November 20, 2007

ဆေးပေါင်းခတဲ့ည

တန်ဆောင်မုန်းလပြည့်နေ့ကို ဆေးပေါင်းခတဲ့ညလို့ ခေါ်ကြပါသည်။ နွယ်ပင်၊ မြက်ပင်က အစ ထိုနေ့တွင် စားလျှင် ဆေးဘက်ဝင်သည်ဟု ပြောဆိုကြပါသည်။ ကြယ်တွေစုံသောနေ့ တစ်နေ့ ဖြစ်သောကြောင့် နက္ခတ်ဝါသနာရှင်များ၊ လေ့လာသူများ၊ ပညာရှင်များက ထိုနေ့ကို လက်လွက်မခံပဲ အထူးတလည် စောင့်ဆိုင်း ကြည့်ရှု့ကြပါသည်။

တန်ဆောင်မုန်းလပြည့်နေ့မှာ ဘာသာရေးပွဲများ၊ အခြားပျော်ပွဲ ရွှင်ပွဲများ အများအပြားပြုလုပ်ကြပါတယ်။ ကျွန်တော်တို့ ရွာတွင်လည်း ထိုနေ့က ရွာမြောက်ဇရပ်ရဲ့ နှစ်စဉ် ဘုရားကိုးဆူ ဆွမ်းကပ်သော ရက်မြတ်ဖြစ်ပါတယ်။ ဇရပ်နှင့် ကပ်လျက် အိမ်ဝိုင်းကျယ်ကြီးတွင် ညလုံးပေါက် Video ပြသပါတယ်။ ရွာအတွင်း ဆီမီး လှည့်လည်ပူဇော်ပွဲကိုလည်း နှစ်စဉ်ကျင်းပပါတယ်။ ဘေးပတ်လည် အခြားကျေးရွာများမှ လူငယ်များကလည်း ကျွန်တော်တို့ရွာသို့ လာရောက်ပျော်ရွှင်ကြပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ရွာတွင် အလွန်စည်ကားပါတယ်။


ကျွန်တော် ဘုန်းကြီးကျောင်းသား လုပ်နေသောနှစ်တနှစ်က ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတွေ ပျော်ချင်တာနဲ့ ညပိုင်းလျှောက်လည်ဖို့ ဘုန်းဘုန်းဆီမှာ ခွင့်တောင်းပြီး ပျော်ရွှင်ကြပါတယ်။ ဘုန်းဘုန်းက ည (၁၂) နာရီလောက်ပြန်လာခဲ့ကြလို့ မိန့်ကြားပြီး ခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကျောင်းက စထွက်တော့ ညနေ(၆) နာရီခွဲ လောက်မှာပါ။ ဇရပ် မှာ အကြွေးအမွေးတွေရှိနေတော့ အဲဒီကို အရင်သွားပါတယ်။ ကြွေးတာတွေကတော့ ဆန်ပြုတ်၊ မယ်ဇလီဖူးသုတ်၊ အချိုရည် အစုံပါပါတယ်။ ဒီဇရပ်က ရွာအတွင်း ဆီမီး လှည့်လည်မယ့် အဖွဲ့ရဲ့စုရပ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရောက်တော့ လူတော်တော်စုံနေပါပြီ ဆီမီး များထွန်းညှိကာ လှည့်ဖို့ စီစဉ်နေကြပါတယ်။ ဖျော်ဖြေရေး အဖွဲ့က လည်း နောက်က လိုက်ဖို့ ဒုံးပတ်သံ တညံညံ ပေးပြီး စတင် တီးခတ် သီဆိုနေကြပါတယ်။ ခဏနေတော့ ရွာထဲအနှံ့ လှည်လည်ကြပါတယ်။ ဘုန်းကြီးကျောင်းများကို ၀င်ပြီး ဘုရားများတွင် ဆီမီးများထွန်းညှိပူဇော်၍ ဘုန်းဘုန်းရဲ့ တရားကိုလည်း နာကြပါတယ်။ ကျွန်တော်တို့ရွာတွင် ဘုန်းကြီးကျောင်း ငါးကျောင်းရှိပါတယ်။ ငါးကျောင်း စလုံးတွင်လည်း ဘုရားစေတီများ ရှိပါတယ်။ ဆီမီး လှည့်လည်ရေး အဖွဲ့ကလည်း ငါးကျောင်းစလုံးကို ၀င်ကြရပါတယ်။ ဘုန်းဘုန်းကြွေးသော စားသောက်ဖွယ်ရာများကို လည်း စားကြသောက်ကြပါတယ်။ တစ်ရွာလုံးရှိ လူငယ်၊ လူကြီးများ ညီညီညွတ်ညွတ်နဲ့ ဘာသာရေးနှင့် ပျော်ပွဲ၊ ရွှင်ပွဲ ပြုလုပ်ကြတာက တကယ့်ကို အားရကျေနပ်စရာ၊ ပျော်ရွှင်စရာ ကောင်းလှပါတယ်။

ည(၉) နာရီခွဲ လောက်မှာ Video စတင်ပြသပါတယ်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းသား အဖွဲ့လည်း Video ခဏကြည့်ကြပါတယ်။ ပြီးတော့ ရွာ အတွင်း လှည့်ပြီး ပန့်သကူ ရှာကြပါတယ်။ ကျွန်တော်တို့လို ပန့်သကူ ရှာကြတဲ့ အခြားဘုန်းကြီးကျောင်းသားများ၊ အခြားအဖွဲ့ များ လည်း အများကြီးတွေ့ရပါတယ်။ အားလုံးက ပန့်သကူရှာလိုက်၊ Video ပြန်ကြည့်လိုက် နဲ့ပျော်ရွှင်နေကြပါတယ်။ ကျွန်တော်တို့ ရွာက တချို့ လူချမ်းသာာများနှင့် တချို့ လူကြီးများက ပန့်သကူပစ်လေ့ ပစ်ထရှိသောကြောင့် ယခုလို လိုက်ရှာနေကြခြင်း ဖြစ်ပါတယ်။ လိုက်ရှာလို့ ရတဲ့သူများ ရှိသလို၊ နံနက်လင်းမှ လမ်းသွား လမ်းလာများ၊ အမှတ်မထင်တွေ့သူများလည်း ရှိကြပါတယ်။


တန်ဆောင်မုန်းလပြည့်နေ့တွင် ပျော်ကြသူများတွင် ပျော်နည်းမျိုးစုံ၊ ရည်ရွယ်ချက် မျိုးစုံ၊ လုပ်ဆောင်ချက်မျိုးစုံ ရှိကြပါတယ်။ ကျွန်တော်တို့ ပန့်သကူ လိုက်ရှာနေတုန်းမှာ ရွာက ကာလသား အစ်ကိုကြီး အုပ်စုတစုက သောက်ဖို့၊ စားဖို့ သူက ဘာတာဝန်ယူ ငါက ဘာတာဝန်ယူမယ်ဆိုပြီး အစီအစဉ်များလုပ်နေတာကို တွေ့ရပါတယ်။ ရွာလယ် ဘုန်းကြီးကျောင်းနားရောက်တော့ အဖွဲ့ တဖွဲ့က ဘုရားဝန်းထဲက ဘုရားတစ်ဆူကို ၀ိုင်းပြီးသယ်နေတာကိုတွေ့ရပါတယ်။ ချမ်းသာသော အိမ်( ချမ်းသာပြီး ကပ်စီးနဲသောအိမ်) ရှေ့တွင် ချထားဖို့လို့ ပြောပါတယ်။ အဲလို ချထားရင် ချထားခံရတဲ့ အိမ်က နောက်နေ့ မှာ ဘုရားဆွမ်းကပ်ပြီးမှ နဂိုကျောင်းဆောင်သို့ ပင့်ဆောင်၍ ပြန်ပို့ရပါတယ်။ ရွာကျေးလက်ကျန်းမာရေး ဆေးခန်းရှေ့ရောက်တော့ ကျန်းမာရေးမှု ဆရာကြီး စိတ်ဆိုးနေတာကို တွေ့ရပါတယ်။ သူ့ဆေးခန်းထဲက ကြံပင်တွေ နှုတ်သွားလို့တဲ့ ဘယ်သူတွေမှန်းလည်း မသိလိုက်ဘူးလို့ပြောပါတယ်။ ရွာတောင်တံခါးနားမှာ သစ်တုံးကြီး တစ်တုံးကို လမ်းပေါ်မှာ ချထားကိုတွေ့ပါတယ်။ သစ်တုံးကြီးကို ခက်ခက်ခဲခဲ ပင်ပန်းကြီးစွာ သယ်ယူရလောက်ပါတယ်။ နှောက်ယှက်ချင်တဲ့ စိတ်နဲ့ မဟုတ်ပဲ ပျော်ပါးချင်လို့ စနောက်ကြတာဖြစ်ပါတယ်။ မိန်းမ ခိုးဖို့ စီစဉ်နေကြတဲ့ အစ်ကိုကြီးများ၊ ကြက်ခိုးဖို့ စီစဉ်နေတဲ့ အစ်ကိုကြီးများ ကိုလည်းတွေ့ခဲ့ရပါတယ်။


ကျွန်တော်တို့ ဘုန်းကြီးကျောင်းသား အဖွဲ့လည်း ပန့်သကူ ရှာ လိုက် Video ပြန်ကြည့်လိုက်နဲ့ အချိန်ကို သတိမထားမိကြပါဘူး။ Video ပြသတဲ့ နေရာကို တခေါက်ပြန်ရောက်တော့ ဘေးနား က အစ်ကို တယောက်ကို နာရီမေးလိုက်တော့မှ နံနက် (၂) နာရီ ရှိနေမှန်းသိရပါတော့တယ်။ အဲဒီအချိန်ကြမှ ကျွန်တော်တို့လည်း နောက်ကြနေမှန်း သိပြီး ဘုန်းကြီးကျောင်းကိုပြေးရပါတော့တယ်။ ကျောင်းရောက်တော့ ကျောင်းပေါ် တံခါးက ပိတ်နေပါပြီ၊ အသာလေးဆွဲဖွင့်ကြည့်လိုက်တော့လည်း မပွင့်တော့ပါဘူး။ တံခါးလည်း မခေါက်ရဲပါ၊ နှိုးလည်း မနှိုးရဲ တော့ပါဘူး။ ဘုန်းကြီးရဲ့ ကြိမ်လုံးကိုလည်းကြောက်ရပါသေးတယ်။ ဒါကြောင့် ကိုယ့်အပြစ်နဲ့ ကိုပဲ မထူးပါဘူး ဆိုပြီး ကျောင်းဝရံတာက တုံး(အုန်းမောင်း) ထားတဲ့ စင်လေးဘေးမှာ ပုဆိုးခြုံ ပြီးကွေးရပါတော့တယ်။ နံနက် (၄) နာရီ ထိုးတော့ ကပ္ပိယကြီးက တုံးခေါက်ဖို့ ကျောင်းတံခါးဖွင့်ပြီးလာမှ အသာလေး ထပြီး ကျောင်းထဲကို ၀င်၍ အိပ်ရပါတော့တယ်ဗျာ။


ဆေးပေါင်းခတဲ့ည (တန်ဆောင်မုန်းလပြည့်နေ့) နဲ့ ပက်သက်ပြီး တွေ့ကြုံရတဲ့ အဖြစ်အပျက်လေးတွေ၊ ခံစားချက်လေးတွေကို တင်ပြပေးပါလို့ တောင်းဆိုချင်ပါတယ်။
ထိုသူတွေကတော့

ကိုစိုးထက်
မာန်လှိုင်းငယ်
အစ်မ ခွန်မြလှိုင်
မဆုဝေ (ဆုဝေ ရဲ့ အတွေးရပ်ဝန်း)
ညီမလေး မေပျို (သဲ)

Read More...(ဆက်လက်ဖတ်ရန်)

November 18, 2007

ဖန်ဆင်းရှင်


Read More...(ဆက်လက်ဖတ်ရန်)

November 15, 2007

ယုံတမ်းစကားလိုပြောမယ့် ကျွန်တော်တို့ Cyber ရွာ

မာန်လှိုင်းငယက ယုံတမ်းစကားအကြောင်းရေးဖို့ TAG ထားပါတယ်။ ဘယ်အကြောင်းရေးရရင်ကောင်းမလဲလို့ စဉ်းစားကြည့်လိုက်တော့ ဘာမှ မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ရွာပြန်ပြီး Data ရှာတာပဲကောင်းပါလို့တွေးပြီး ရွာကိုပြန်လိုက်ပါတယ်။

ကျွန်တော်တို့ရွာကို သွားရင် လမ်းမှာ မုန်းချောင်းကို ဖြတ်ကူးရပါတယ်။ ချောင်းကိုကူးချင်ရင်တော့ လှေ၊ ဖောင်( လှေကြီးနှစ်စီးကို သစ်သားကပ်များဖြင့် တွဲထားသော ရေယာဉ်)၊ တံတား (ဆိုင်ကယ်၊ စက်ဘီး သာကူးလို့ရ) နဲ့ သာကူးဖြတ်ရပါတယ်။ ဒီတခေါက်တော့ မုန်းချောင်းကို သံကူကွန်ကရစ် ခြောက်လမ်းသွားတံတားကြီး နဲ့ တွေ့လိုက်ရတယ်။ တဖက်ကမ်းကို ကူးလိုက်တော့ တံတားထိပ်ကနေ ရွာအထိ နိုင်လွန် ကတ္တရာ လမ်းလေးက ဖြောင့်လို့ဗျာ။ သွားလာနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကလည်း များမှများဗျာ။ ရွာက ကလေးတွေက “အစ်ကို လိုက်ခဲ့ပါလား” လို့ခေါ်ပါသေးတယ်။ ကျွန်တော်က လမ်းလျှောက်ချင်တာရယ်၊ လမ်းမှာ ကျွန်တော်တို့ ကိုင်း(ယာ) ကို ၀င်ကြည့်ချင်သေးတာနဲ့ သူတို့နဲ့ မလိုက်ပဲ လမ်းပဲလျှောက်လိုက်တော့တယ်။

ကျွန်တော်တို့ ကိုင်း နားမှာ ညောင်ပင်ကြီး တစ်ပင်ရှိပါတယ်။ ညောင်ပင်နားရောက်ခါနီးတော့ ရွာက ကလေးတစ်ယောက် အိပ်အမည်းလေး ဆွဲပြီး ညောင်ပင်ရိပ်အောင်ဝင်သွားပါတယ်။ သူက ညောက်ပင်အောင်ရောက်တော့ လက်ထဲက အိပ်ကလေးကိုဖွင့် သီချင်းနားထောင်၊ ခလုပ်ကလေးတွေ နှိပ်နေတယ်။ သေချာကြည့်လိုက်တော့ LapTop လေးပါဗျာ။ ဒါနဲ့ ကျွန်တော်လည်း သူအနားသွားပြီး “ ဟိတ်ကောင် ဘာတွေလုပ်နေတာလဲကွ” ဆိုပြီး မေးလိုက်တယ်။ သူက “ ကျွန်တော် နွားကျောင်းရင်းလာတာပါ ဒီမှာ ကအေးတော့နားနေတာ” တဲ့ ဘေးကိုလိုက်ကြည့်တော့ နွားတစ်ကောင်မှ မတွေ့ဘူး။ “မင်းနွားတွေက ဘယ်မှာလဲ မြင်လဲ မမြင်ရပါလား” လို့ ထပ်မေးလိုက်တော့ “ရှိပါတယ် အစ်ကိုရ သူတို့က အေးအေးဆေးဆေးပါပဲ မိညိုတစ်ကောင်ပဲ ဟိုဘက်ရောက်နေတယ်” လို့ ပြောပြီး LapTop Screen ပေါ်ကိုလက်ထောက်ပြီးပြပါတယ်။ သူက နွားတွေလှုပ်ရှားနေတာကို GPS စနစ် တေ၊ွ wireless network system တွေ သုံးပြီး ကြည့်နေတာလေ။

ကျွန်တော်လည်း ကိုင်းကို ခဏကြည့်ပြီး ရွာကို ထွက်လာခဲ့ပါတယ်။ ရွာအ၀င်မှာ ရွာအမည်ဆိုင်းပုဒ်က ခန့်ခန့်ညားညားကြီးတွေ့ရတယ်။ ဘေးနားမှာက သုံးထပ် တိုက်ကြီး တစ်လုံးကိုလည်းတွေ့ရပါတယ်။ တိုက်အမိုးပေါ်မှာလည်း စလောင်းအကြီးကြီးတွေနဲ့လေ။ တိုက်ရှေ့က ဆိုင်းပုဒ်ကို ဖတ်ကြည့်လိုက်တော့ Network Server Centre တဲ့ဗျာ။ ရွာထဲမှာလည်း ဖုန်ဆိုတာ ရှူချင်လို့တောင် မတွေ့ရတော့ဘူးဗျ။ အိမ်တွေကလည်း သက်ကယ်မိုး၊ တဲအိမ်လေးတွေ မဟုတ်တော့ပါဘူး တိုက်တွေနဲ့ ဖြစ်ကုန်ပါပြီ။ ကျွန်တော်တို့ရွာမှာ ဘုန်းကြီးကျောင်း ငါးကျောင်းရှိပါတယ်။ ကျွန်တော့်အိမ်က ရွာဦးကျောင်း(အရှေ့ကျောင်း) နဲ့ ကပ်လျက်ရှိနေပါတယ်။ အိမ်ကို ဘုန်းကြီးကျောင်းထဲက ဖြတ်ပြီး ပြန်လို့ရပါတယ်။ အိမ်ကို မပြန်သေးဘဲ ဘုရားအရင်ဖူးမယ်လို့ စိတ်ကူးပြီး ဘုန်းကြီးကျောင်းထဲကိုဝင် ဘုရားဖူးပါတယ်။ ဘုရားက ကြည်ညိုစရာကောင်းလိုက်တာဗျာ၊ ရွှေရောင် တ၀င်းဝင်းနဲ့လေ။ ရင်ပြင်ကလည်းကြွေပြားတွေနဲ့ သွားလာရတာကျေနပ်စရာ တကယ်ကောင်းပါတယ်။ ကျောင်းဝိုင်းထဲမှာ အဆောက်အအုံတွေ တိုးနေတာကိုလည်း တွေ့ရပါတယ်။ ရှေးလက်ရာ ဘုံအဆင့်ဆင့်နဲ့ ပျဉ်ထောင်ကျောင်းကြီးကလည်း အခန့်သားရှိနေတုန်းပါပဲ။ လျှောက်ကြည့်နေတုန်းမှာပဲ နှစ်ထပ်တိုက်ကျောင်းဆောင်ထဲက ကလေးတွေ LapTop လေးတွေဆွဲပြီး ထွက်လာကြပါတယ်။ ပြီးတော့ ၀င်သွားတဲ့ကလေးတွေကလည်းဝင်သွားကြပါတယ်။ ကျွန်တော်လည်း သိချင်တာနဲ့ လိုက်ကြည့်လိုက်တော့ ကလေးတွေက LapTop တယောက်တလုံးစီ ဖွင့်ထားကြပြီး ရှေ့ကိုအာရုံစိုက်ကြည့်နေကြပါတယ်။ တကယ်တော့ ဘုန်းကြီးတစ်ပါးက Online အသုံးချနည်းပညာကို Projector နဲ့ ထိုးပြီး အခမဲ့ သင်ပေးနေတာပါ။ Software/ Networking Training အချိန်တွေလည်း ညနေကျ ရှိသေးတယ်ဆိုတာကိုလည်း သိခဲ့ရပါတယ်။

ကျောင်းဝိုင်းထဲကနေဖြတ်ပြီး ကျွန်တော့်အိမ်ကို ပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ အမေက “သား ပင်ပန်းသွားပြီလား၊ သားက အိမ်တန်းမပြန်ဘဲ ဘာဖြစ်လို့ ဟိုဟိုဒီဒီ ၀င်နေတာလဲ” လို့မေးပါတယ်။ “ကျွန်တော် ဟိုဟိုဒီဒီ ၀င်နေတာကို အမေဘယ်လိုသိတာလဲ” လို့ ကျွန်တော်မေးတော့ ဧည့်ခန်းက Projector ကိုလက်ညိုးထိုးပြပါတယ်။ ပြီးတော့ ဘေးနားက LapTop ပေါ်က ခလုပ်ကလေးကိုနှိပ်လိုက်တယ်။ Screen ပေါ်မှာ ပေါ်လာတာက ကျွန်တော့်အဖေပုံရိပ် ပါ လယ်ကွင်း ထဲမှာ သွားပြီး စီမံခန့်ခွဲရေးလုပ်နေတာကို တွေ့ရပါတယ်။ အမေက “သားပင်ပန်းလာတယ် နားလိုက်တော့လေ” ဆိုပြီး သူ့အလုပ်သူလုပ်နေပါတယ်။ ကျွန်တော့် အခန်းထဲမှာ LapTop တွေဘာတွေနဲ့ အားလုံးအဆင်သင့်ပါပဲ။ ကျွန်တော်လည်း အနားယူပြီး ရေမိုးချိုး၊ အ၀တ်အစားလဲပြီး အခန်းထဲက ထွက်လာတဲ့ အချိန်မှာ တူမလေးက ကျောင်းကပြန်လာပါတယ်။ သူ့လက်ထဲမှာလည်း LapTop တစ်လုံးနဲ့ပါပဲ။ တူမလေးက ဒုတိယတန်းကျောင်းသူလေးပါ။ တူမလေးက “ဦးလေး နေကောင်းလား၊ သမီး အနားယူလိုက်ဦးမယ်နော်၊ ပြီးရင် Program ရေးရဦးမှာ မလို့ပါ” တဲ့ဗျာ။ ကျွန်တော်က “အေးအေး” လို့ပဲ ပြောလိုက်ရတာပေါ့။

ညနေရောက်တော့ အိမ်မှာမိသားစု အားလုံးစုံစုံညီညီရှိနေကြပါတယ်။၊ ညစာကို ပျော်ပျော်ပါးပါး စားကြ၊ သောက်ကြ၊ စကားစမြည်ပြောကြပါတယ်။ ခဏနေတော့ LapTop တစ်လုံးစီဆွဲပြီး အလုပ်တဲ့သူလုပ်၊ Online တက်တဲ့သူတက်၊ Program ရေးတဲ့သူရေး နဲ့ အားလုံး အလုပ်ကိုယ်စီ လုပ်နေကြပါတယ်။ ကျွန်တော်တစ်ယောက်ထဲပဲ ငေါင်တောင်တောင် နဲ့ ကျန်နေခဲ့ပါတယ်။ ကျွန်တော်က ဘာမှ မလုပ်ချင်တာနဲ့ အိပ်လိုက်ပါတော့တယ်။

နောက်နေ့မနက် ကျွန်တော်အိပ်ယာနိုးတော့ မိသားစုအားလုံး အလုပ်ကိုယ်စီနဲ့ အလုပ်လုပ်နေကြပါတယ်။ ကျွန်တော်က ဘာမှ လုပ်စရာ မရှိတာနဲ့ ကျောင်းပြန်တာပဲကောင်းပါတယ်လို့တွေးလိုက်ပါတယ်။ အဲဒါနဲ့ အမေကို “ကျွန်တော်ကျောင်းကိုပြန်တော့မယ်” လို့ပြော အခန်းထဲက လိုအပ်တဲ့ ပစ္စည်းတွေယူ၊ LapTop လေးလဲယူပြီး (ကျောင်းမှာသုံးဖို့ဗျ၊ ကျောင်းမှာ ရှိမှ မရှိတာလေ) ရွာလေဆိပ်ကိုထွက်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာလည်း လိုလိုသေးမရှိအောင်ကိုပြည့်စုံပါတယ်။ လေယာဉ်စီးရင်း နဲနဲအိပ်ချင်တာနဲ့ မှေးလိုက်တာ အိပ်ပျော်သွားပါတယ်။ အိပ်ယာနိုးတော့ တက္ကသိုလ်တခုရဲ့ ကျောင်းဝကိုရောက်နေပါပြီ ကျောင်းရှေ့မှာလည်း ရေနီမြောင်းကြီးနဲ့လေ ဖုန်တွေကလည်း များလိုက်တာဗျာ၊ ရွာမှာနဲ့တော့ တခြားစီပါပဲ။ နဲနဲပင်ပန်းသလိုရှိတာနဲ့ သေချာဆန်းစစ်ကြည့်လိုက်တော့ ကျွန်တော်က ဆိုက်ကား တစ်စီးပေါ်ရောက်နေတာလေ။ ဒါနဲ့ ကမန်းကတန်း LapTop ကိုရှာကြည့်တော့ မတွေ့တောဘူး။ ဘယ်နားမှာ ကျကျန်နေခဲ့လည်း မသိပါဘူးဗျာ။ LapTop တွေက ရွာမှာပေါပါတယ် ကိစ္စမရှိပါဘူး။ စိတ်ထဲမှာလည်း ဘာမှ မထားတော့ပါဘူး။ ဒါနဲ့ ဆိုက်ကားပေါ်မှာပဲ ထပ်အိပ်လိုက်ပါတော့တယ်ဗျာ။

ယုံတမ်းစကားဆိုပေမယ့် တကယ်ဖြစ်ချင်တဲ့ ဆန္ဒလေးပါ။ နောင်တချိန်မှာ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲဗျာ။

Read More...(ဆက်လက်ဖတ်ရန်)

November 14, 2007

ကံမကောင်း အုန်းမောင်း ကလတက်ဖြစ်

အုန်းမောင်း ဟူသည် “ တောင်တောင်တလောင်တောင်၊ နောင်ဖူ၊ ဒူနောင်ဖု၊ တောင်ပုနေရာဆီးခြုံမှာ၊ တောင်ရာခုတ်တုန်း၊ ရာလုပ်တုန်း၊ ပြောင်းဖူးဖုတ်တုန်း၊ မီးမှုတ်တုန်း” ဟူသော အုန်းမောင်းသီချင်းကို ဆို၍ တုတ်တိုနှင့် တီးခေါက်လျက် ငှက်ခြောက်ရသော ၀ါးပိုးနှက်ဖက်ပိတ် အခေါင်းပေါက် ဖြစ်သည်။

‘အုန်းမောင်း’ ၏ အနက်ကို ဆင်ခြင်သော် ‘အုန်း’ ၏ အနက် ‘မိုးရွာထစ်အုန်း၊ အုန်းငြာခြိမ့်သဲ၊ အုန်းညံခြိမ့်ကြွေး၊ အုန်းအုန်းအင်းအင်း’ စသည်တို့၌ မည်သံ၊ ဟိန်းသံ၊ မြည်သည်၊ ဟိန်းသည်ဟုရ၏။

‘မောင်း’ ၏ အနက် ‘ကြိမ်းမောင်း၊ ခြိမ်းမောင်း၊ တီးယွန်းခြိမ့်မောင်း၊ မောင်းမဲ၊ မောင်းနှင်’ စသည်တို့၌ အော်သည်၊ မြည်သည်၊ အော်သံ၊ မည်သံ၊ အော်မည်၍ နှင်သည်၊ အော်မည်၍ ခြောက်လှန့်သည်ဟု ရ၏။

ထို့ကြောင့် အုန်းမောင်း၏ အနက်မှာ အသံကျယ်လောင်စွာ မြည်ဟိန်းသည့်တီးစရာ၊ ကျေးငှက်တိရစ္ဆာန်များကို ခြောက်လှန့်မောင်းနှင်စရာဟု အဓိပ္ပာယ်ရပေသည်။

အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ကုလားစစ်တပ်များ၏ လှုပ်ရှားမှုကို အချက်ပေးရန် အုန်းမောင်းများကို အသုံးပြုလာကြသည်။ ထိုအခါ အုန်းမောင်းကို ကုလားတတ် ခေါ်ကြရာမှ ကလတက်(ကလဒက်) ဖြစ်ခဲ့လေသည်။

ရှေးလူကြီးများက စာကြောင်းချုံ့လို၍ ‘က္လတက်’ ဟု ‘က’ နှင့် ‘လ’ ကိုဆင့်၍ ရေးတတ်ကြသဖြင့် ဘုန်းကြီးကျောင်းသားများက “ကကြီးလပေါ်တက် ကလတက်” ဟူ၍ ပြက်ရယ်ပြု၍ ဆိုကြသေးသည်။

ကလတက်မှ ကလဒက်သို့။

သံဃာတော်အရှင်မြတ်တို့သည် ၀ိနည်း ဒေသနာတော် အရ နေ့လွဲညစာ ဘုဉ်းမပေးရသောကြောင့် အရုဏ်ဆွမ်း ဘုဉ်းပေးရန် ခွင့်ပြုတော်မူခဲ့ပေသည်။ ထို့ကြောင့် ဆွမ်းချက်ရန် ဆွမ်းပို့ရန်ကာလ ရောက်ပြီဟု အချက်ပေးရန်အတွက် တစ်ရွာလုံး ကြားလောက်သည့် အချက်ပေး ကိရိယာ လိုအပ်လာသည်။ ထိုကိရိယာကို လုံးပတ်သုံးပေ အလျားငါးပေ လောက်ရှိသော သစ်တုံးကို အလျားလိုက် အခေါင်းထွင်းပြီး တင်းပုတ်နှင့် ထုသော အခါ တစ်ရွာလုံးကြားအောင် မြည်ဟိန်းလာသည်။ အချိန်ကာလကို ဖေါ်ပြရန် ပစ္စည်း ဖြစ်၍ ကာလတက်ခေါ်ရာမှ ကလဒက် ဖြစ်လာသည်။ အတိုကြိုက်သူများက တုံးဟုခေါ်ကြသည်။ သစ်တုံးကို ပြုလုပ်ထားသော ပစ္စည်းကို တုံးဟုခေါ်သည်မှာ ခေါ်ထိုက်လှပေသည်။ အချို့ ကျောင်းများက နံနက် သုံးနာရီ၊ တုံးခေါက်သည်။ အချို့က သုံးနာရီခွဲ၊ အချို့ ကလေးနာရီ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းလေတော့သည်။

တုံးကို အချို့ကျောင်းများက ဒေါင်လိုက် ကြိုးနှင့်ဆွဲထား၍ အချို့ကျောင်းများက တုံးလုံး စင်တင်၍ ထားသည်။ သည်ဟာသည်လည်း တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် တုံးခေါက်ပုံမှာ တညီ တညွတ်တည်း ဖြစ်ကြပါသည်။

ရှေးဦးစွာ အသံကြီးကြီး ကျဲကျဲတီးပါသည်၊ တုံးခေါက်သံသည် ကြီး၍ ကျဲရာမှ တဖြည်းဖြည်း၊ အသံတိုး၍ တိုး၍ အသံစိတ်၍ စိတ်၍ လာပြီး အသံပျောက်သွားပါသည်။ ထိုနည်း သုံးကြိမ်သုံးဖန် တီးပါသည်၊ နောက်ဆုံး သံကြီး သုံးချက်ကို စက္ကန့်ခြား၍ တအားဆော်လိုက်ပါသည်။

ဝါတွင်း သုံးလရောက်ကာလတွင် သံဃာတော်များ ဆွမ်းကွမ်း ပိုမို ဖူလုံရန်အတွက် အရုဏ်ဆွမ်းချက်ရန် နှိုးဆော်သည့် အဖွဲ့များက နံနက် သုံးနာရီလောက်ကစ၍ တစ်ရွာလုံးလှည့်ပြီး “ ဘွန္တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့” ဟူသော အသံကြားရသည်မှာလည်း ကြည်နူးဖွယ် ဖြစ်လှပါသည်။

အလျဉ်းသင့်၍ ဖေါ်ပြရလျှင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် အသိဥာဏ်ရှိစွာဖြင့် သာသနာတော်ကို ကြည်ညို ပြုပြင်တတ်ဖို့လိုအပ်လှပါသည်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိတော် မူစဉ်က ကောသမ္ဗီပြည်သား ရဟန်းများသည် မပြောပလောက်သောဖြစ်ရပ်တစ်ခုကို အခြေခံပြီး အငြင်းပွားရာ နှစ်ပက္ခကွဲပြား၍ ရန်မီးများ ကြီးထွားလာခဲ့ရာ ဗုဒ္ဓမြတ်စွာသည် ဆုံးမ၍ မရသော ရဟန်းတော်များနှင့် အတူ မနေတော့ဘဲ ပလလည်း တောသို့ကြွသွားတော်မူခဲ့ပါသည်။ နောက်ဆုံး ၎င်းရဟန်းတော်များ အားလုံးပြန်လည် ညီညွတ်ကြသောအခါမှ ပလလည်း တောမှ ဘုရားကို ပြန်ပင့်ခဲ့ရသည်။ ဤ၀တ္ထုကို သာဓကထား၍ ပဲခူးမြို့မ ဆရာတော် ဘုရားကြီးက သာသနာတော်ကို ကြည်ညိုရာ၌ အသိဥာဏ် ရှိကြရန် လိုအပ်ကြောင်း အုန်းမောင်းအကြောင်းရေးသားတင်ပြရင်း တိုက်တွန်းလိုက်ရပါသည်။ (ဥဿာဆရာအို)

Read More...(ဆက်လက်ဖတ်ရန်)

November 10, 2007

What Kind of Blogger Are You?

... ဘယ္လို ဘေလာ့ဂ္ဂါ မ်ိဳးလဲ ? ...

You Are a Life Blogger!

Your blog is the story of your life - a living diary.
If it happens, you blog it. And make it as entertaining as possible.

ကိုဘလင့်၊ ကိုစိုးထက် တို့ဆီမှာ တွေ့ပြီးအားကျလို့ စမ်းကြည့်လိုက်ပါတယ်

Read More...(ဆက်လက်ဖတ်ရန်)

November 8, 2007

ဆောင်းတစ်ည

မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ဆိုပြီး ရာသီဥတု (၃) မျိုးရှိပါတယ်။ ဒီအထဲမှ ဆောင်းဥတု ကိုအနှစ်သက်ဆုံးဖြစ်ပါတယ်။ အများအားဖြင့်လည်း ဆောင်းဥတုကိုနှစ်သက်လိမ့်မယ် လို့ထင်မိပါတယ်။ ဆောင်းဥတုတွင် နှင်းများကျပြီး အေးချမ်းသာယာပါတယ်။ ပွင့်လင်းရာသီလို့လဲ ခေါ်ကြပါတယ်။ ဘုရားဖူးများ၊ လေ့လာရေးခရီးများ အသွားများဆုံး ရာသီလည်းဖြစ်ပါတယ်။ ဆောင်းဥတုတွင် ရာသီဥတုသာယာပြီး ဘေးအန္တရယ် ကင်းရှင်းပါတယ်။

လူတိုင်းမှာ ဆောင်းရာသီနဲ့ ပတ်သက်ပြီး အဖြစ်ပျက်လေးတွေ၊ အမှတ်ရစရာလေးတွေ ရှိကြမှာ မလွဲပါဘူး။ ကျွန်တော့်မှာလည်း အမှတ်ရ စရာလေးတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အမှတ်ရစရာ၊ အတွေ့အကြုံလေးတွေ တင်ပြချင်ပါတယ်။

ကျွန်တော်တို့ တောင်သူလယ်သမားတွေ အတွက် ဆောင်းဥတုမှာ စပါးများရိုတ်သိမ်းကြရပါတယ်။ စပါးပင်များကိုရိုက်ပြီး ရွာပြင်တလင်း (စပါးနယ်ဖို့အတွက် မြေကိုညီညာအောင် ပြုလုပ်ထားသောနေရာ) တွင် ပုံထား၍ နယ်(ချွေ)ရပါတယ်။ စောစောပိုင်းစပါးများကို တလင်းမလုပ်ရသေးချိန်တွင် ဘုန်းကြီးကျောင်း ကွင်းပြင်တွင် ချပြီး နယ်ရပါတယ်။

ကျွန်တော်(၆)တန်းတုန်းက ကျွန်တော်တို့အိမ်က စပါးများကို ဘုန်းကြီးကျောင်းတွင် ချထားပါတယ်။ ကျွန်တော်က ညစာကိုစောစောစားပြီး ဘုန်းကြီးကျောင်းကို သွားပါတယ်။ ဘုန်းကြီးကျောင်းသားတွေနဲ့ ကစားဖို့လေ။ ကျွန်တော်ဘုန်းကြီးကျောင်းသားဘ၀ ကအနားယူပြီးစ အချိန်ဆိုတော့ ကျောင်းတွေနဲ့က ဘော်ဘော်တွေလေ။ ဘုန်းကြီးကျောင်းကလဲ အဝေးကြီးမဟုတ်ပါဘူး အိမ်နဲ့က ခြံစည်းရိုးပဲခြားတယ်။ ဘုန်းကြီးကျောင်းသွားတယ်ဆိုတော့ ကျောင်းပေါ်တက်ပြီး ဘုရားကိုအရင်ဝတ်ပြုရတယ်။ ပြီးမှ ကျောင်းသားတွေနဲ့ ကောင်လှိုင်းပုံ( စပါးပင်များကိုရိုက်ပြီး စုစည်းထားသော အထုံးလေးများကို ပုံထားသော အပုံ) ပေါ်မှာ သွားကစားကြပါတယ်။ ကျောင်းသားတယောက်က “ကောက်လှိုင်းတွေက နွေးတယ် ကောက်လှိုင်းတွေကို တဲလုပ်ပြီး အိပ်ရရင်ကောင်းမယ်ကွ” ဆိုပြီး စကားစလိုက်တော့ အားလုံးဝိုင်းပြီး တဲ အမြန်လုပ်ကြပါတယ်။ တဲလုပ်တယ်ဆိုတာကလည်း ကောက်လှိုင်းပုံကို လှိုင်ခေါင်းလုပ်တဲ့ သဘောပါပဲ။ ဘေးကကြည့်ရင်တော့ ကောက်လှိုင်းပုံပဲလေ။ လှိုင်ခေါင်းရဲ့အခြေမှာ ကောက်လှိုင်းတွေကို ညီညီညာညာ စီပြီးချထားပါတယ်။ လှိုင်ခေါင်းရှေ့မှာ ကောက်လှိုင်းတွေနဲ့ ပြန်ပိတ်လိုက်ရင် လှိုင်ခေါင်းထဲမှာ လေလုံပြီး နွေးနေပါတယ်။ တဲလေးလုပ်ပြီးတော့ ဘုန်းကြီးကျောင်းသားတွေက အိပ်ဖို့နေရာယူကြပါတယ်။ ကျွန်တော်ကလည်း “အိမ်မပြန်သေးဘူး၊ စောပါသေးတယ် ခဏ၀င်လှဲဦးမယ်” ဆိုပြီး လှဲလိုက်တာ အိပ်ပျော်သွားတယ်။ ကောက်လှိုင်းတွေက ယားပေမယ့် အထဲမှာနွေးနေတော့ အိပ်လို့တော့ ကောင်းတယ်။ အိပ်ယာနိုးတော့ ည ၁၁း၃၀ ရှိနေပြီ။ ကျွန်တော်လည်း ကမန်းကတန်း အိပ်ယာထပြီး အိမ်ကိုပြန်ရတယ်။ အိမ်က လူတွေက ကျွန်တော်ပျောက်လို့ လိုက်ရှာနေကြတယ်။ ကျွန်တော်တို့ တဲလုပ်ပြီး အိပ်နေကြတာကို လူကြီးတွေက မသိလိုက်ကြဘူး။ အိမ်ရောက်တော့ တအိမ်လုံးက ၀ိုင်းပြီး အပြစ်တင်ကြတယ်။ တအိမ်လုံးက အပြစ်တင်တာဆိုလို့ ကျွန်တော့်မှာ အဲဒီတခါပဲရှိဘူးပါတယ်။ အိမ်မှာ ကျွန်တော်က အငယ်ဆုံးဆိုတော့ အားလုံးက ၀ိုင်းပြီးချစ်ကြပါတယ်။ အဖေက အိမ်မှာ ကောင်းကောင်းမွန်မွန်အိပ်နေရသားနဲ့ အဲဒီတဲထဲမှာ သွားအိပ်ရပါ့မလားလို့ပြောပြီး အသားကုန်ဆို(ပြောဆို ဆုံးမတာ) တော့တာပါပဲ။ ရိုက်တော့မရိုက်ဘူး၊ ဒါပေမယ့် ရိုက်တာသာခံချင်တော့လောက်အောင်ကို ပြောနေတော့တာ။ဘာပဲပြောပြော ကျွန်တော်ကတော့ အသာလေး ငြိမ်ခံနေတာပေါ့။ အဖေပြောနေတာ ခဏလေးရပ်လိုက်ဆို ကျွန်တော်က တန်းအိပ်တော့တာပဲ။ ခက်တာက ကျွန်တော်က အဖေ၊ အမေနဲ့ အတူအိပ်တာဆိုတော့ အိပ်ယာထဲမှာလဲ ပြောနေတော့တာပါပဲ။ နောက်ဆုံးတော့ အိပ်ပျော်သွားချင်ယောင်ဆောင် နေလိုက်ရတော့တယ်။

အဲဒီညက စိတ်ညစ်စရာကောင်းပေမယ့်။ အဲလိုအိပ်လိုက်ရတာလေးကိုတော့ ကျေနပ်မိပါတယ်။ ပျော်စရာလဲကောင်း၊ တအိမ်လုံးရဲ့ အပြစ်တင်ခံရတဲ့ အဲဒီဆောင်းည လေးကတော့ ထူးထူးခြားခြား မမေ့နိုင်စရာ အမှတ်တရညလေးပါပဲ။ ဒီလိုမျိုးကောက်လှိုင်းတွေကို တဲလုပ်ပြီး၊ ကောက်လှိုင်းတွေ ကြားထဲမှာ အိပ်ရတဲ့ အရသာမျိုးကို ယခုစာဖတ်သူတွေရဲ့ ၉၉.၉ ရာခိုင်နှုန်းလောက်ခံစားဖူးကြမယ် မထင်ပါဘူး။ ကျွန်တော်တို့လို ရွာသားတွေမှ ခံစားလို့ရတာနော်။

ဆောင်းတွင်းနဲ့ ပတ်သက်ပြီး ဆောင်းတွင်းမှာ အအေးဆုံးခံစားလိုက်ရတဲ့ ခံစားမှု၊ ဆောင်းတွင်း ခရီးသွားအတွေ့အကြုံနှင့် ဆောင်းတည သီချင်း စတာတွေလည်း ရေးဖို့ရှိပါသေးတယ်။ အခုတော့ ဒီလောက်နဲ့ပဲရပ်ထားလိုက်ပါတော့မယ်ဗျာ။

အခုလို ဆောင်းတွင်းအကြောင်းလေး ရေးဖြစ်အောင် Tag ပေးတဲ့ မဆုဝေ ကို အထူးကျေးဇူးတင်ပါတယ်။ မဆုဝေ လည်း ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။

Read More...(ဆက်လက်ဖတ်ရန်)

November 3, 2007

ပညာရှိနှင့်လူမိုက်

အသေဝနာ စ ဗလာနံ၊ ကဏ္ဍိတာနဉ္စသေ၀နာ

လူမိုက်ကိုရှောင်ကြဉ်ခြင်း၊ ပညာရှိကိုပေါင်းသင်းခြင်း မင်္ဂလာ

လူမိုက်လက္ခဏာ (၃) ပါး

၁။ ဒုစ္စိန္တိတစိန္တီ = မကောင်းသော အကြံ အစည်ကိုသာ ကြံစည်လေ့ ရှိခြင်း။

၂။ ဒု ဗ္ဘာသိတဘာသီ = မကောင်းသော စကားကိုသာ ပြောဆိုလေ့ ရှိခြင်း။

၃။ ဒုက္ကဋကမ္မကာရီ = မကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။

ပညာရှိ သူတော်ကောင်း လက္ခဏာ (၃) ပါး

၁။ သုစိန္တိတစိန္တီ = ကောင်းသော အကြံအစည်ကို ကြံစည်လေ့ ရှိခြင်း။

၂။ သုဘာသိတ ဘာသီ = ကောင်းသော စကားကိုသာ ပြောလေ့ ရှိခြင်း။

၃။ သုကတ ကမ္မကာရီ = ကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။

(ဥပရိ ပဏ္ဏာသ၊ စာ ၂၀၁-၂၀၈၊ စာပိုဒ် ၂၄၆)


ဒုစရိုက် (၁၀) ပါး
ကာမ ဒုစရိုက် (၃) ပါး

(၁) သတ္တဝါ၏ အသက်ကိုသတ်ခြင်း။

(၂) သူတစ်ပါး ပစ္စည်းကို မတရားယူခြင်း။

(၃) ကာမ ဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။


ဝစီ ဒုစရိုက် (၄) ပါး

(၁) လိမ်ပြောခြင်း = မုသာဝါဒ

(၂) ကုန်းတိုက်ခြင်း = ပိသုဏ၀ါစာ

(၃) ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း = ဖရုသ၀ါစာ

(၄) အကျိုးမရှိ အနှစ်မရှိသော စကားကို ပြောခြင်း = သမ္ဖပ္ပလာပ၀ါစာ


မနော ဒုစရိုက် (၃) ပါး

(၁) သူတစ်ပါး ပစ္စည်းကို ရလိုသမှု ရှေ့ရှုကြံစည်စိတ် = အဘိဇ္ဈာ

(၂) သူတစ်ပါးကို ဖျက်ဆီးလိုစိတ် = ဗျာပါဒ

(၃) မှားယွင်းသော အယူဝါဒကို ယုံကြည်ကိုးကွယ်ခြင်း


သုစရိုက် (၁၀) ပါး

ကာယ သုစရိုက် (၃) ပါး

(၁) သတ္တ၀ါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း

(၂) သူတစ်ပါး၏ ပစ္စည်းကို မတရား ရှောင်ကြဉ်ခြင်း

(၃) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း


ဝစီ သုစရိုက် (၄) ပါး

(၁) မှန်သောစကားကိုပြောဆိုခြင်း = သစ္စ၀ါစာ

(၂) သူနှစ်ဦး တို့ကိုချစ်ခင် ညီညွတ်စေသော အစေ့အစပ် စကားကိုပြောဆိုခြင်း = အပိသုဏာဝါစာ

(၃) နူးညံ့ချိုသာ သာယာပြေပြစ်သော စကားကို ပြောဆိုခြင်း = သဏှဝါစာ

(၄) အကျိုးရှိ၍ အနှစ်ပြည့်သော စကားကိုသာ ပညာဖြင့် ချင့်ချိန်ပြောဆိုခြင်း = မန္တ၀ါစာ

မနော သုစရိုက် (၃) ပါး

(၁) သူတစ်ပါး၏ ပစ္စည်းကိုရယူလိုစိတ်မရှိခြင်း = အနဘိဇ္ဈာ

(၂) သူတစ်ပါး ကို ဖျက်ဆီးလိုစိတ် မရှိခြင်း = အဗျာပါဒ

(၃) မှန်သောဘာသာ အယူဝါဒကိုယုံကြည် ကိုးကွယ်ခြင်း = သမ္မာဒိဋ္ဌိ

ဆောင်။ ။ သက်တတ်ခိုးမှု၊ ကာမေသု၊ သုံးခုကာယကံ။

မုသား ကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ်မပါ၊ ပြောဆိုတာ၊ လေးဖြာ ၀စီကံ။

သူပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ကြံစည်၊ စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။

ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး သုစရိုက်ကံ။

ဒုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ ပါယ်လေးတန်။

သုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ နတ်နိဗ္ဗာန်။

သတ္တိဂုမ္ဗ ဇာတ်

ဤအရာ၌ ဓားပြလူမိုက်တို့နှင့် ပေါင်းမိ၍ ကျေးမိုက် ဖြစ်ရသော သတ္တိဂုမကျေးနှင့် သူတော်ကောင်းနှင့် ပေါင်းမိ၍ ကျေးလိမ္မာ ဖြစ်ရသော ပုပ္ဖသူဝ ကျေး တို့ကို နှိုင်းယှဉ်ကြည့်သင့်ပါသည်။

ရှေးအခါက ပဉ္စာလ တိုင်းမှ ပဉ္စာလဘုရင်ကြီးသည် တောကစားထွက်ရာမှ ခရီးလွန်ကာ ရွာတစ်ရွာသို့ ရောက်သွား၏။ ရွာတံခါးကို ၀င်မိလျင် “ ဒီ ဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ” စသော ရက်စက် ကြမ်းကြုတ် လှသည့် အသံကို ကြားရ၍ အသံလာရာသို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင် အော်ဟစ် ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။

ထိုရွာသည် ဓားပြရွာဖြစ်၍ ကျေးသားသည်လည်း ဓားပြများနှင့် အတူ အနေကြာလာသဖြင့် ရက်စက် ကြမ်းကြုတ်သော စိတ်ဆိုးစိတ်ယှတ်များ ၀င်နေသည့် သတ္တိဂုမကျေးမိုက်ဖြစ်၏။ ဘုရင်ကြီးသည် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာသဖြင့် ချက်ချင်းပင် ရထားထိန်းကို ရထားကစေကာ ထိုနေရာမှ ထွက်ခွာ လာရာ မကြာမီပင် ရသေ့ကျောင်းတစ်ကျောင်းသို့ ရောက်သွား၏။ ရောက်လျှင် ရောက်ချင်းပင် “ အရှင်မင်းကြီး ကြွတော်မူပါ၊ ထိုင်တော်မူပါ၊ စမ်းရေအေးအေး သောက်တော်မူပါ၊ ချိုမြိန်သော သစ်သီးများကိုလည်း သုံးဆောင်တော်မူပါ၊ ရှင်ရသေ့များ သစ်သီးရှာ သွားနေခိုက် ဖြစ်လို့ အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည့်သူမရှိ၍ စိတ်မကောင်းပါ၊ အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင်ဧည့်ဝတ် မပြုနိုင်ဘဲ ဖြစ်နေပါသည်၊ အရှင်မင်းကြီး ကိုယ်တိုင်သာ အလိုရှိသလို သုံးဆောင်တော်မူပါတော့” စသော သာယာချေငံသည့် ဧည့်ခံစကားကိုကြားရ၍ အသံလာရာ သို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင်ကိုပင် တွေ့ရပြန်သည်။

ကျေးသား၏ သာယာချေငံလှသော ဧည့်ခံစကားကြောင့် မင်းကြီး၏ ပင်ပန်းနွမ်းနယ်မှုတို့သည် တစ်မုဟုတ်ချင်း ပျောက်ငြိမ်း သွားကြကာ ကြည်သာရွှင်လန်း အပန်းပြေ သွားတော့၏။

ဤကျေးသားကား ရသေ့ သူတော်စင်များနှင့် အနေကြာသဖြင့် သူတော်ကောင်းဓါတ် အရှိန်ဟပ်၍ သူမြတ်စိတ်ဝင်ကာယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝ ကျေးလိမ္မာဖြစ်၏။

မင်းကြီးက ယခင်တွေ့ခဲ့သော ကျေးသားနှင့် ယခုကျေးသား တို့ ကွားခြားပုံကို ပြောပြရာ ကျေးသားနှစ်ကောင်မှာ တစ်အူထုံ့ဆင်း ညီရင်း အစ်ကိုများ ဖြစ်ကြကြောင်း၊ လေပြင်း တိုက်သဖြင့် အသိုက်မှ လွင့်ကာ တကွဲ တပြားစီ ကျရာတွင် ယခင်ကျေးသားက ဓားပြများထံ ရောက်သွား၍ ယခုကျေးသားက ရသေ့ တို့ထံ ရောက်လာခြင်းဖြစ်ကြောင်း ပုပ္ဖသူဝကျေးလိမ္မာရှင်းပြသဖြင့် မင်းကြီးသိရ၏။

ထို့နောက် ကျေးလိမ္မာက နီတိစကားဆက်လက်ပြောကြားပြန်၏။

“အရှင်မင်းကြီး၊ ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်လျှင် သမန်းမြက်ပါ အပုပ်နံ့ နံပါသည်။ ထို့အတူပင် သူမိုက်နှင့်ပေါင်းသင်းလျှင် မိုက်စိတ်ဝင်ကာ သူမိုက်သာဖြစ်ရပါသည်။”

ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယောနရော ဥပနယှတိ။
ကုသာပိပူတီ ၀ါယန္တိ၊ ဧ၀ံ ဗာလူပ သေ၀နာ။

“အရှင်မင်းကြီး၊ တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်ပါ ပန်းရနံ့ မွှေးကြိုင်ပါသည်။ ထို့အတူ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းလျှင် သူတော်စိတ်ဓါတ် အရှိန်ဟပ်ကာ သူတော်သူမြတ်ပင် ဖြစ်ရပါသည်။”

တဂရဉ္စ ပလာသေန၊ ယောနရော ဥပနယှတိ။
ပတ္တာပိသုရဘိ ၀ါယန္တိ၊ ဧ၀ံ ဓီရူပသေ၀နာ။

ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းရ၍ အသိအလိမ္မာ ကြွယ်ဝလှသော ကျေးလိမ္မာ၏ နီတိစကားကို ပီတိပွားလျက် မင်းကြီး မှတ်သားလိုက်ရ၏။

(ဇာတက-ဋ္ဌ ၄၊ နှာ-၄၃၂၊ ၀ီသတိနိပါတ်၊ ဇာတ်-၅၀၃၊ သတ္တိဂုမ္ဗဇာတ်)

“ဘေးရန် ဥပဒ် အန္တရာယ် မှန်သမျှသည် ဒုစရိုက်ပြုသူ လူမိုက်ကြောင့်သာ ဖြစ်ပေါ်ကြ၏။ သူတော်ကောင်းကြောင့် မဖြစ်ပေါ်ပေ။”
“ထို့ကြောင့် လူမိုက်ဖြစ်ကြောင်း ဒုစရိုက် တရားတို့ကို ရှောင်ရှား၍ သူတော်ကောင်း ဖြစ်ကြောင်း သုစရိုက် တရားတို့ကို ကျင့်ကြံပွားများ အားထုတ်ကြရာ၏။”

(အဂုင်္တ္တိုရ်၊ ပ၊ နှာ-၉၉၊ စာပိုဒ် -၁၊ တိက၊ ဘယသုတ်)

မှတ်သားရန်။ ။ ကိုယ့်ထက်သာသူ၊ တန်းတူလူ၊ တွေ့မူပေါင်းသင်းလေ။

ထိုသူ နှစ်စား၊ မတွေ့ငြား၊ တစ်ပါးတည်းသာနေ။

လူမိုက်ကိုကား၊ မပေါင်းငြား၊ ရှောင်ရှား ဝေးဝေးနေ။

ပညာမဲ့သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆင်းရဲသည်။

ပညာရှိအား၊ ဆည်းကပ်ငြား၊ ကြီးပွားချမ်းသာသည်။

ဆိုင်ရာ ကိစ္စ၊ ကျ, န မမြင်၊ မကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆုံးရူံးသည်။

ဆိုင်ရာ ကိစ္စ၊ ကျ, န သိမြင်၊ တတ်ကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ကြီးပွားသည်။

(မူလပဏ္ဏာသ၊ ၂၈၆၊ စူဠဂေါပါလကသုတ်)

ဒေ၀ဒတ် ။ ။ လူဆိုးလူမိုက်ကြီး ဒေ၀ဒတ်နှင့် ပေါင်းသင်းမိ၍ အဇာတသတ် ဘုရင်သည် ဖခင်ကိုသတ်မိသဖြင့် ရနိုင်ခွင့်ရှိသည့် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆုံးရူံးရရုံမျှမက အ၀ီစိငရဲ၏ အရံဖြစ်သော ဥဿဒ ငရဲ သို့ပင် ကျရောက်ရ၏။

အဂုၤလိမာလ ။ ။ လူတစ်ထောင်မက သတ်ဖြတ်ခဲ့သော လူဆိုးကြီး အဂုင်္လိမာလသည် မြတ်စွာဘုရား တည်းဟူသော သူတော်သူမြတ်နှင့် တွေ့ဆုံဆည်းကပ်ခွင့်ရ၍ လူဆိုး ဘ၀မှ လွတ်မြောက်ရုံမျှမက အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွား၏။

(ကိုးကား ။ ။ ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာ)

အစ်မခွန်မြလှိုငTag ထားသောကြောင့် ရေးဖြစ်သော ပို့စ်လေးပါ။ အစ်မလိုချင်သလောက်ထိ မရေးနိုင်တာကိုတော့ ခွင့်လွှတ်ပါခင်ဗျာ။

Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments