November 3, 2007

ပညာရှိနှင့်လူမိုက်

အသေဝနာ စ ဗလာနံ၊ ကဏ္ဍိတာနဉ္စသေ၀နာ

လူမိုက်ကိုရှောင်ကြဉ်ခြင်း၊ ပညာရှိကိုပေါင်းသင်းခြင်း မင်္ဂလာ

လူမိုက်လက္ခဏာ (၃) ပါး

၁။ ဒုစ္စိန္တိတစိန္တီ = မကောင်းသော အကြံ အစည်ကိုသာ ကြံစည်လေ့ ရှိခြင်း။

၂။ ဒု ဗ္ဘာသိတဘာသီ = မကောင်းသော စကားကိုသာ ပြောဆိုလေ့ ရှိခြင်း။

၃။ ဒုက္ကဋကမ္မကာရီ = မကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။

ပညာရှိ သူတော်ကောင်း လက္ခဏာ (၃) ပါး

၁။ သုစိန္တိတစိန္တီ = ကောင်းသော အကြံအစည်ကို ကြံစည်လေ့ ရှိခြင်း။

၂။ သုဘာသိတ ဘာသီ = ကောင်းသော စကားကိုသာ ပြောလေ့ ရှိခြင်း။

၃။ သုကတ ကမ္မကာရီ = ကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။

(ဥပရိ ပဏ္ဏာသ၊ စာ ၂၀၁-၂၀၈၊ စာပိုဒ် ၂၄၆)


ဒုစရိုက် (၁၀) ပါး
ကာမ ဒုစရိုက် (၃) ပါး

(၁) သတ္တဝါ၏ အသက်ကိုသတ်ခြင်း။

(၂) သူတစ်ပါး ပစ္စည်းကို မတရားယူခြင်း။

(၃) ကာမ ဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။


ဝစီ ဒုစရိုက် (၄) ပါး

(၁) လိမ်ပြောခြင်း = မုသာဝါဒ

(၂) ကုန်းတိုက်ခြင်း = ပိသုဏ၀ါစာ

(၃) ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း = ဖရုသ၀ါစာ

(၄) အကျိုးမရှိ အနှစ်မရှိသော စကားကို ပြောခြင်း = သမ္ဖပ္ပလာပ၀ါစာ


မနော ဒုစရိုက် (၃) ပါး

(၁) သူတစ်ပါး ပစ္စည်းကို ရလိုသမှု ရှေ့ရှုကြံစည်စိတ် = အဘိဇ္ဈာ

(၂) သူတစ်ပါးကို ဖျက်ဆီးလိုစိတ် = ဗျာပါဒ

(၃) မှားယွင်းသော အယူဝါဒကို ယုံကြည်ကိုးကွယ်ခြင်း


သုစရိုက် (၁၀) ပါး

ကာယ သုစရိုက် (၃) ပါး

(၁) သတ္တ၀ါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း

(၂) သူတစ်ပါး၏ ပစ္စည်းကို မတရား ရှောင်ကြဉ်ခြင်း

(၃) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း


ဝစီ သုစရိုက် (၄) ပါး

(၁) မှန်သောစကားကိုပြောဆိုခြင်း = သစ္စ၀ါစာ

(၂) သူနှစ်ဦး တို့ကိုချစ်ခင် ညီညွတ်စေသော အစေ့အစပ် စကားကိုပြောဆိုခြင်း = အပိသုဏာဝါစာ

(၃) နူးညံ့ချိုသာ သာယာပြေပြစ်သော စကားကို ပြောဆိုခြင်း = သဏှဝါစာ

(၄) အကျိုးရှိ၍ အနှစ်ပြည့်သော စကားကိုသာ ပညာဖြင့် ချင့်ချိန်ပြောဆိုခြင်း = မန္တ၀ါစာ

မနော သုစရိုက် (၃) ပါး

(၁) သူတစ်ပါး၏ ပစ္စည်းကိုရယူလိုစိတ်မရှိခြင်း = အနဘိဇ္ဈာ

(၂) သူတစ်ပါး ကို ဖျက်ဆီးလိုစိတ် မရှိခြင်း = အဗျာပါဒ

(၃) မှန်သောဘာသာ အယူဝါဒကိုယုံကြည် ကိုးကွယ်ခြင်း = သမ္မာဒိဋ္ဌိ

ဆောင်။ ။ သက်တတ်ခိုးမှု၊ ကာမေသု၊ သုံးခုကာယကံ။

မုသား ကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ်မပါ၊ ပြောဆိုတာ၊ လေးဖြာ ၀စီကံ။

သူပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ကြံစည်၊ စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။

ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး သုစရိုက်ကံ။

ဒုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ ပါယ်လေးတန်။

သုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ နတ်နိဗ္ဗာန်။

သတ္တိဂုမ္ဗ ဇာတ်

ဤအရာ၌ ဓားပြလူမိုက်တို့နှင့် ပေါင်းမိ၍ ကျေးမိုက် ဖြစ်ရသော သတ္တိဂုမကျေးနှင့် သူတော်ကောင်းနှင့် ပေါင်းမိ၍ ကျေးလိမ္မာ ဖြစ်ရသော ပုပ္ဖသူဝ ကျေး တို့ကို နှိုင်းယှဉ်ကြည့်သင့်ပါသည်။

ရှေးအခါက ပဉ္စာလ တိုင်းမှ ပဉ္စာလဘုရင်ကြီးသည် တောကစားထွက်ရာမှ ခရီးလွန်ကာ ရွာတစ်ရွာသို့ ရောက်သွား၏။ ရွာတံခါးကို ၀င်မိလျင် “ ဒီ ဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ” စသော ရက်စက် ကြမ်းကြုတ် လှသည့် အသံကို ကြားရ၍ အသံလာရာသို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင် အော်ဟစ် ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။

ထိုရွာသည် ဓားပြရွာဖြစ်၍ ကျေးသားသည်လည်း ဓားပြများနှင့် အတူ အနေကြာလာသဖြင့် ရက်စက် ကြမ်းကြုတ်သော စိတ်ဆိုးစိတ်ယှတ်များ ၀င်နေသည့် သတ္တိဂုမကျေးမိုက်ဖြစ်၏။ ဘုရင်ကြီးသည် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာသဖြင့် ချက်ချင်းပင် ရထားထိန်းကို ရထားကစေကာ ထိုနေရာမှ ထွက်ခွာ လာရာ မကြာမီပင် ရသေ့ကျောင်းတစ်ကျောင်းသို့ ရောက်သွား၏။ ရောက်လျှင် ရောက်ချင်းပင် “ အရှင်မင်းကြီး ကြွတော်မူပါ၊ ထိုင်တော်မူပါ၊ စမ်းရေအေးအေး သောက်တော်မူပါ၊ ချိုမြိန်သော သစ်သီးများကိုလည်း သုံးဆောင်တော်မူပါ၊ ရှင်ရသေ့များ သစ်သီးရှာ သွားနေခိုက် ဖြစ်လို့ အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည့်သူမရှိ၍ စိတ်မကောင်းပါ၊ အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင်ဧည့်ဝတ် မပြုနိုင်ဘဲ ဖြစ်နေပါသည်၊ အရှင်မင်းကြီး ကိုယ်တိုင်သာ အလိုရှိသလို သုံးဆောင်တော်မူပါတော့” စသော သာယာချေငံသည့် ဧည့်ခံစကားကိုကြားရ၍ အသံလာရာ သို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင်ကိုပင် တွေ့ရပြန်သည်။

ကျေးသား၏ သာယာချေငံလှသော ဧည့်ခံစကားကြောင့် မင်းကြီး၏ ပင်ပန်းနွမ်းနယ်မှုတို့သည် တစ်မုဟုတ်ချင်း ပျောက်ငြိမ်း သွားကြကာ ကြည်သာရွှင်လန်း အပန်းပြေ သွားတော့၏။

ဤကျေးသားကား ရသေ့ သူတော်စင်များနှင့် အနေကြာသဖြင့် သူတော်ကောင်းဓါတ် အရှိန်ဟပ်၍ သူမြတ်စိတ်ဝင်ကာယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝ ကျေးလိမ္မာဖြစ်၏။

မင်းကြီးက ယခင်တွေ့ခဲ့သော ကျေးသားနှင့် ယခုကျေးသား တို့ ကွားခြားပုံကို ပြောပြရာ ကျေးသားနှစ်ကောင်မှာ တစ်အူထုံ့ဆင်း ညီရင်း အစ်ကိုများ ဖြစ်ကြကြောင်း၊ လေပြင်း တိုက်သဖြင့် အသိုက်မှ လွင့်ကာ တကွဲ တပြားစီ ကျရာတွင် ယခင်ကျေးသားက ဓားပြများထံ ရောက်သွား၍ ယခုကျေးသားက ရသေ့ တို့ထံ ရောက်လာခြင်းဖြစ်ကြောင်း ပုပ္ဖသူဝကျေးလိမ္မာရှင်းပြသဖြင့် မင်းကြီးသိရ၏။

ထို့နောက် ကျေးလိမ္မာက နီတိစကားဆက်လက်ပြောကြားပြန်၏။

“အရှင်မင်းကြီး၊ ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်လျှင် သမန်းမြက်ပါ အပုပ်နံ့ နံပါသည်။ ထို့အတူပင် သူမိုက်နှင့်ပေါင်းသင်းလျှင် မိုက်စိတ်ဝင်ကာ သူမိုက်သာဖြစ်ရပါသည်။”

ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယောနရော ဥပနယှတိ။
ကုသာပိပူတီ ၀ါယန္တိ၊ ဧ၀ံ ဗာလူပ သေ၀နာ။

“အရှင်မင်းကြီး၊ တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်ပါ ပန်းရနံ့ မွှေးကြိုင်ပါသည်။ ထို့အတူ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းလျှင် သူတော်စိတ်ဓါတ် အရှိန်ဟပ်ကာ သူတော်သူမြတ်ပင် ဖြစ်ရပါသည်။”

တဂရဉ္စ ပလာသေန၊ ယောနရော ဥပနယှတိ။
ပတ္တာပိသုရဘိ ၀ါယန္တိ၊ ဧ၀ံ ဓီရူပသေ၀နာ။

ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းရ၍ အသိအလိမ္မာ ကြွယ်ဝလှသော ကျေးလိမ္မာ၏ နီတိစကားကို ပီတိပွားလျက် မင်းကြီး မှတ်သားလိုက်ရ၏။

(ဇာတက-ဋ္ဌ ၄၊ နှာ-၄၃၂၊ ၀ီသတိနိပါတ်၊ ဇာတ်-၅၀၃၊ သတ္တိဂုမ္ဗဇာတ်)

“ဘေးရန် ဥပဒ် အန္တရာယ် မှန်သမျှသည် ဒုစရိုက်ပြုသူ လူမိုက်ကြောင့်သာ ဖြစ်ပေါ်ကြ၏။ သူတော်ကောင်းကြောင့် မဖြစ်ပေါ်ပေ။”
“ထို့ကြောင့် လူမိုက်ဖြစ်ကြောင်း ဒုစရိုက် တရားတို့ကို ရှောင်ရှား၍ သူတော်ကောင်း ဖြစ်ကြောင်း သုစရိုက် တရားတို့ကို ကျင့်ကြံပွားများ အားထုတ်ကြရာ၏။”

(အဂုင်္တ္တိုရ်၊ ပ၊ နှာ-၉၉၊ စာပိုဒ် -၁၊ တိက၊ ဘယသုတ်)

မှတ်သားရန်။ ။ ကိုယ့်ထက်သာသူ၊ တန်းတူလူ၊ တွေ့မူပေါင်းသင်းလေ။

ထိုသူ နှစ်စား၊ မတွေ့ငြား၊ တစ်ပါးတည်းသာနေ။

လူမိုက်ကိုကား၊ မပေါင်းငြား၊ ရှောင်ရှား ဝေးဝေးနေ။

ပညာမဲ့သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆင်းရဲသည်။

ပညာရှိအား၊ ဆည်းကပ်ငြား၊ ကြီးပွားချမ်းသာသည်။

ဆိုင်ရာ ကိစ္စ၊ ကျ, န မမြင်၊ မကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆုံးရူံးသည်။

ဆိုင်ရာ ကိစ္စ၊ ကျ, န သိမြင်၊ တတ်ကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ကြီးပွားသည်။

(မူလပဏ္ဏာသ၊ ၂၈၆၊ စူဠဂေါပါလကသုတ်)

ဒေ၀ဒတ် ။ ။ လူဆိုးလူမိုက်ကြီး ဒေ၀ဒတ်နှင့် ပေါင်းသင်းမိ၍ အဇာတသတ် ဘုရင်သည် ဖခင်ကိုသတ်မိသဖြင့် ရနိုင်ခွင့်ရှိသည့် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆုံးရူံးရရုံမျှမက အ၀ီစိငရဲ၏ အရံဖြစ်သော ဥဿဒ ငရဲ သို့ပင် ကျရောက်ရ၏။

အဂုၤလိမာလ ။ ။ လူတစ်ထောင်မက သတ်ဖြတ်ခဲ့သော လူဆိုးကြီး အဂုင်္လိမာလသည် မြတ်စွာဘုရား တည်းဟူသော သူတော်သူမြတ်နှင့် တွေ့ဆုံဆည်းကပ်ခွင့်ရ၍ လူဆိုး ဘ၀မှ လွတ်မြောက်ရုံမျှမက အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွား၏။

(ကိုးကား ။ ။ ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာ)

အစ်မခွန်မြလှိုငTag ထားသောကြောင့် ရေးဖြစ်သော ပို့စ်လေးပါ။ အစ်မလိုချင်သလောက်ထိ မရေးနိုင်တာကိုတော့ ခွင့်လွှတ်ပါခင်ဗျာ။

Read More...(ဆက်လက်ဖတ်ရန်)

October 26, 2007

ကွန်ပျူတာ နှလုံးသား

မျက်လုံးများဟာ နှလုံးသားရဲ့ ပြူတင်းပေါက်တဲ့
ဟုတ်ပါရဲ့
ပြူတင်းပေါက်တင် ဘယ်ကမလဲ
မှန်ပြူတင်းပါတပ်ကာဆင်
ပါဝါမျက်မှန်နဲ့ သူ့ရုပ်သွင်
မြင့်ထောင့် နိမ့်ထောင့်
ပါဝါဒီဂရီ မညီညာလေသည်
ထုလုံးရှည် ဆလင်ဒါ သူမုန်းမည်မသေချာ
သူငယ်အိမ်စွေစောင်းတော့
အချစ်ကြောင်းလည်း နားမလည်
မေတ္တာရဲ့ အရောင်ကိုလည်း
အသည်းထဲမှတ် မဝေခွဲတတ်
သစ္စာနှောင်ဖွဲ့တဲ့ အကြောင်းလည်း
သူမပြောတတ် . . .

ပိုဆိုးတာက ကျုပ်အသည်းနှလုံးရဲ့ မေတ္တာတရားကိုလည်း
ဘာသာမပြန်တတ်
သူသိတာ . . . သူသိတာ
ဆယ်လူလာ နဲ့ အဲယားကွန်း၊ ဒီဗွီဒီ နဲ့ ပရာဒို
မော်ဒယ်ဘိုင်း နဲ့ အင်ဗက်စမင့်
ကြင်ဖက်အတွက် သူရွေးမတဲ့
သူ့ဦးနှောက်က ဂဏန်းပေါင်းစက်
ကျုပ်မေတ္တာကို အရှုံးအမြတ်တွက်
သူ့အသည်းနှလုံးက ကွန်ပျူတာ
တိုက်နဲ့ကားပါမှ အိမ်ကိုလာ
သြော် . . .
တကယ်တော့ သူဟာ
လူစင်စစ်က ကွန်ပျူတာဖြစ်သွား
သူမရဲ့ နှလုံးသား
လူစင်စစ်က ကွန်ပျူတာဖြစ်သွား
အမလေး . . .
ပါဝါ မျက်မှန်နဲ့ သူမ ရဲ့ နှလုံးသား . . .

သူငယ်ချင်း အောင်(ပေါက်)ရဲ့ ကဗျာလေးပါ။ ၂၀၀၀ ခုနှစ်က သူငယ်ချင်းများ စုစည်းထုတ်ထားသော နှလုံးသားဒိုင်ယာရီ ကဗျာစာအုပ်လေးမှ


Read More...(ဆက်လက်ဖတ်ရန်)

October 23, 2007

သာလွန်နုပျိုအောင်နေပါ

အိုမင်းလာတာနဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးကုန်တယ်ဆိုတာကို အယုံအကြည် ရှိပါသလား။ လေ့လာမှုများအရ ဒီအချက်ဟာ တကယ်တော့ မမှန်ကုန်ဘူးလို့ ဆိုပါတယ်။ အသက်(၆၀) နဲ့ (၇၀) အရွယ်တွေက သူတို့ရဲ့ စိတ်စွမ်းရည်က တစ်နှစ်မှာ ၁% ရာခိုင်နှုန်းထက် လျော့နည်းပြီး ကျဆင်းတာကိုတွေ့ရှိရပါတယ်။ အသက်(၈၀) အရွယ်တွေကတော့ ၂% ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က စိတ်ပိုင်းဆိုင်ရာ လေ့လာချက်အရ super young ( သူတို့ရဲ့ နဂိုအသက်ထက် နှစ်များစွာနုပျို တက်ကြွရွှင်လန်းသူများ) တွေက သူတို့ရဲ့ နုပျိုတဲ့စိတ်ကိုတောက်ပစေတဲ့ အဓိကအရည်အသွေးတွေက-
Super young-
  • သူတို့ကိုယ်သူတို့ ကောင်းအောင်တွေးပြီး ပွင့်လင်းတဲ့ဓာတ်ခံရရှိ။
  • သူတို့ကိုယ်သူတို့ အပြစ်ရှာ ဝေဖန်ခြင်းမပြု။
  • အငြိမ်းစားယူရမယ့် အရွယ်ထက်ကျော်လွန်ပြီး အလုပ် လုပ်။
  • လိုက်လျောညီထွေ သင့်တင့်လျောက်ပတ်အောင်နေတတ်။
  • ပျော်ပျော်နေတတ်တဲ့ စိတ်သဘောထားရှိ။
  • Super young ဖြစ်အောင်နေပါ။
ကိုးကား။ ။ ခင်စောတင့် (သင့်ဘဝကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းများ)

Read More...(ဆက်လက်ဖတ်ရန်)

October 19, 2007

မြသလွန်ဘုရားပွဲတော်

မြသလွန်စေတီတော်မြတ်ကြီး

“မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ မေ့မရနိုင်ပါပေ အခွင့်ရယ်သာတဲ့ တစ်နေ့မှာ အရောက်တော့ လာခဲ့ဦးမယ် ရွှေညာသူရေ ကိုယ်လာရင် ကြိုမှာလားလို့ အတည်” အဆိုတော် အောင်သူရဲ့ သီချင်းလေးကို ကြားလိုက်ရတော့ မကွေးမြို့ မြသလွန် စေတီနဲ့ ဘုရားပွဲတော် ကိုသတိရမိပါတယ်။ မြသလွန် ဘုရားပွဲတော်ကို နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ် လဆန်း(၁၀) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတယ်။ လဆန်း(၁) ရက် နေ့ကတည်းက ဆိုင်များ ရောက်ရှိနေကြပါတယ်။ တချို့ဆိုင်တွေက တော်တော် စောစော လာဖွင့်ကြပါတယ်။ ဖွင့်ပွဲ မလုပ်ခင်ကတည်းက ပွဲတော်က စည်ကားနေပါတယ်။ ပွဲတော်ဆိုင်ခန်းများကို ၀ါခေါင်၊ တော်သလင်း ကတည်းက ဆောက်လုပ်ရပါတယ်။

မြသလွန်စေတီတော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူခဲ့သော မြသား (အစစ်) သလွန်တော်ကို ဌာပနာ ၍ တည်ထားပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားရဲ့ အငွေ့အသက်များရှိနေပြီး တန်ခိုးတော် ထက်မြက်လှပါပေသည်။




သီတင်းကျွတ်လပြည့်နေ့ ညတွင် မြသလွန် ဘုရား၌ ဆီမီးတစ်ထောင်(၁၀၀၀) ပူဇော်ထွန်းညှိ ပါတယ်။ ဖယောင်းတိုင်များ မဟုတ်ပဲ ဆီအစစ် များကို အသုံးပြု ထားပါတယ်။ ဆီမီးတစ်ထောင် (၁၀၀၀) ဆိုပေမယ့် တကယ်တန်း ထွန်းညှိသော အခါ ဆီမီးတစ်သောင်း (၁၀၀၀၀)လောက် ထွန်းပါတယ်။ ဧရာဝတီမြစ်ထဲကိုလည်း ဆီမီးခွက်လေးများကို မျှောကြပါတယ်။ ဆီမီးတစ်သောင်း(၁၀၀၀၀) ထွန်းထားသော မြသလွန်ဘုရားကို ဧရာဝတီမြစ်ကမ်းဘက်က ကြည့်ရှု၊ ဖူးမျှော်ရသော မြင်ကွင်း အရသာသည် ဘယ်အရာနှင့်မှ မတူသော မျက်စိ ပသာရနှင့် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှပါတယ်။ လပြည့်ကျော်(၁) ရက်နေ့တွင် မြသလွန်ဘုရား စောင်းတန်း တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပပါတယ်။ အလွန်စည်ကားလှပါတယ်။ ဘုရားပွဲတော်ပိတ်ရက်ကို ဘယ်ရက်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိပါ။ ဘုရားဖူးများ၊ ပွဲတော်လာကြသူများပေါ် မူတည်၍ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချ နေကြပါတယ်။ သီတင်းကျွတ်လကုန်ပိုင်း လောက်ထိ ပွဲတော်ကျင်းပပါတယ်။

မကွေးမြို့ကိုသွားရင် မြသလွန်စေတီတော်ကို ရောက်မှ မကွေးကို ရောက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဘုရားပွဲတော်က စတင်နေပါပြီ။ မကွေးမြို့ကို သွားဖြစ်ကြရင် မြသလွန်စေတီတော်ကို ဖူးရင်း၊ ဘုရားပွဲတော် အလည်သွားကြဖို့ နိဗ္ဗာန်ကျိုးမျှော်၍ တိုက်တွန်း လိုက်ပါရစေ။



Read More...(ဆက်လက်ဖတ်ရန်)

October 15, 2007

ပူတဲ့အစားစားနဲ့ကြွပ်ကြွပ်အိပ်

ပူတဲ့အစားစာတွေကို ကြွပ်ကြွပ်အိပ် နဲ့ထည့်မယ်ဆိုရင် အဖြူရောင်အိပ် နဲ့ပဲထည့်သင့်ပါတယ်။
ပူတဲ့အစားစာတွေိကို အဖြူ ရောင်ကြွပ်ကြွပ်အိပ်နဲ့ မထည့်ဘဲ အရောင်ပါတဲ့ ကြွပ်ကြွပ်အိပ်နဲ့ထည့်ရင် လက်တမင် ဓာတုပစ္စည်းတွေ ထွက်လာပြီး ယင်းပစ္စည်းတွေက ကင်ဆာ ဖြစ်စေနိုင်ပါသတဲ့။ ဒါကြောင့် ပူတဲ့အစားစာတွေဆိုရင် အဖြူရောင် ကြွပ်ကြွပ်အိပ်နဲ့ပဲထည့်ပါ။ အေးတဲ့ အစားစာတွေကိုတော့ အရောင်ပါတဲ့ ကြွပ်ကြွပ်အိပ်နဲ့ထည့်နိုင်ပါတယ်။

Read More...(ဆက်လက်ဖတ်ရန်)

October 11, 2007

ရှေ့ကရပ်သူ



ပူလောင်ခြင်းမီးတွေ

များပြားတဲ့လောကကြီး

လောဘမီး၊ ဒေါသမီး

သောကမီး၊ မောဟမီး

ဒုက္ခပင်လယ်မီးတွေ

ဘယ်လိုရင်ဆိုင်ရမလဲ - - -

ဘ၀အခက်ခဲတွေ

များပြားတဲ့လောကကြီး

နေမှု၊ ထိုင်မှု

စားမှု၊ သောက်မှု

အ၀တ်တန်ဆာဆင်ယဉ်မှုတွေ

ဘယ်လိုရင်ဆိုင်ရမလဲ - - -

အတိုက်အခိုက်တွေ

များပြားတဲ့လောကကြီး

တစ်ဦးက တစ်ဦးကိုမနာလို

ကြီးသူက ငယ်သူကိုအနိုင်ကျင့်

တစ်ဖွဲ့ကတစ်ဖွဲ့ကိုအကြမ်းဖက်

ငြိမ်းချမ်းသာယာတဲ့ဘ၀ကို

ဘယ်လိုရယူမလဲ - - -

ပူလောင်ခြင်းမီးတွေ

ဘ၀အခက်ခဲတွေ

အတိုက်အခိုက်တွေ

ဘယ်လောက်များများ

မေတ္တာနဲ့လွှမ်းခြုံ

ဂရုဏာနဲ့ပြုစု

အကြင်နာနဲ့ကာကွယ်

ရှေ့ကရပ်တည်ပေးသူက

အစားထိုးမရတဲ့

အနန္တကျေးဇူးရှင်အမေပါပဲ - - -


Read More...(ဆက်လက်ဖတ်ရန်)

October 7, 2007

ဂဃနဏ


မြန်မာစကားအသုံးအနှုန်းတွင် ဂဃနဏ သိအောင် စိစစ်ခြင်း၊ လေးလုံးကွဲအောင် ပြောဆိုခြင်း စသည်တို့ကို မကြာခဏ ကြားရတတ်ပါသည်။ လေးလုံးကွဲ ဆိုသည်မှာလည်း အခြားမဟုတ်၊ ဤအက္ခရာလေးလုံး၏ တစ်လုံးချင်း အနေအထားနှင့် အသံထွက်ပုံကို ခြားခြားနားနား ဖြစ်စေရန် ရည်ညွှန်းခြင်းသာ ဖြစ်သည်။ ကွဲပြားခြားနားမှုရှိရန် လိုအပ်သည်ဆိုလျှင် ရောနှော ရှုပ်ထွေးမှု တစ်ခုခု မုချရှိနေသည်မှာ သေချာပေသည်။

ရှေးဦးစွာ ဤအက္ခရာ လေးလုံးကို လေ့လာကြည့်သည့် အခါ ဃကြီးနှင့် ဏကြီး တို့ကို ပါဠိစာပေနှင့် ပါဠိသက် မြန်မာဝေါဟာရ၌သာ တွေ့ရတတ်ပါသည်။ ဂငယ်နှင့် နငယ် တို့ကိုမူ ပါဠိစာပေ၊ မြန်မာစာပေတို့၌ နေရာမရွေး တွေ့နိုင်ကြောင်း သိလာရ၏။ ထို့ကြောင့် အတွေ့အထိနည်းပါးသော ဃကြီးကို အတွေ့အထိများသော ဂငယ်နှင့် အသံတူထား၍လည်းကောင်း၊ အလားတူပင် ဏကြီးနှင့် နငယ်ကိုလည်း အသံတူထား၍လည်းကောင်း ပြောဆိုနေကြရာမှ အသံထွက်ပုံ ရောနှောသွားရခြင်းးဖြစ်ပေသည်။ ဤသို့ဆိုလျှင် မည်သို့ခွဲခြားမည်နည်း။

ဂငယ်နှင့် ဃကြီးတို့သည် မြန်မာ သဒ္ဒါ စည်းကမ်းအရ လည်ချောင်းတွင် အသံတည်ရသော ကဏ္ဌဇဗျည်း ( Guttural consonant ) များဖြစ်ကြပါသည်။ ဂငယ်သည် အသံ လျော့လျော့ထားပြီး ရွတ်ဆိုရသော သိထိလဗျည်း ( simple consonant ) ဖြစ်သဖြင့် ‘ဂ’ ဟု အသံထွက်လိုက်လျှင် ပြည့်စုံပြီးဖြစ်၏။ ဃကြီးသည် ‘ဂ’ အသံထွက်ပြီး အခြားမရှိ ‘အ’ သံကိုပါ တစ်ဆက်တည်းထည့်၍ လေးလေးပင်ပင်ရွတ်ဆိုရသော ဓနိတဗျည်း (Aspirated consonant) ဖြစ်၏။ ဃကြီး၏ အသံထွက်ပုံ အတိအကျ သိလိုလျှင် ရဟန်းတော်များ ကမ္မ၀ါစာ ရွတ်သည့် အခါ သွားရောင်နာကြားသင့်ပါသည်။ ဏကြီးသည် လျှာထိပ်ဖြင့် အသံတည်ရသော ဗုဒ္ဓဇ ဗျည်းအက္ခရာ (lingual consonant) ဖြစ်၏။ ရွတ်ဖတ်သည့်အခါ ပေါ်ရှေ့သွားအတွင်းပိုင်းကို လျှာထိပ်ဖြင့် ထိပြီး ‘ဏ’ ဟု အသံထွက်ရ၏။ နငယ်သည် သွားတွင် အသံတည်ရသော ဒန္တဇဗျည်း (Dental consonant) ဖြစ်၏။ ရွတ်ဖတ်သည့် အခါ အပေါ်အောက်သွား နှစ်တန်းကို ထိထားပြီး ‘န’ ဟု အသံထွက်ကာ သွားတန်းကို အနည်းငယ် ချဲပေးရပါသည်။ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားရာ၌ ဤ အက္ခရာလေးလုံးတို့၏ အသံတည်ရာအရပ်နှင့် အသံထွက်ပုံအနေအထားကို စနစ်တကျ လေ့ကျင့်ပေးလေ့ရှိသည်။ သေချာစွာ သိရှိသွားလျှင် ဂဃနဏ သိပြိဟု အဆိုရှိ၍ တစ်လုံးချင်း အသံမှန်ထွက် ဆိုနိုင်လျှင် သင်ပုန်းကြီး အက္ခရာတို့ကို ကျေကျေလည်လည် သိပြီဟု ပြောစမှတ်ပြုကြသည်။

စင်စစ်အားဖြင့် ပါဠိသက္ကတကို အခြေခံ၍ ခိုင်ခံ့စွာ တည်ဆောက်ထားသော မြန်မာစာပေ၏ သဒ္ဒါနှင့် ရေးထုံးတို့မှာ အလွန်စနစ်ကျပါသည်။ အဆင့်အတန်းရှိသော ဘာသာ စာပေတစ်ရပ်ကို မွေးရာပါ အမွေအဖြစ် လက်ခံရရှိထားသော မြန်မာများအဖို့ မိမိတို့၏ စာပေကို အမြတ်တနိုး အလေးထား၍ လေ့လာထိန်းသိမ်းကြရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်သာ ဖြစ်ပါတော့သည်။ မောင်ရေစင် ( မြန်မာတိုင်း ဂျာနယ်)

Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments