ပထမ စေတီတော်
မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။ (၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့် လှစ်ပီး မြန်မာနှစ်ဆန်း (၁)ရက် ထိ ကျင်းပပါသည်။
ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာ သို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင် ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထားကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍ မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့် နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကို ချထားတော် မူခဲ့ပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ်သဖြင့် သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
ယခုအခါ မကွေးတံတား (ဧရာဝတီတံတား) ကိုတည်ဆောက်ပီး ဖြစ်သောကြောင့် သွားရေးလာရေး လွယ်ကူသွားပါသည်။ အရင်တုန်းကလို အချိန်ကိုတွက်၍ သွားလာစရာ မလိုတော့ပါ။ သွားချင်ပြန်ချင်သော အချိန်တွင် သွားလာလို့ရနေပါသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဆောင်းအကုန် နွေအကူးတွင် ဖွင့်လှစ်သောကြောင့် ရာသီဥတု သာယာပါသည်။ သို့ပေမယ့် အညာဒေသရဲ့ ဖုန်များကတော့ ပြေးလွှားဆော့ ကစားနေကြပါပီ။ မင်းဘူးကနေ ရွှေစက်တော်ကိုသွားသောလမ်းသည် တောလမ်းဖြစ်သောကြောင့် လမ်းတလျှောက်တွင် ဖုန်များ များပြားနေပါသည်။ ပွဲတော်သို့ရောက်လျင် လူများနှင့် ကားများမှာ ဖုန်များဖြင့် ပြည့်နေပါသည်။ အဲလိုဖုန်များ ပြည့်သလို ပူလည်း ပူအိုက်သောကြောင့် မန်းချောင်းထဲ ဆင်းပီး ရေချိုးရသော အရသာသည် မည်သည့် အရာနှင့် မလဲနိုင်အောင် ခံစားကြရမည်ဖြစ်ပါသည်။ ရေချိုး အနားယူပြီးလို့ ဘုရားဖူးဖို့ တောင်ပေါ်ကိုခြေလျင် တက်ကြရပါသည်။ တောင်ပေါ်တွင် ဘုရားဖူး ရှု့ခင်းကြည့်၊ သဘာဝ ဘေးမဲ့တောကို လေ့လာနိုင်ကြပါသည်။ တောင်ပေါ်က မောမောပန်းပန်းနှင့် ဆင်းလာပြီးလျင်လည်း မန်းချောင်းထဲဆင်း၍ ရေချိုးနိုင်ပါသည်။ ဘုရားပွဲလာသူများသည် ဘုရားလည်း ရေလည်းချိုးကြရပါသည်။ တနေ့ ရေ ၂ ကြိမ်လောက် ချိုးသူများပါသည်။ တချို့ဆိုလျင် အကြိမ်ရေတော်တော်များများ ရေချိုးကြပါသည်။ မြန်မာပြည်အလယ်ပိုင်း အညာဒေသရဲ့ အပန်းဖြေ ကမ်းခြေလေး တခုဖွယ်ဖြစ်ပါသည်။ မန်းချောင်းရေကလည်း ဘယ်လောက်ပဲ ချိုးချိုး အအေးမိတယ် ဖျားတယ် မရှိပါဘူး။ မန်းစက်တော်ရာ ပတ်ဝန်းကျင်ဒေသတွင် ဖူးမျှော်စရာ စေတီများ၊ သွားလာစရာ လေ့လာစရာ နေရာများလည်း ပေါများပါသည်။ ပွဲတော်ကွင်းပြင်ကလည်း ကျယ်သောကြောင့် လူများစည်ကားသောလည်း သွားရေးလာရေး အဆင်ပြေပါသည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်တော်မူ ခဲ့သော နေရာဖြစ်သည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင် ချထားတော်မူသော ခြေတော်ရာ အစစ်များရှိသောကြောင့် လာရောက်ဖူးမျှော် သင့်သလို အညာဒေသ၏ ဖုန်များ၊ ပူအိုက်သော ရာသီဥတုနှင့် အဆင်ပြေအောင် ပျော်ရွှင်စွာရေကစား ရေချိုးနိုင်သော မန်းချောင်း ရှိသောကြောင့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို တခါ တခေါက်တော့ဖြင့် ဘုရားဖူးရင်း၊ ရေကစားရင်း လာရောက်ခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။

ခြေတော်ရာ
အောက်စက်တော်ရာ ညရှုခင်း
ပျော်ရွှင်ဖွယ်ရေကစားနေကြပုံ
10 comments:
UNICEF တာဝန်နဲ့ ငဖဲမြို့ကို ရောက်ခဲ့တုန်းက မြိုခံတွေ လုက်ပို့ပေးလို့ မန်းရွှေစက်တော်ကို ပွဲတော်ချိန် မဟုတ်ပေမဲ့ ရောက်ခဲ့ဖူးခဲ့ ရပါတယ်။ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမယ်ဆိုတာ့ ဆိုင်ကယ်စီးရ လွယ်အောင် ဘောင်းဘီတို ၀တ်ခဲ့တဲ့ ကျွန်တော် လမ်းတစ်လျှောက်က ခြုံနွယ်ပိတ်ပေါင်းတွေ ရိုက်ချက်နဲ့ ခြေထောက်မှာ အရှိုးရာ အထပ်ထပ်ပေါ့။ အောက်စက်တော်ရာက ပွဲတော်ချိန် မဟုတ်တော့ ပိတ်ထားတယ်ဗျ။ အထက် စက်တော်ရာမှာ အမျိုးတွေနဲ့ အစာကျွေးရင်း ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ရေမကူးတတ်တဲ့ ကျွန်တော် ရေချိုးဆင်း တာတော့ မလုပ်ဖြစ်လိုက်ဘူးလေ။ အ၀တ်လဲစရာ နေရာ မရှိတာလဲ ပါတာပေါ့။ ယူလာတဲ့ အစားအသောက်တွေ စားသောက်ပြီး ခဏတဖြုတ်နား ဓါတ်ပုံတွေရိုက် ခဲ့ကြပါတယ်။ အပြန်လမ်းကိုတော့ မြို့ဘက်ကနေ ပတ်ပြန်ပေးလို့ နောက်ထပ် အရှိုးရာတွေ ထပ်မရခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ငဇဲမြို့လေးကို မန်းရွှေစက်တော်နဲ့ အတူ ဘ၀မှာ အမှတ်တရ ရှိနေဆဲပါ။
ဒီလိုတင်ပေးလို့ သန့်ခရု ပါ ကိုရွာသား
ပြောသာ ပြောရသာ ရွေစက်တော်ကို ကျွန်မ တစ်ခေါက်မှ မရောက်ဘူးသေးဘူး။
ဒီလိုပဲ ပုံတွေ ကြည့်ကြည့်နေရတာ။
တစ်ခေါက်လောက်တော့ ရောက်အောင်သွားဦးမယ် ။
ဘယ်တော့ အချိန်မှန်းမသိတော့ တစ်ချိန်ချိန်ပေါ့။
ပို့စ်ပြန်တင်လို့ ၀မ်းသာပါတယ် ။
စောင့်ဖတ်နေပါတယ်။ အမြဲတမ်း ဘလော့ဂင်းနိုင်ပါစေနော်
ခင်တဲ့
နှင်းပွင့်ဖြူလေး
တိုက်ဆိုင်လွန်းစွာပဲေ၇ွှစက်တော်မှာ ရိုက်ခဲ့တဲ့ ၀ါကျင်နေတဲ့ ဖေဖေနဲ့မေမေရဲ့ ဓာတ်ပုံအဟောင်းလေးကို ဒီနေ့ ထုတ်ကြည့်မိတဲ့နေ့..
နောက်ပြီး ငယ်ငယ်က ချောင်းထဲရေဆင်းကူးခဲ့တာ ပိုလွမ်းသွားတယ်ရှင်။
လေးခါရောက်ဖူးတယ်ဗျ။ ဒါပေမယ့် ရိုးမသွားဘူး။ လမ်းမှာ ဖုန်တထောင်းထောင်းနဲ့မို့ ရွှေစက်တော်ရောက်ရင် လူတွေလဲ မျောက်ဖြူတွေနဲ့ တူရောပဲ။ ရောက်လို့ ကားပေါ်က ဆင်းတာနဲ့ တခါတည်း ချောင်းထဲ ဆင်းဆော့ခဲ့တာ မှတ်မိသေးတယ်ဗျ။ တချိန်ချိန်တော့ ထပ်ေ၇ာက်ဖြစ်အုံးမယ် ထင်ပါတယ်ဗျာ။
ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဆိုတော့ ရောက်ခဲ့ဖူးတာကို ပြန် လွမ်းလာသလိုပဲ။ ရေချိုးတုန်း ဆပ်ပြာမျောသွားလို့ အသည်းအသန် လက်ပစ်ကူးပြီး လိုက်ကောက်ရတာကိုလည်း လွမ်းမိတယ်ဗျာ။
Villager ရေ အစ်မ ညခင်း မန်းရွှေစက်တော်ကို ဖေဖော်ဝါရီလထဲမှာဘဲရောက်ခဲ့ပါတယ်…အမတန်ကြည်ညိုစရာ…ပျော်ရွင်စရာကောင်းတဲ့ခရီး စဉ်လေးပါ…ညခင်းလဲ မန်းရွှေစက်တော်အကြောင်းရေးထားပါတယ်…ဒီ စာမျက်နှာကိုရောက်တော့…နောင်နှစ်မှာထပ်မံဖူးမျော်ဖို့ဆန္ဒဖြစ်မိပါတယ်…ဆက်လက်ရေး သားနိုင်ပါစေ…
ကောင်းလိုက်တဲ့ ပို့စ်လေးဗျာ. ဗဟုသုတ တော်တော်ရစေတယ်. ကိုယ်တိုင်ကိုယ်ကျ ရောက်သွားသလိုပဲ. ဒါမျိုးလေးတွေ ထပ်တင်လို့ကတော့ ထပ်ဖတ်ဦးမယ်ဗျာ. ကြိမ်းသွားပြီနော်. တင်သာတင်ပေတော့ဗျို့.. :)
ကျွန်တော်လည်း ရွှေစက်တော်ဘုရားသွားတဲ့အကြောင်းရေးပြီးမှ ဓါတ်ပုံရှာရင်း ဒီမှာအများဆုံးတွေ့တာမို့ ဒီကို ညွှန်းပါရစေ
ကျေးဇူးတင်လျက်
အရမ်းကောင်းတယ်။ဆက်ကြိုးစားပါ။
ရွှေလမ်းငေါလမ်းဝင်းကြည်
တစ်ပုဒ်နဲ့ နာမည်ကျော်ပါပြီကွယ်။တော်တော်ကောင်း၍ရသ၊သုတစာပေစစ်ပါ။
Post a Comment