| You Are a Life Blogger! |
Your blog is the story of your life - a living diary. If it happens, you blog it. And make it as entertaining as possible. |
November 10, 2007
What Kind of Blogger Are You?
Posted by Villager at 10:38:00 PM 0 comments
Labels: villager, ဘယ်လိုမျိုးလဲ
November 8, 2007
ဆောင်းတစ်ည
လူတိုင်းမှာ ဆောင်းရာသီနဲ့ ပတ်သက်ပြီး အဖြစ်ပျက်လေးတွေ၊ အမှတ်ရစရာလေးတွေ ရှိကြမှာ မလွဲပါဘူး။ ကျွန်တော့်မှာလည်း အမှတ်ရ စရာလေးတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အမှတ်ရစရာ၊ အတွေ့အကြုံလေးတွေ တင်ပြချင်ပါတယ်။
ကျွန်တော်တို့ တောင်သူလယ်သမားတွေ အတွက် ဆောင်းဥတုမှာ စပါးများရိုတ်သိမ်းကြရပါတယ်။ စပါးပင်များကိုရိုက်ပြီး ရွာပြင်တလင်း (စပါးနယ်ဖို့အတွက် မြေကိုညီညာအောင် ပြုလုပ်ထားသောနေရာ) တွင် ပုံထား၍ နယ်(ချွေ)ရပါတယ်။ စောစောပိုင်းစပါးများကို တလင်းမလုပ်ရသေးချိန်တွင် ဘုန်းကြီးကျောင်း ကွင်းပြင်တွင် ချပြီး နယ်ရပါတယ်။
ကျွန်တော်(၆)တန်းတုန်းက ကျွန်တော်တို့အိမ်က စပါးများကို ဘုန်းကြီးကျောင်းတွင် ချထားပါတယ်။ ကျွန်တော်က ညစာကိုစောစောစားပြီး ဘုန်းကြီးကျောင်းကို သွားပါတယ်။ ဘုန်းကြီးကျောင်းသားတွေနဲ့ ကစားဖို့လေ။ ကျွန်တော်ဘုန်းကြီးကျောင်းသားဘ၀ ကအနားယူပြီးစ အချိန်ဆိုတော့ ကျောင်းတွေနဲ့က ဘော်ဘော်တွေလေ။ ဘုန်းကြီးကျောင်းကလဲ အဝေးကြီးမဟုတ်ပါဘူး အိမ်နဲ့က ခြံစည်းရိုးပဲခြားတယ်။ ဘုန်းကြီးကျောင်းသွားတယ်ဆိုတော့ ကျောင်းပေါ်တက်ပြီး ဘုရားကိုအရင်ဝတ်ပြုရတယ်။ ပြီးမှ ကျောင်းသားတွေနဲ့ ကောင်လှိုင်းပုံ( စပါးပင်များကိုရိုက်ပြီး စုစည်းထားသော အထုံးလေးများကို ပုံထားသော အပုံ) ပေါ်မှာ သွားကစားကြပါတယ်။ ကျောင်းသားတယောက်က “ကောက်လှိုင်းတွေက နွေးတယ် ကောက်လှိုင်းတွေကို တဲလုပ်ပြီး အိပ်ရရင်ကောင်းမယ်ကွ” ဆိုပြီး စကားစလိုက်တော့ အားလုံးဝိုင်းပြီး တဲ အမြန်လုပ်ကြပါတယ်။ တဲလုပ်တယ်ဆိုတာကလည်း ကောက်လှိုင်းပုံကို လှိုင်ခေါင်းလုပ်တဲ့ သဘောပါပဲ။ ဘေးကကြည့်ရင်တော့ ကောက်လှိုင်းပုံပဲလေ။ လှိုင်ခေါင်းရဲ့အခြေမှာ ကောက်လှိုင်းတွေကို ညီညီညာညာ စီပြီးချထားပါတယ်။ လှိုင်ခေါင်းရှေ့မှာ ကောက်လှိုင်းတွေနဲ့ ပြန်ပိတ်လိုက်ရင် လှိုင်ခေါင်းထဲမှာ လေလုံပြီး နွေးနေပါတယ်။ တဲလေးလုပ်ပြီးတော့ ဘုန်းကြီးကျောင်းသားတွေက အိပ်ဖို့နေရာယူကြပါတယ်။ ကျွန်တော်ကလည်း “အိမ်မပြန်သေးဘူး၊ စောပါသေးတယ် ခဏ၀င်လှဲဦးမယ်” ဆိုပြီး လှဲလိုက်တာ အိပ်ပျော်သွားတယ်။ ကောက်လှိုင်းတွေက ယားပေမယ့် အထဲမှာနွေးနေတော့ အိပ်လို့တော့ ကောင်းတယ်။ အိပ်ယာနိုးတော့ ည ၁၁း၃၀ ရှိနေပြီ။ ကျွန်တော်လည်း ကမန်းကတန်း အိပ်ယာထပြီး အိမ်ကိုပြန်ရတယ်။ အိမ်က လူတွေက ကျွန်တော်ပျောက်လို့ လိုက်ရှာနေကြတယ်။ ကျွန်တော်တို့ တဲလုပ်ပြီး အိပ်နေကြတာကို လူကြီးတွေက မသိလိုက်ကြဘူး။ အိမ်ရောက်တော့ တအိမ်လုံးက ၀ိုင်းပြီး အပြစ်တင်ကြတယ်။ တအိမ်လုံးက အပြစ်တင်တာဆိုလို့ ကျွန်တော့်မှာ အဲဒီတခါပဲရှိဘူးပါတယ်။ အိမ်မှာ ကျွန်တော်က အငယ်ဆုံးဆိုတော့ အားလုံးက ၀ိုင်းပြီးချစ်ကြပါတယ်။ အဖေက အိမ်မှာ ကောင်းကောင်းမွန်မွန်အိပ်နေရသားနဲ့ အဲဒီတဲထဲမှာ သွားအိပ်ရပါ့မလားလို့ပြောပြီး အသားကုန်ဆို(ပြောဆို ဆုံးမတာ) တော့တာပါပဲ။ ရိုက်တော့မရိုက်ဘူး၊ ဒါပေမယ့် ရိုက်တာသာခံချင်တော့လောက်အောင်ကို ပြောနေတော့တာ။ဘာပဲပြောပြော ကျွန်တော်ကတော့ အသာလေး ငြိမ်ခံနေတာပေါ့။ အဖေပြောနေတာ ခဏလေးရပ်လိုက်ဆို ကျွန်တော်က တန်းအိပ်တော့တာပဲ။ ခက်တာက ကျွန်တော်က အဖေ၊ အမေနဲ့ အတူအိပ်တာဆိုတော့ အိပ်ယာထဲမှာလဲ ပြောနေတော့တာပါပဲ။ နောက်ဆုံးတော့ အိပ်ပျော်သွားချင်ယောင်ဆောင် နေလိုက်ရတော့တယ်။
အဲဒီညက စိတ်ညစ်စရာကောင်းပေမယ့်။ အဲလိုအိပ်လိုက်ရတာလေးကိုတော့ ကျေနပ်မိပါတယ်။ ပျော်စရာလဲကောင်း၊ တအိမ်လုံးရဲ့ အပြစ်တင်ခံရတဲ့ အဲဒီဆောင်းည လေးကတော့ ထူးထူးခြားခြား မမေ့နိုင်စရာ အမှတ်တရညလေးပါပဲ။ ဒီလိုမျိုးကောက်လှိုင်းတွေကို တဲလုပ်ပြီး၊ ကောက်လှိုင်းတွေ ကြားထဲမှာ အိပ်ရတဲ့ အရသာမျိုးကို ယခုစာဖတ်သူတွေရဲ့ ၉၉.၉ ရာခိုင်နှုန်းလောက်ခံစားဖူးကြမယ် မထင်ပါဘူး။ ကျွန်တော်တို့လို ရွာသားတွေမှ ခံစားလို့ရတာနော်။
ဆောင်းတွင်းနဲ့ ပတ်သက်ပြီး ဆောင်းတွင်းမှာ အအေးဆုံးခံစားလိုက်ရတဲ့ ခံစားမှု၊ ဆောင်းတွင်း ခရီးသွားအတွေ့အကြုံနှင့် ဆောင်းတည သီချင်း စတာတွေလည်း ရေးဖို့ရှိပါသေးတယ်။ အခုတော့ ဒီလောက်နဲ့ပဲရပ်ထားလိုက်ပါတော့မယ်ဗျာ။
အခုလို ဆောင်းတွင်းအကြောင်းလေး ရေးဖြစ်အောင် Tag ပေးတဲ့ မဆုဝေ ကို အထူးကျေးဇူးတင်ပါတယ်။ မဆုဝေ လည်း ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။
Posted by Villager at 8:43:00 PM 1 comments
Labels: villager, ကျွန်တော့်အဖြစ်အပျက်များ
November 3, 2007
ပညာရှိနှင့်လူမိုက်
၁။ ဒုစ္စိန္တိတစိန္တီ = မကောင်းသော အကြံ အစည်ကိုသာ ကြံစည်လေ့ ရှိခြင်း။
၂။ ဒု ဗ္ဘာသိတဘာသီ = မကောင်းသော စကားကိုသာ ပြောဆိုလေ့ ရှိခြင်း။
၃။ ဒုက္ကဋကမ္မကာရီ = မကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။
၁။ သုစိန္တိတစိန္တီ = ကောင်းသော အကြံအစည်ကို ကြံစည်လေ့ ရှိခြင်း။
၂။ သုဘာသိတ ဘာသီ = ကောင်းသော စကားကိုသာ ပြောလေ့ ရှိခြင်း။
၃။ သုကတ ကမ္မကာရီ = ကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။
(ဥပရိ ပဏ္ဏာသ၊ စာ ၂၀၁-၂၀၈၊ စာပိုဒ် ၂၄၆)
ကာမ ဒုစရိုက် (၃) ပါး
(၁) သတ္တဝါ၏ အသက်ကိုသတ်ခြင်း။
(၂) သူတစ်ပါး ပစ္စည်းကို မတရားယူခြင်း။
(၃) ကာမ ဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။
(၁) လိမ်ပြောခြင်း = မုသာဝါဒ
(၂) ကုန်းတိုက်ခြင်း = ပိသုဏ၀ါစာ
(၃) ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း = ဖရုသ၀ါစာ
(၄) အကျိုးမရှိ အနှစ်မရှိသော စကားကို ပြောခြင်း = သမ္ဖပ္ပလာပ၀ါစာ
(၁) သူတစ်ပါး ပစ္စည်းကို ရလိုသမှု ရှေ့ရှုကြံစည်စိတ် = အဘိဇ္ဈာ
(၂) သူတစ်ပါးကို ဖျက်ဆီးလိုစိတ် = ဗျာပါဒ
(၃) မှားယွင်းသော အယူဝါဒကို ယုံကြည်ကိုးကွယ်ခြင်း
ကာယ သုစရိုက် (၃) ပါး
(၁) သတ္တ၀ါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၂) သူတစ်ပါး၏ ပစ္စည်းကို မတရား ရှောင်ကြဉ်ခြင်း
(၃) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း
ဝစီ သုစရိုက် (၄) ပါး
(၁) မှန်သောစကားကိုပြောဆိုခြင်း = သစ္စ၀ါစာ
(၂) သူနှစ်ဦး တို့ကိုချစ်ခင် ညီညွတ်စေသော အစေ့အစပ် စကားကိုပြောဆိုခြင်း = အပိသုဏာဝါစာ
(၃) နူးညံ့ချိုသာ သာယာပြေပြစ်သော စကားကို ပြောဆိုခြင်း = သဏှဝါစာ
(၄) အကျိုးရှိ၍ အနှစ်ပြည့်သော စကားကိုသာ ပညာဖြင့် ချင့်ချိန်ပြောဆိုခြင်း = မန္တ၀ါစာ
မနော သုစရိုက် (၃) ပါး
(၁) သူတစ်ပါး၏ ပစ္စည်းကိုရယူလိုစိတ်မရှိခြင်း = အနဘိဇ္ဈာ
(၂) သူတစ်ပါး ကို ဖျက်ဆီးလိုစိတ် မရှိခြင်း = အဗျာပါဒ
(၃) မှန်သောဘာသာ အယူဝါဒကိုယုံကြည် ကိုးကွယ်ခြင်း = သမ္မာဒိဋ္ဌိ
ဆောင်။ ။ သက်တတ်ခိုးမှု၊ ကာမေသု၊ သုံးခုကာယကံ။
မုသား ကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ်မပါ၊ ပြောဆိုတာ၊ လေးဖြာ ၀စီကံ။
သူပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ကြံစည်၊ စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။
ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး သုစရိုက်ကံ။
ဒုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ ပါယ်လေးတန်။
သုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ နတ်နိဗ္ဗာန်။
သတ္တိဂုမ္ဗ ဇာတ်
ဤအရာ၌ ဓားပြလူမိုက်တို့နှင့် ပေါင်းမိ၍ ကျေးမိုက် ဖြစ်ရသော သတ္တိဂုမကျေးနှင့် သူတော်ကောင်းနှင့် ပေါင်းမိ၍ ကျေးလိမ္မာ ဖြစ်ရသော ပုပ္ဖသူဝ ကျေး တို့ကို နှိုင်းယှဉ်ကြည့်သင့်ပါသည်။
ရှေးအခါက ပဉ္စာလ တိုင်းမှ ပဉ္စာလဘုရင်ကြီးသည် တောကစားထွက်ရာမှ ခရီးလွန်ကာ ရွာတစ်ရွာသို့ ရောက်သွား၏။ ရွာတံခါးကို ၀င်မိလျင် “ ဒီ ဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ” စသော ရက်စက် ကြမ်းကြုတ် လှသည့် အသံကို ကြားရ၍ အသံလာရာသို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင် အော်ဟစ် ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။
ထိုရွာသည် ဓားပြရွာဖြစ်၍ ကျေးသားသည်လည်း ဓားပြများနှင့် အတူ အနေကြာလာသဖြင့် ရက်စက် ကြမ်းကြုတ်သော စိတ်ဆိုးစိတ်ယှတ်များ ၀င်နေသည့် သတ္တိဂုမကျေးမိုက်ဖြစ်၏။ ဘုရင်ကြီးသည် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာသဖြင့် ချက်ချင်းပင် ရထားထိန်းကို ရထားကစေကာ ထိုနေရာမှ ထွက်ခွာ လာရာ မကြာမီပင် ရသေ့ကျောင်းတစ်ကျောင်းသို့ ရောက်သွား၏။ ရောက်လျှင် ရောက်ချင်းပင် “ အရှင်မင်းကြီး ကြွတော်မူပါ၊ ထိုင်တော်မူပါ၊ စမ်းရေအေးအေး သောက်တော်မူပါ၊ ချိုမြိန်သော သစ်သီးများကိုလည်း သုံးဆောင်တော်မူပါ၊ ရှင်ရသေ့များ သစ်သီးရှာ သွားနေခိုက် ဖြစ်လို့ အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည့်သူမရှိ၍ စိတ်မကောင်းပါ၊ အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင်ဧည့်ဝတ် မပြုနိုင်ဘဲ ဖြစ်နေပါသည်၊ အရှင်မင်းကြီး ကိုယ်တိုင်သာ အလိုရှိသလို သုံးဆောင်တော်မူပါတော့” စသော သာယာချေငံသည့် ဧည့်ခံစကားကိုကြားရ၍ အသံလာရာ သို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင်ကိုပင် တွေ့ရပြန်သည်။
ကျေးသား၏ သာယာချေငံလှသော ဧည့်ခံစကားကြောင့် မင်းကြီး၏ ပင်ပန်းနွမ်းနယ်မှုတို့သည် တစ်မုဟုတ်ချင်း ပျောက်ငြိမ်း သွားကြကာ ကြည်သာရွှင်လန်း အပန်းပြေ သွားတော့၏။
ဤကျေးသားကား ရသေ့ သူတော်စင်များနှင့် အနေကြာသဖြင့် သူတော်ကောင်းဓါတ် အရှိန်ဟပ်၍ သူမြတ်စိတ်ဝင်ကာယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝ ကျေးလိမ္မာဖြစ်၏။
မင်းကြီးက ယခင်တွေ့ခဲ့သော ကျေးသားနှင့် ယခုကျေးသား တို့ ကွားခြားပုံကို ပြောပြရာ ကျေးသားနှစ်ကောင်မှာ တစ်အူထုံ့ဆင်း ညီရင်း အစ်ကိုများ ဖြစ်ကြကြောင်း၊ လေပြင်း တိုက်သဖြင့် အသိုက်မှ လွင့်ကာ တကွဲ တပြားစီ ကျရာတွင် ယခင်ကျေးသားက ဓားပြများထံ ရောက်သွား၍ ယခုကျေးသားက ရသေ့ တို့ထံ ရောက်လာခြင်းဖြစ်ကြောင်း ပုပ္ဖသူဝကျေးလိမ္မာရှင်းပြသဖြင့် မင်းကြီးသိရ၏။
ထို့နောက် ကျေးလိမ္မာက နီတိစကားဆက်လက်ပြောကြားပြန်၏။
“အရှင်မင်းကြီး၊ ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်လျှင် သမန်းမြက်ပါ အပုပ်နံ့ နံပါသည်။ ထို့အတူပင် သူမိုက်နှင့်ပေါင်းသင်းလျှင် မိုက်စိတ်ဝင်ကာ သူမိုက်သာဖြစ်ရပါသည်။”
ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယောနရော ဥပနယှတိ။
ကုသာပိပူတီ ၀ါယန္တိ၊ ဧ၀ံ ဗာလူပ သေ၀နာ။
“အရှင်မင်းကြီး၊ တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်ပါ ပန်းရနံ့ မွှေးကြိုင်ပါသည်။ ထို့အတူ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းလျှင် သူတော်စိတ်ဓါတ် အရှိန်ဟပ်ကာ သူတော်သူမြတ်ပင် ဖြစ်ရပါသည်။”
တဂရဉ္စ ပလာသေန၊ ယောနရော ဥပနယှတိ။
ပတ္တာပိသုရဘိ ၀ါယန္တိ၊ ဧ၀ံ ဓီရူပသေ၀နာ။
ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းရ၍ အသိအလိမ္မာ ကြွယ်ဝလှသော ကျေးလိမ္မာ၏ နီတိစကားကို ပီတိပွားလျက် မင်းကြီး မှတ်သားလိုက်ရ၏။
(ဇာတက-ဋ္ဌ ၄၊ နှာ-၄၃၂၊ ၀ီသတိနိပါတ်၊ ဇာတ်-၅၀၃၊ သတ္တိဂုမ္ဗဇာတ်)
“ဘေးရန် ဥပဒ် အန္တရာယ် မှန်သမျှသည် ဒုစရိုက်ပြုသူ လူမိုက်ကြောင့်သာ ဖြစ်ပေါ်ကြ၏။ သူတော်ကောင်းကြောင့် မဖြစ်ပေါ်ပေ။”
“ထို့ကြောင့် လူမိုက်ဖြစ်ကြောင်း ဒုစရိုက် တရားတို့ကို ရှောင်ရှား၍ သူတော်ကောင်း ဖြစ်ကြောင်း သုစရိုက် တရားတို့ကို ကျင့်ကြံပွားများ အားထုတ်ကြရာ၏။”
(အဂုင်္တ္တိုရ်၊ ပ၊ နှာ-၉၉၊ စာပိုဒ် -၁၊ တိက၊ ဘယသုတ်)
ထိုသူ နှစ်စား၊ မတွေ့ငြား၊ တစ်ပါးတည်းသာနေ။
လူမိုက်ကိုကား၊ မပေါင်းငြား၊ ရှောင်ရှား ဝေးဝေးနေ။
ပညာမဲ့သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆင်းရဲသည်။
ပညာရှိအား၊ ဆည်းကပ်ငြား၊ ကြီးပွားချမ်းသာသည်။
ဆိုင်ရာ ကိစ္စ၊ ကျ, န မမြင်၊ မကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆုံးရူံးသည်။
ဆိုင်ရာ ကိစ္စ၊ ကျ, န သိမြင်၊ တတ်ကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ကြီးပွားသည်။
(မူလပဏ္ဏာသ၊ ၂၈၆၊ စူဠဂေါပါလကသုတ်)
ဒေ၀ဒတ် ။ ။ လူဆိုးလူမိုက်ကြီး ဒေ၀ဒတ်နှင့် ပေါင်းသင်းမိ၍ အဇာတသတ် ဘုရင်သည် ဖခင်ကိုသတ်မိသဖြင့် ရနိုင်ခွင့်ရှိသည့် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆုံးရူံးရရုံမျှမက အ၀ီစိငရဲ၏ အရံဖြစ်သော ဥဿဒ ငရဲ သို့ပင် ကျရောက်ရ၏။
အဂုၤလိမာလ ။ ။ လူတစ်ထောင်မက သတ်ဖြတ်ခဲ့သော လူဆိုးကြီး အဂုင်္လိမာလသည် မြတ်စွာဘုရား တည်းဟူသော သူတော်သူမြတ်နှင့် တွေ့ဆုံဆည်းကပ်ခွင့်ရ၍ လူဆိုး ဘ၀မှ လွတ်မြောက်ရုံမျှမက အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွား၏။
(ကိုးကား ။ ။ ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာ)
Posted by Villager at 12:38:00 AM 0 comments
October 26, 2007
ကွန်ပျူတာ နှလုံးသား
ဟုတ်ပါရဲ့
ပြူတင်းပေါက်တင် ဘယ်ကမလဲ
မှန်ပြူတင်းပါတပ်ကာဆင်
ပါဝါမျက်မှန်နဲ့ သူ့ရုပ်သွင်
မြင့်ထောင့် နိမ့်ထောင့်
ပါဝါဒီဂရီ မညီညာလေသည်
ထုလုံးရှည် ဆလင်ဒါ သူမုန်းမည်မသေချာ
သူငယ်အိမ်စွေစောင်းတော့
အချစ်ကြောင်းလည်း နားမလည်
မေတ္တာရဲ့ အရောင်ကိုလည်း
အသည်းထဲမှတ် မဝေခွဲတတ်
သစ္စာနှောင်ဖွဲ့တဲ့ အကြောင်းလည်း
သူမပြောတတ် . . .
ပိုဆိုးတာက ကျုပ်အသည်းနှလုံးရဲ့ မေတ္တာတရားကိုလည်း
ဘာသာမပြန်တတ်
သူသိတာ . . . သူသိတာ
ဆယ်လူလာ နဲ့ အဲယားကွန်း၊ ဒီဗွီဒီ နဲ့ ပရာဒို
မော်ဒယ်ဘိုင်း နဲ့ အင်ဗက်စမင့်
ကြင်ဖက်အတွက် သူရွေးမတဲ့
သူ့ဦးနှောက်က ဂဏန်းပေါင်းစက်
ကျုပ်မေတ္တာကို အရှုံးအမြတ်တွက်
သူ့အသည်းနှလုံးက ကွန်ပျူတာ
တိုက်နဲ့ကားပါမှ အိမ်ကိုလာ
သြော် . . .
တကယ်တော့ သူဟာ
လူစင်စစ်က ကွန်ပျူတာဖြစ်သွား
သူမရဲ့ နှလုံးသား
လူစင်စစ်က ကွန်ပျူတာဖြစ်သွား
အမလေး . . .
ပါဝါ မျက်မှန်နဲ့ သူမ ရဲ့ နှလုံးသား . . .
သူငယ်ချင်း အောင်(ပေါက်)ရဲ့ ကဗျာလေးပါ။ ၂၀၀၀ ခုနှစ်က သူငယ်ချင်းများ စုစည်းထုတ်ထားသော နှလုံးသားဒိုင်ယာရီ ကဗျာစာအုပ်လေးမှ
Posted by Villager at 1:06:00 AM 1 comments
October 23, 2007
သာလွန်နုပျိုအောင်နေပါ
မကြာသေးခင်က စိတ်ပိုင်းဆိုင်ရာ လေ့လာချက်အရ super young ( သူတို့ရဲ့ နဂိုအသက်ထက် နှစ်များစွာနုပျို တက်ကြွရွှင်လန်းသူများ) တွေက သူတို့ရဲ့ နုပျိုတဲ့စိတ်ကိုတောက်ပစေတဲ့ အဓိကအရည်အသွေးတွေက-
Super young-
- သူတို့ကိုယ်သူတို့ ကောင်းအောင်တွေးပြီး ပွင့်လင်းတဲ့ဓာတ်ခံရရှိ။
- သူတို့ကိုယ်သူတို့ အပြစ်ရှာ ဝေဖန်ခြင်းမပြု။
- အငြိမ်းစားယူရမယ့် အရွယ်ထက်ကျော်လွန်ပြီး အလုပ် လုပ်။
- လိုက်လျောညီထွေ သင့်တင့်လျောက်ပတ်အောင်နေတတ်။
- ပျော်ပျော်နေတတ်တဲ့ စိတ်သဘောထားရှိ။
- Super young ဖြစ်အောင်နေပါ။
Posted by Villager at 11:02:00 AM 1 comments
October 19, 2007
မြသလွန်ဘုရားပွဲတော်
မြသလွန်စေတီတော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူခဲ့သော မြသား (အစစ်) သလွန်တော်ကို ဌာပနာ ၍ တည်ထားပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားရဲ့ အငွေ့အသက်များရှိနေပြီး တန်ခိုးတော် ထက်မြက်လှပါပေသည်။
သီတင်းကျွတ်လပြည့်နေ့ ညတွင် မြသလွန် ဘုရား၌ ဆီမီးတစ်ထောင်(၁၀၀၀) ပူဇော်ထွန်းညှိ ပါတယ်။ ဖယောင်းတိုင်များ မဟုတ်ပဲ ဆီအစစ် များကို အသုံးပြု ထားပါတယ်။ ဆီမီးတစ်ထောင် (၁၀၀၀) ဆိုပေမယ့် တကယ်တန်း ထွန်းညှိသော အခါ ဆီမီးတစ်သောင်း (၁၀၀၀၀)လောက် ထွန်းပါတယ်။ ဧရာဝတီမြစ်ထဲကိုလည်း ဆီမီးခွက်လေးများကို မျှောကြပါတယ်။ ဆီမီးတစ်သောင်း(၁၀၀၀၀) ထွန်းထားသော မြသလွန်ဘုရားကို ဧရာဝတီမြစ်ကမ်းဘက်က ကြည့်ရှု၊ ဖူးမျှော်ရသော မြင်ကွင်း အရသာသည် ဘယ်အရာနှင့်မှ မတူသော မျက်စိ ပသာရနှင့် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှပါတယ်။ လပြည့်ကျော်(၁) ရက်နေ့တွင် မြသလွန်ဘုရား စောင်းတန်း တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပပါတယ်။ အလွန်စည်ကားလှပါတယ်။ ဘုရားပွဲတော်ပိတ်ရက်ကို ဘယ်ရက်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိပါ။ ဘုရားဖူးများ၊ ပွဲတော်လာကြသူများပေါ် မူတည်၍ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချ နေကြပါတယ်။ သီတင်းကျွတ်လကုန်ပိုင်း လောက်ထိ ပွဲတော်ကျင်းပပါတယ်။မကွေးမြို့ကိုသွားရင် မြသလွန်စေတီတော်ကို ရောက်မှ မကွေးကို ရောက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဘုရားပွဲတော်က စတင်နေပါပြီ။ မကွေးမြို့ကို သွားဖြစ်ကြရင် မြသလွန်စေတီတော်ကို ဖူးရင်း၊ ဘုရားပွဲတော် အလည်သွားကြဖို့ နိဗ္ဗာန်ကျိုးမျှော်၍ တိုက်တွန်း လိုက်ပါရစေ။
Posted by Villager at 5:55:00 AM 2 comments
Labels: villager, ကြည်ညိုဖွယ်ရာ
October 15, 2007
ပူတဲ့အစားစားနဲ့ကြွပ်ကြွပ်အိပ်
ပူတဲ့အစားစာတွေိကို အဖြူ ရောင်ကြွပ်ကြွပ်အိပ်နဲ့ မထည့်ဘဲ အရောင်ပါတဲ့ ကြွပ်ကြွပ်အိပ်နဲ့ထည့်ရင် လက်တမင် ဓာတုပစ္စည်းတွေ ထွက်လာပြီး ယင်းပစ္စည်းတွေက ကင်ဆာ ဖြစ်စေနိုင်ပါသတဲ့။ ဒါကြောင့် ပူတဲ့အစားစာတွေဆိုရင် အဖြူရောင် ကြွပ်ကြွပ်အိပ်နဲ့ပဲထည့်ပါ။ အေးတဲ့ အစားစာတွေကိုတော့ အရောင်ပါတဲ့ ကြွပ်ကြွပ်အိပ်နဲ့ထည့်နိုင်ပါတယ်။
Posted by Villager at 1:19:00 AM 1 comments

