ဖြစ်ကြောင်း ကောင်းတဲ့စကာားကိုသာပြောဆိုတတ်တယ်၊
(၃) အလုပ်လုပ်တဲ့အခါမှာလည်း ကုသိုလ်ဖြစ်ကြောင်း ကောင်းမှုကိုသာ လုပ်တယ်။
သူယုတ်မာ အင်္ဂါသုံးပါး
(၁) သူယုတ်မာဟာ အကုသိုလ်ဖြစ်ကြောင်း မကောင်းမှုကိုသာ ကြံစည်တယ်၊
(၂) စကားပြောတဲ့အခါမှာလည်း အပြစ်မကင်းတဲ့စကား၊ အကုသိုလ်ဖြစ်ကြောင်း မကောင်းတဲ့စကာားကိုသာပြောဆိုတတ်တယ်၊
(၃) အလုပ်လုပ်တဲ့အခါမှာလည်း အကုသိုလ်ဖြစ်ကြောင်း မကောင်းတဲ့အလုပ်၊ အပြစ်မကင်းတဲ့ အလုပ်ကို လုပ်တယ်။
သူတော်ကောင်းလက္ခဏာလေးပါး
(၁) ပညာရှိသူတော်ကောင်းတွေဟာ သူတစ်ပါးအပြစ်ကို ဘယ်တော့မှ မပြောဘူး၊ တစ်စုံတစ်ယောင်က မေးရင်တောင် သိပ်မပြောဘူး၊ နည်းနည်းပါးပါးပဲ ပြောတယ်။
(၂) မိမိအပြစ်ကို ဘယ်သူကမှ မမေးတာတောင် ပြောသင့်ရင် ပြောတယ်၊ မေးတဲ့လူ ရှိရင်တော့ မိမိအပြစ်ကို ပြည့်ပြည့်စုံစုံ ၀န်ခံပြီးပြောတတ်တယ်။
(၃) သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဖို့ရာဝန်မလေးဘူး၊ ဘယ်သူမှ မမေးလည်း ပြောတယ်။ မေးရင်တော့ပြည့်ပြည့်စုံစုံပြောပြတယ်။
(၄) မိမိရဲ့ ဂုဏ်ကျေးဇူးကို မပြောလိုဘူး၊ လျှို့ ၀ှက်သိုသိပ်တတ်တယ်၊ သူများမေး လာရင်တောင် အနည်းအကျဉ်းသာ ပြောတယ်။
သူယုတ်မာ လက္ခဏာလေးပါး
(၁) သူယုတ်မာတို့မည်သည် သူတစ်ပါးရဲ့ အပြစ်ကို ဘယ်သူကမှ မမေးဘဲလည်း ပြောတယ်၊ မေးရင်တော့ ဒီထက်ပိုပြီး ပုံကြီးချဲ့ ပြီး ပြောတတ်တယ်။
(၂) ကိုယ့်အပြစ်ကိုကျတော့ တတ်နိုင်သလောက် ဖုံးထားတတ်တယ်၊ မေးရင်တောင်မှ အနည်းငယ်လောက်သာ မပြောမဖြစ်လို့ ပြောတယ်။
(၃) သူများရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုဖို့ကျတော့ အလွန်ဝန်လေးတယ်၊ မေးသူမရှိရင် မပြောဘူး၊ မေးသူရှိမှ မပြောရင်မကောင်းတတ်လို့ အနည်းအကျဉ်းပဲ ပြောတယ်။
(၄) ကိုယ့်ဂုဏ်ကိုကျတော့ မမေးဘဲနဲ့ပြောဆိုချင်ကြတယ်၊ မေးတဲ့သူရှိရင်တော့ ပိုပိုလိုလို ပြောဆိုတတ်တယ်။
ပညာရှိသူတော်ကောင်းရဲ့ အရည်အချင်းများ
- ရတနာသုံးပါးနဲ့ ကံတရားကို ယုံကြည်တဲ့ (သဒ္ဒါ) တရားနဲ့ပြည့်စုံတယ်။
- ကုသိုလ်ကောင်းမှုတို့ကို မမေ့တဲ့(သတိ) နဲ့ ပြည့်စုံတယ်။
- မကောင်းမှုကိုပြုရမှာ သိပ်ရှက်တယ်(ဟီရိ)၊ မကောင်းမှုကို ပြုရမှာကိုလည်း သိပ်ကြောက်တယ်(သြတ္တပ္ပ)။
- အပြစ်ကင်းတဲ့ အကြားအမြင်(သုတ) နှင့်လည်း ပြည့်စုံတယ်။
- ကုသိုလ်ကောင်းမှုအတွက် အားထုတ်တဲ့ (၀ီရိယ) လည်းရှိတယ်။
- ရုပ်နာမ် ဓမ္မတို့ရဲ့ ဖြစ်ပျက်ကို သိမြင်တဲ့ (ပညာ) လည်းရှိတယ်။
Posted by Villager at 9:14:00 PM 1 comments
ကျွန်တော်နှင့်သူငယ်ချင်းများ (၁)
ဦးနှောက်ကို format ချချင်သူ
. . .ကွန်ပျူတာ third year တုန်းက အတန်းထဲမှာ ယောင်္ကျားလေး ကိုးယောက်ရှိပါတယ်။ သူငယ်ချင်းတွေက တစ်ယောက်တမျိုးစီ ထူးခြားတဲ့ အဖြစ်အပျက်လေးတွေ ကိုယ်စီရှိကြပါတယ်။ အဲဒီသူငယ်ချင်းတွေထဲက မောင်မောင် ဆိုတဲ့ သူငယ်ချင်းရဲ့ တကယ်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို အရင်ဆုံး ပြောပြချင်ပါတယ်။ သူက အဝေးသင် နဲ့ ကွန်ပျူတာ ကျောင်းနှစ်ကျောင်းမှာ third year ကို တပြိုင်နက် တက်နေတယ်။ စာမေးပွဲဖြေခါနီး time table ထွက်လာတော့ အဝေးသင်ကစောပြီး ကွန်ပျူတာက လေးရက်လောက် နောက်ကျတယ်။ အဝေးသင်က အရင်ဖြေရမှာဆိုတော့ အဝေးသင်က စာတွေကို အရင်အရကျက်ပြီး ကွန်ပျူတာကစာတွေကို အနည်းအကျဉ်းသာကျက်နေတယ်။ ဒီလိုနဲ့ အဝေးသင်စာမေးပွဲကို အောင်မြင်စွာဖြေနိုင်သွားပါတယ်။ အဝေးသင် စာမေးပွဲပြီးနောက်နေ့ မနက်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စာစုကျက်တဲ့ဆီကို ရောက်လာပြီး သူအရမ်းစိတ်ညစ်ကြောင်း ညက စာတွေ (ကွန်ပျူတာကစာ) ကျက်လို့မရကြောင်း ပြောပါတယ်။ ဘာဖြစ်လို့လဲမေးကြတော့ “ငါ့ဦးနှောက်ထဲမှာ ပြည့်နေပြီထင်တယ် delete လုပ်ဖို့လိုမလားမသိဘူး နောက်ကျက်တဲ့စာတွေ ခေါင်းထဲမ၀င်တော့ဘူး အရင်ကျက်ထားတဲ့စာတွေပဲ ပြန်ရနေတယ်” လို့ပြောပြီးပြန်သွားတယ်။ ညနေကြတော့ သူ ပြုံးဖြီးဖြီးနဲ့ ထပ်ရောက်လာတယ်။ ဘယ်ကလှည့်လာလဲ မေးတော့ စိတ်ရောဂါအထူးကုဆေးခန်းကပြန်လာတာ တဲ့ နောက်ပြီး ဆရာဝန်နဲ့တွေ့ခဲ့ပုံလေးကို ပြောပြပါတယ်။ သူဆေးခန်းရောက်တော့ ဆရာဝန်က ”ဘာလိုဖြစ်တာလဲ ဘယ်သူလဲ” မေးတော့ သူက ”ကျွန်တော်ဖြစ်တာပါ စာကျက်လို့မရလို့ပါ၊ အရင်တုန်းက ကျက်ထားတဲ့ စာတွေပဲ ခေါင်းထဲမှာ ရှိနေပြီး နောက်ထပ် ထပ်ထည့်လို့ မရတော့လို့ပါ၊ ခေါင်းတွေလဲပူနေတယ်၊ စိတ်ရောဂါများဖြစ်နေပြီလားလို့ပါဆရာ” လို့ ပြန်ဖြေတယ်။ ဒါနဲ့ဆရာဝန်က ” ကိုကိုယ်ကို စိတ်ရောဂါရှိတယ်ထင်ပြီး ဆေးခန်းလာပြနိုင်သေးရင် မင်းမရူးသေးပါဘူး၊ အိပ်ရေးပျက် ပင်ပန်းပြီး အားနည်းသွားလို့ပါ၊ စိတ်အေးအေး ထားပြီး အနားယူပါ” လို့ ပြောပြီး သောက်ဖို့ ဆေးတွေပေးလိုက်တယ်။ သူငယ်ချင်းတွေကို သူအိမ်ပြန်ခါနီးမှာ ”တော်သေးတယ်ကွ ငါ့ဦးနှောက်ကို format ချမိတော့မလို့” ဆိုပြီးပြောသွားတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေက သူ့ကိုနာမည်အသစ်ပေးလိုက်ကြတယ် ”ဦးနှောက်ကို format ချချင်သူ” လို့ - - - - -
Posted by Villager at 4:23:00 PM 0 comments
Labels: villager, ကျွန်တော်နှင့်သူငယ်ချင်းများ
August 5, 2007
သူတော်ကောင်းလက္ခဏာ (၁၂) ပါး
- စိတ်ထားရှည်စွာ။
- မ၀ါကြွားခြင်း။
- မပြင်းဒေါသ။
- မာနမထူး။
- ကျေးဇူးသိမြင်။
- ဂုဏ်လျှင်မပြိုင်။
- ပြည့်လှိုင်တင်နိုး ကိုယ်ကျိုးကိုသာမရှာပေလင့်။
- သူ့မပြစ်ကို မှတ်ဆစ်မထား။
- သူတစ်ပါး၌ စကားပြစ်တင်မဆိုကြဉ်ရှောင်။
- မကောင်းမှု၌ မကြိုက်မရွှင်။
- ကောင်းမှုမြင်သော်ကြည် ရွှင်ဝမ်းသာ။
- သည်းခံမှာလည်း များစွာရှိသော်။
လူသူတော်ဟု အံ့သြသိမြင် မှတ်တုံကျင့်လော့
ဒေါက်တာ ဦးကောဝိဒါစာရ
Posted by Villager at 10:41:00 AM 0 comments
