December 28, 2007

အခန်းစိုး

အခန်းစိုးဆိုတာ ရွာအလှူတွေမှာ ဆေးလိပ်၊ လက်ဖက်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးခြောက်၊ ၀က်သားအိုး စတာတွေကို ထိန်းသိမ်းစီမံ ပေးရတဲ့သူပါ။ အခန်းစိုးကို တချို့က အခန်းဆိုးလို့ နာမည်ပျက်နဲ့ ခေါ်တတ်ကြတယ်။ အလှူဒကာ၊ အလှူဒကာမတွေက လုံးဝဥဿုံ လွှဲအပ်ထားလို့ သူတို့ကိုယ်စား အပြောအဆိုခံလွတ်အောင်၊ မကုန်သင့်တာ မကုန်အောင်စီမံရ တဲ့လူမို့ တချို့က ‘ပိတ်ဒကာ‘ လို့ခေါ်တတ်ကြသေးတယ်။ သေရင်ပြိတ္တာဖြစ်မယ့် သူလို့လည်း မေတ္တာပို့သခြင်းခံရတယ်။
ဒါကြောင့် အလှူတွေမှာ အခန်းစိုးလုပ်ကိုင်ပေးမယ်သူ ရှားပါးတယ်။ တချို့က အလှူ ဒကာ၊ အလှူဒကာမနဲ့ ဆွေမျိုးတော်စပ်လို့ မလွှဲသာ၊ မရှောင်သာ လုပ်ကိုင်ပေးကြတယ်။ အခန်းစိုးက အလှူတစ်လှူ အစကနေအဆုံး လုပ်ကိုင်ရတာမို့ မိမိအလုပ်လည်းပျက်တယ်။ ပင်လည်းပင်းပန်းတယ်။
အလှူတစ်လှူမှာ အခန်းစိုးက ဆေးလိပ်လိပ်တဲ့နေ့ကစပြီး ရှင်မယ်ခံတဲ့နေ့အထိ နေကြ ရတယ်ဆိုတော့ နှစ်ပတ်လောက်ကြာတတ်တယ်။ အလှူမှာ တည်ခင်းဧည့်ခံဖို့၊ အလှူငွေထည့် ၀င်လာကြတဲ့သူတွေကို လက်ဆောင်ပြန်ဖို့ အလှူရက်မတိုင်မီ တစ်ပတ်ကျော်လောက်ကကြိုပြီး ပြောင်းဖူးဖက် ဆေးလိပ်တွေကို ထောင်ချီပြီး လိပ်ထားရတယ်။ ဆေးလိပ်ကို ဆေးလိပ်လိပ်တဲ့သူ တွေက အိမ်ဝေယျာဝစ္စ အားလပ်တဲ့အချိန် နေ့လယ်ခင်းမှာ တစ်လိပ်ပြီးပြီး၊ နှစ်လိပ်ပြီးပြီး လာရောက်ဝိုင်းဝန်း လိပ်ပေးကြတယ်။ ရွာမှာ ဆေးလိပ်မလိပ်တတ်တဲ့ အမျိုးသမီးလဲ မရှိဘူး။ အိမ်ထောင်ရှင် အမျိုးသမီးတိုင်း လိပ်တတ်ကြတယ်။ တချို့အရွယ်ရောက်တဲ့ မိန်းကလေးတွေ ဆေးလိပ်လိပ်သင်ရင် အိမ်ထောင်ပြုတော့မှာမို့လားလို့ စ,တတ်၊ ပြောင်တတ်ကြပါတယ်။
ဆေးလိပ်လိပ်တဲ့သူတွေ ကျွေးဖို့မွေးဖို့ အကြော်၊ ပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ကောက်ညင်းပေါင်း စတဲ့သရေစာ ထည့်ယူလာတဲ့ ပန်းကန်ထဲကို လက်ဖက်ထည့်ပေးပြီး တုံ့ပြန်တတ်တယ်။ လက်ဖက်သားနဲ့ ချင်းရောနယ်ထားတဲ့ အပေါ်ကို ပဲကြမ်းကြော် ဖြူးပေးလိုက် တာပါ။
အဲဒီမှာ လက်ဖက်သားကနည်းပြီး ချင်းများနေရင် အခန်းစိုးကို အပြစ်တင်ကြတယ်။ ဆီ ဆမ်းတာနည်းနေရင်လည်း ကဲ့ရဲ့တတ်ကြတယ်။ လက်ဖက်သားကများပြီး ချင်းနည်းနေမယ်၊ ဆီရွှဲနေမယ်ဆိုရင်လည်း အခန်းစိုးက သူ့ဟာမဟုတ်လို့ ဗုံးဗောလအော(အများအပြား)သုံးတယ် လို့ အပြောခံကြရပြန်ရော၊ အခန်းစိုးက အပြောခံ လွတ်ခဲလှပါတယ်။အလှူမှာ ဧည့်ခံကြရတဲ့သူ တွေက လက်ဖက်၊ ဆေးလိပ်လိုချင်ရင် အခန်းစိုးဆီ တောင်းကြရတယ်။ အိုးသူကြီးကလည်း ချက်တော့ပြုတ်တော့မယ် ဆိုရင် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ငါးခြောက်တွေကို အခန်းစိုးဆီ က တောင်းရတယ်။ ဆွမ်းလောင်းဖို့ချက်ထားတဲ့ ၀က်သားဒယ်၊ ငါးခြောက်ဒယ်တွေကိုလည်း အခန်းစိုးဆီ ပြန်အပ်ထားကြရတယ်။ အခန်းစိုးက ပေးသင့်တယ်ထင်တဲ့ သူကိုပေးတယ်။ မေး မြန်းပြီးပေးသင့်သလောက်သာ ပေးတယ်။ တချို့က အလှူနဲ့မသက်ဆိုင်ဘဲ အရက်ဝိုင်းမှာ မြည်းဖို့ဆေးလိပ်၊ လက်ဖက်လာတောင်းတတ်တဲ့ သူတွေရှိတတ်တယ်။ တချို့က အရက်နဲ့လဲ သောက်ရအောင် ဆန်၊ ဆီ၊ ငါးခြောက်ကို မလိမ့်တပတ်နဲ့ တောင်းတတ်ကြသေးတယ်။ အခန်း စိုး မပါးနပ်လို့ ကုန်သွားတာတွေရှိတယ်။
အခန်းစိုးက အလှူမဏ္ဍပ်ဆောက်ပြီးတဲ့ အချိန်ကစပြီး ရှင်မယ်ခံတဲ့နေ့အထိ ငါးရက်လုံး လုံး မိမိအိမ်ကိုပြန်ပြီးတောင် မအိပ်ရတော့ဘူး။ အလှူအိမ်မှာ နေ့ရော၊ ညရော အခန်းထဲ အောင်းပြီး နေပေးရတော့တယ်။ အခန်းစိုးရေချိုးဖို့ ရေခပ်ပေးကြရတယ်။ လိမ်းဖို့သနပ်ခါးသွေး ပေးရတယ်။ ရှင်မယ်ခံပြီးတဲ့နေ့ ညနေပတ်စာခွာ၊ ဖျာသိမ်းမှ အလှူဒကာ၊ အလှူဒကာမတွေကို ကျန်ရှိတဲ့ပစ္စည်းတွေအပ်နှံ၊ အလှူကူတွေကို အပ်နှံပြီးမှ ပြန်ကြရတော့တယ်။
အလှူတွေက များသောအားဖြင့် အခန်းစိုးကို အင်္ကျီစလေးတစ်စ၊ ထဘီစလေးတစ်စ ၀ယ်ပေးကျေးဇူးတုံ့ပြန်တတ်ကြတယ်။ အခန်းစိုးအနေနဲ့ကတော့ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မျှော်ကိုးလုပ်ကိုင်တာတော့ မဟုတ်ပါဘူး။ စေတနာသက်သက်၊ အလှူမှာ ကုသိုလ်ယူဖို့ လုပ်ကိုင်ပေးကြတာပါ။
ကိုးကား ။ ။
ကိုလေးမြတ် မုံရွေးကြေးမုံသူ/သား (ကျေးလက်လူမှုသရုပ်ဖေါ် ရသစာစုများ)

Read More...(ဆက်လက်ဖတ်ရန်)

December 25, 2007

တကယ့် ဗုဒ္ဓဘာသာဝင်

ကမ္ဘာပေါ်မှာ လူမျိုးပေါင်းများစွာ ရှိသလို ကိုးကွယ်သောဘာသာများလည်း အမျိုးမျိုး ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ လူမျိုးပေါင်းများစွာရှိပြီး ဘာသာရေးကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသောကြောင့် ကိုယ်နှစ်သက်ရာ ဘာသာကို ကိုးကွယ်ကြပါတယ်။ အများအားဖြင့်တော့ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ကြပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူများကို နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ဗုဒ္ဓဘာသာကို တကယ်နားလည်သိရှိပြီး ယုံကြည်သက်ဝင်၍ ကိုးကွယ်သော ( တကယ့် ဗုဒ္ဓဘာသာဝင် ) နှင့် မိဘ၊ ဘိုးဘွားများ အစဉ်အဆက် ကိုးကွယ်ခဲ့သောကြောင့် ကိုးကွယ်လာသော ( မိရိုးဖလာ ဗုဒ္ဓဘာသာဝင်) တို့ဖြစ်ပါတယ်။
မြန်မာပြည်မှာ တကယ့်ဗုဒ္ဓဘာသာဝင် ပေါင်းများစွာရှိကြပါတယ်။ ထိုအထဲကမှ ကျောင်းဆရာကြီး ဦးခင်မောင်ရဲ့ တကယ့်ဗုဒ္ဓဘာသာဝင် တစ်ဦးအဖြစ် လုပ်ဆောင်ချက်တချို့ကို တင်ပြချင်ပါတယ်။ ဆရာကြီးက တကယ့်စံပြ ကျောင်းဆရာ တစ်ဦးဖြစ်ပြီး ကျွန်တော့်တို့နယ်ဘက်မှာ အလေးစားရဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာကြီးက ကျောင်းသား/သူများကို ဆုံးမသလို ကိုယ်တိုင်လည်း ဆေးလိပ်၊ကွမ်း၊ အရက်သေစာ၊ လောင်းကစား ဘာတစ်ခုမှ မလုပ်ဆောင်ပဲ စံပြအဖြစ်နေပါတယ်။ ကျောင်းဆရာသက်တမ်း နှစ်ပေါင်း လေးဆယ်ကျော်ထိ သင်ကြားခဲ့ပါတယ်။ ထိုသင်ကြားသော ကာလမှာ တကယ်နေမကောင်းဖြစ်လို့ ကျောင်းမတက်ခဲ့တာက လွဲရင် ကျောင်းပျက်တာတို့၊ စာသင်နောက်ကျတာတို့ လုံးဝမရှိခဲ့ပါဘူး။
ဆရာကြီးက ကျွန်တော်တို့ရွာကျောင်းမှာ နှစ်ပေါင်း လေးဆယ်ကျော် စာသင်ကြားခဲ့သောကြောင့် တနယ်လုံးရဲ့ ဆရာဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အဖေက ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့သလို အိမ်မှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်ကလည်း ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဆရာကြီးရဲ့နောက်ဆုံးစာသင်နှစ်မှာ မှီလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်မိသားစုလုံးရဲ့ ဆရာဖြစ်ပါတယ်။ ရွာကျောင်းမှာ ကျောင်းတက်ခဲ့ကြတဲ့ သူတွေထဲမှာ ကျွန်တော်အဖေအရွယ်ကနေ၊ ကျွန်တော့် အရွယ်ထိ ကျောင်းသား/သူများက ဆရာကြီးရဲ့ တပည့်များဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ဆရာကြီးက ကျွန်တော်တို့နယ်ဘက်ရဲ့ ချစ်ကြောက်ရိုသေ လေးစားရသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပါတယ်။
ဆရာကြီးက ဘာသာရေးကို ရိုသေ ကိုင်းရှိုင်းသလို တပည့်များကိုလည်း ဘာသာရေး လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ကျောင်းသား/သူများကို ဘာသာတရား လုပ်ဆောင်ချင်အောင် ပြောဆို ဆုံးမတတ်ပြီး တကယ်လုပ်ဖြစ် အောင်လည်း လုပ်ဆောင်ခဲ့ပါတယ်။
ရွာကျောင်းမှာ တနင်္လာနေ့နဲ့ သောကြာနေ့ဆိုလျှင် တန်းစီ (school assembly) ကြရပါတယ်။ နိုင်ငံတော်အလံကို အလေးပြု၊ နိုင်ငံတော် သီချင်းကို သီဆိုကြရပါတယ်။ အဲဒီနောက် အားလုံးထိုင်ကြရပြီး ဆရာကြီးက ဆုံးမစကားပြောပါတယ်။ ပြီးတော့ ၀ိပဿနာ အလုပ် (အာနာပါန) ထွက်လေ၊ ၀င်လေ ရှု့ ကြရပါတယ်။ ထိုင်ပုံ၊ ထိုင်နည်းကအစ စိတ်ထဲမှာ ဘယ်လိုထားရမယ်၊ စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို ဆရာကြီးက သေချာပြောပြပါတယ်။ ကျောင်းသား/သူများက ငယ်ရွယ်သူများ ဖြစ်သောကြောင့် အစပိုင်းမှာ မလုပ်ဆောင်နိုင်ကြပါဘူး။ စိတ်မပါကြတာကြောင့်လည်း ဖြစ်ကြပါတယ်။ ဆရာကြီးကို ကြောက်လို့သာ လုပ်ဆောင်ရတာပါ။ တစ်ပတ်ကို နှစ်ရက်လုပ်နေရတော့ တဖြည်းဖြည်းနဲ့ လုပ်တတ်လာကြပါတယ်။ တချို့ကျောင်းသားတွေလည်း စိတ်ဝင်စားပြီ စိတ်ပါလာကြပါတယ်။ တချို့ကျောင်းသားတွေကတော့ ထိုင်ဆိုလို့သာ ထိုင်နေကြပြီး အသံမထွက်ဘဲ လုပ်ချင်ရာလုပ်နေကြပါတယ်။ သူတို့ကလည်း စိတ်မပါလို့သာ မလုပ်ဆောင်ကြတာပါ။ ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာတော့ သိသွားကြပါတယ်။ ၁၅ မိနစ်လောက် တရားထိုင်ပြီး သမ္ဗုဒ္ဓေဂါထာ ကိုရွတ်ဆိုပြီး မေတ္တာပို့ မေတ္တာပွားများကြရပါတယ်။ ညနေကျောင်းဆင်းချိန်မှာ ပထမသံချောင်းခေါက်လျှင် စာသင်တာတွေ၊ တခြားလုပ်နေတာတွေ ရပ်ပြီး အားလုံးမတ်တပ်ရပ်ကြရပါတယ်။ ဒုတိယ သံချောင်းခေါက်လျှင် သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုရပါတယ်။ ပြီးမှ ကျောင်းဆင်းရပါတယ်။
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့တွေမှာ မနက်ပိုင်း ပထမသံချောင်းခေါက်လျှင် ရောက်တဲ့နေရာကနေ မတ်တပ်ရပ်ကြရပါတယ်။ ဒုတိယ သံချောင်းခေါက်လျှင် သမ္ဗုဒ္ဓေဂါထာတော် ကို ရွတ်ဆိုရပါတယ်။ ညနေပိုင်းမှာလည်း သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုကြရပါတယ်။ ဒါကြောင့် ကျောင်းတက်တဲ့ နေ့တွေမှာ တစ်နေ့ကို သမ္ဗုဒ္ဓေဂါထာတော် နှစ်ခေါက်ရွတ်ဆိုကြရပါတယ်။
ကျွန်တော်တို့ရွာကျောင်းမှာ ကျောင်းတက်ခဲ့ဖူးသော ကျောင်းသား/သူများက တခြား ဂါထာတော်များကိုသာ မရရင်၊ မရွတ်ဆိုရင်နိုင်တောင်မှ သမ္ဗုဒ္ဓေဂါထာတော်ကိုတော့ ဘယ်အချိန်ရွတ်ခိုင်း၊ ရွတ်ခိုင်း ရနေကြပါတယ်။ ကုန်ကုန်ပြောရရင် တရေးနိုးထရွတ်ခိုင်းတောင် မမှားအောင် ရွတ်ဆိုနိုင်ကြပါတယ်။ ဒါကြောင့်ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးတွေက ကြီးမား များပြားလှပါတယ်။ ဆရာကြီးက ကိုယ်တိုင်ဘာသာတရား လုပ်ဆောင်သလို၊ သူများတွေ၊ တပည့်တွေကိုလည်း လုပ်ဆောင်နိုင်အောင် ပြုလုပ်ခဲ့တဲ့ ပြုမူလုပ်ဆောင်ချက်က တကယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ လုပ်ဆောင်ချက်လို့ ယူဆမိပါတယ်။
ဒီပို့စ်ကို ဖတ်ခဲ့သော ဗုဒ္ဓဘာသာဝင်များအားလုံး တကယ့်ဗုဒ္ဓ၀င် ဖြစ်အောင်လုပ်ဆောင်ကြပါလို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်ခင်ဗျာ။
ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံး တကယ့်ဗုဒ္ဓဘာသာဝင် နဲ့ ပက်သက်ပြီး အမြင်လေးတွေရေးပေးကြပါလို့ Tag ပါတယ်ခင်ဗျာ။

Read More...(ဆက်လက်ဖတ်ရန်)

December 21, 2007

ဗုဒ္ဓဘာသာသင်တန်း နှင့် ကျွန်တော်

ကျွန်တော့်မိဘများသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်သောကြောင့် ကျွန်တော်လည်း ဗုဒ္ဓဘာသာ ကိုးကွယ်သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့်အမေက ညအိပ်ယာဝင်ခါနီးတိုင်း ဘုရားရှိခိုး ပြီးမှ အိပ်တတ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အမေ ဘုရားရှိခိုးလျှင် ဘေးက လိုက်ပြီး ကပ်နေပါတယ်။ ကျွန်တော်က အငယ်ဆုံးဆိုတော့ အမေကို အပျောက်မခံနိုင်လို့လေ။ ဒါကြောင့် အမေ ဘုရားဦးချလျှင် လိုက်ပြီး ဦးချခဲ့ပါတယ်။ ပြီးတော့ အမေဘုရား ရှိခိုး ရွတ်ဆိုပြီဆိုလျှင် နောက်က သံယောာင်လိုက်ပြီး ရွတ်ဆိုခဲ့ပါတယ်။ အမေက အိပ်ယာထဲမှာလည်း ဘုရားရှိခိုးနည်းကို သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ ဘုရားရှိခိုးနည်းတတ်လာခဲ့ပါတယ်။ ဘုန်းကြီးကျောင်းသို့ သွားပြီး ဥပုသ်၊ သီလ စောင့်ပြီဆိုလည်း ကျွန်တော်က အမြဲလိုက်ပါသွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းက ကျွန်တော့်အိမ်နဲ့ ကပ်လျက်ဖြစ်တဲ့ အပြင် ဘုန်းကြီးကလည်း ကျွန်တော့်ဘကြီင်္း ဘုန်းဘုန်း ဖြစ်သောကြောင့် အမြဲလိုက်ခဲ့တာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းရောက်လျှင် ဘဘုန်းက စားစရာ တခုခု အမြဲကျွေးပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးကျောင်းကို သွားချင်တယ်။ ပျော်လည်းပျော်ပါတယ်။

ဟိုအရင်တုန်းက ကျွန်တော့်တို့ရွာမှာ နွေရာသီကျောင်းပိတ်ရက်ဆို ရွာရှိ ဘုန်းတော်ကြီးများ၊ ကျောင်းဆရာ/မ များနှင့် ရပ်မိရပ်ဘများ ပူပေါင်းပြီး ရွာလယ်ကျောင်းတွင် ဗုဒ္ဓဘာသာ သင်တန်းဖွင့်လျစ်ပါတယ်။ ဒုတိယတန်းဖြေပြီးထားသော ကျောင်းသားများမှ စ၍ တက်လို့ရပါတယ်။ မတက်ချင်လည်း ရပါတယ်။ ကျွန်တော့် အကို၊ အမ အားလုံး ဒီသင်တန်းကို နှစ်စဉ်တက်ရောက်ခဲ့ကြပါတယ်။ ကျွန်တော် ပထမတန်းဖြေထားပြီးတဲ့မှာ အမက ဗုဒ္ဓဘာသာ သင်တန်းက ဆုရပါတယ်။ အမက နေမကောင်းဖြစ်နေလို့ ဆုတက်မယူနိုင်တော့ ကျွန်တော်က ကိုယ်စား တက်ယူခဲ့ပါတယ်။ ဆုယူနေစဉ်မှာ ကြားရတဲ့ လက်ခုတ်သံတွေကြောင့် တော်တော်ပျော်ရွှင်ပီတိ ဖြစ်ခဲ့ရပါတယ်။ ကိုယ့်အလှည့်ကြရင်လည်း ဆုရအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာသင်တန်းကိုလည်း အရမ်းတက်ချင်စိတ်ပေါက်သွားခဲ့ပါတယ်။ ဒုတိယတန်းတက်ခါစကတည်းက ဗုဒ္ဓဘာသာသင်တန်းက စာအုပ်တွေကို အကို၊ အမတွေဆီက ယူထားပြီးစုထားပါတယ်။
ကျွန်တော် ဒုတိယတန်းတက်နေစဉ် ( 88 ) အရေးအခင်း ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းတွေလည်း ရပ်နားခဲ့ရပါတယ်။ ဗုဒ္ဓဘာသာသင်တန်းလည်းရပ်နားခဲ့ပါတယ်။ ကျောင်းတွေပြန်ဖွင့်တော့လည်း ဗုဒ္ဓဘာသာသင်တန်းကို ဆက်လက်၍ မဖွင့်တော့ပါဘူး။ ကျွန်တော် အရမ်းတက်ချင်ခဲ့သော ဗုဒ္ဓဘာသာ သင်တန်းကို မတက်ခဲ့ရတော့ပါ။

Read More...(ဆက်လက်ဖတ်ရန်)

December 18, 2007

မေတ္တာ သာရဏီယတရား

ကာယကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြုမူလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

ဝစီကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျင်၊ အစဉ်အောက်မေ့ဖွယ်။
ချိုသာစကား၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

မနောကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။
(ချမ်းမြေ့ဆရာတော်)

Read More...(ဆက်လက်ဖတ်ရန်)

December 16, 2007

မိတ်ဆွေစစ်

  • သူ၏ အတွေးတို့သည် နှေးကွေးကြပါသည်။
  • သူ၏ စကားတို့သည် နည်းပါးသည်။
  • သို့သော် ရောက်ပြန်ဟပ်ဖို့ ဖန်တီးခြင်း မဟုတ်ပါ။
  • သူသည် မိတ်သင်္ဂဟများအတွက် ကြည်နူးစရာ ဖြစ်ပါသည်။
  • သူဟာ နားထောင်တတ်သည်ဆိုသည်ကို ကြားဖူးသင့်ပါသည်။
( you should have heard him listen )

Read More...(ဆက်လက်ဖတ်ရန်)

December 15, 2007

ကဗျာ (၁၂)

ဆောင်း

ဒီကဗျာလေးက လေးလုံးစပ် လေးသုံးကာရန်လေးပါ။ မမီ(မမယ်လိုဒီရဲ့ ငြိမ်းချမ်းသံစဉ် )ရဲ့ ဘလော့မှာ မမီရေးထားတဲ့ ရိုးရိုးလေးတွေးမိ ကဗျာလေးကို တွေ့ ပြီးရေးဖြစ်သွားတာပါ။

Read More...(ဆက်လက်ဖတ်ရန်)

December 14, 2007

ဖတ်မိသမျှ(၁၀)

ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ

နေမင်းကြီးက ကိုယ့်ရဲ့ ဘ၀ ပထမဆုံးနေ့ကို ခေါ်ဆောင်လာခဲ့တယ်
ညရောက်တော့ လမင်းကြီးက ကိုယ့်ကို ဖမ်းညှို့ထားတယ်။
လေတွေတိုက်နေတဲ့ကြားမှာ မိုးရေစက်တို့ရဲ့ လွှမ်းခြုံခြင်းနဲ့
ကိုယ့်ဘ၀ကို စခဲ့ရတယ်။
လမ်းတွေက ကိုယ့်ကို နေရာပေါင်းများစွာ ပို့ခဲ့တယ်။
နှစ်တွေက ဘယ်နေရာရောက်ရောက် တားဆီးထားကြပြန်တယ်။
သိပ်စိတ်ကူးယဉ်တတ်တဲ့ အရွယ်ဆိုတော့လည်း
ဖြစ်ခြင်တာကို ရအောင်လုပ်မယ် ဆိုပြီး
ခရီးတွေ ကျော်ဖြတ်ခဲ့တယ်….။

ခေတ်ကာလတစ်ခုရဲ့ အချိန်တစ်ခုက ကိုယ့်ကို
နေရာပေးလိုက်တယ်။
အောင်မြင်မှုဆိုတာကလည်း ကိုယ့်ကို လာပြီး
ခဏခြယ်မှုန်းပေးတယ်။
အဖြစ်အပျက်တွေ၊ အဆိုးအကောင်းတွေကလည်း
ကိုယ့်နားမှာ စောင့်ကြည့်နေကြတယ်။
သိပ်တက်ကြွနေတဲ့ အရွယ်ဆိုတော့လည်း
ကိုယ့်စိတ်ထက် ပိုပြီး
အရာရာကို ဂရုမစိုက်ဘဲ ရှေ့ဆက်ခဲ့တယ်။
ပျော်စရာတွေ အများကြီး ရသလို
စိတ်ညစ်စရာတွေလည်း အသေအချာ
ထိတွေ့လာတယ်။
စိတ်တိုင်းမကျမှုတွေ စုပြီးတော့
ကိုယ့်စိတ်ဓါတ်ကိုလည်း ဖျက်ဆီးတတ်လာတယ်။
တစ်ခါတလေလည်း ငယ်ငယ်တုန်းက
အချိန်တွေကို ပြန်မြင်နေမိတယ်။
ပြန်မရနိုင်တော့မယ့် အဖော်ဆိုတာကိုလည်း
သတိရနေမိတယ်။
အရွယ်တွေ ဆုံးရှုံးသွားတယ်ဆိုပေမယ့်
အရင်လို အင်အားတွေ လိုချင်နေမိတယ်…။
တဖြည်းဖြည်းနဲ့ နံနက်တွေမှာ
နေမင်းကြီး ထွက်မယ့်အချိန်ကို စောင့်တတ်လာတယ်။
ညဆိုလည်း လမင်းကြီး ဖမ်းညှို့နိုင်ဖို့
ကိုယ်ကြိုးစားတော့တယ်။
လေတွေ တိုက်နေတဲ့ ညနေခင်းတွေကို
ထိုင်ပြီးတော့ ပြန်ခံစားတတ်လာတယ်။
အဲဒီအချိန်မှာပဲ ကိုယ်တစ်ခု သေချာစွာ
သိလိုက်ရတယ်။
ကိုယ့်ဘ၀မှာ ဘယ်အရာတွေ ဘယ်လိုပဲ ဆုံးရှုံး ဆုံးရှုံး
အရင်က ပြောခဲ့တဲ့စကားတွေ၊
ကိုယ်ရေးခဲ့တဲ့ စာသားတွေ၊
ငယ်ငယ်ကတည်းက ဖြူစင်စွာ ရူးသွပ်ခဲ့တဲ့
သီချင်းတွေဟာ ကိုယ့်အနားမှာ
ပြုံးပြုံးပြုံးပြုံးနဲ့ အမြဲရှိနေတုန်းပဲ…
ကိုယ့်ကို အင်အားတွေ ပေးနေတုန်းပဲ….
အကြိမ်ကြိမ် ကယ်တင်နေတုန်းပဲ၊ ဆိုတာ…

ဒီလိုပါပဲ….ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို
ဖျက်ဆီးခဲ့ကြတာပါပဲ။

မှတ်ချက် ။ ။ မျိုးကျော့မြိုင် ရေးထားခြင်းဖြစ်ပါတယ်။
6.01.2004
By Thayahpu , February 2004


Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments