March 30, 2008

ကျွန်တော့် အဖြစ်အပျက်များ

အိပ်စက်ခြင်းနှင့်ဆိုင်သော (၃)
သို့မဟုတ်
ကျွန်တော့်အဖြစ်အပျက်များ

တင်ပြီးခဲ့သော အိပ်စက်ခြင်းနှင့်ဆိုင်သော အကြောင်းအရာများ ရေးသားဖြစ်ခြင်းမှာ အခု တင်ပြမည်ဖြစ်သော အကြောင်းအရာကို ရေးချင်သောကြောင့် ရေးသားဖြစ်ခြင်း ဖြစ်ပါသည်။ အရင်တင်ပြပြီးခဲ့သော အကြောင်းအရာများနှင့် မတူသော အိပ်စက်ခြင်းနှင့် ဆိုင်သော နောက်ထပ် အကြောင်းအရာတစ်ခုကို တင်ပြချင်ပါသေးသည်။ လုံးဝ အိပ်ပျော်သွားခြင်းလည်း မဟုတ်၊ အိပ်ယာနိုးနေသည်လည်း မဟုတ်သောအချိန် ( အိပ်မပျော် တပျော်အချိန်) တွင် ဖြစ်တတ်ပါသည်။

ကိုယ်တိုင်ဖြစ်ခဲ့သော အဖြစ်အပျက်လေးကို တင်ပြပါမည်။ ညဘက် ကောင်းကောင်းမအိပ်ဖြစ်တာ ၃၊ ၄ ရက်ရှိနေပါသည်။ မနက် ၃ နာရီခွဲ ၄ နာရီလောက်မှပဲ အိပ်ဖြစ်နေပါသည်။ အဲဒါကြောင့် အိပ်ရေးပျက်ပြီး အိပ်ချင်နေ၍ မနက် ၁၀ နာရီခွဲ လောက်မှာ အဆောင်ပြန်ပြီး အိပ်လိုက်ပါသည်။ အခန်းထဲမှာ ခုတင် နှစ်လုံး ရှိပေမယ့် လေသာအောင် ပြတင်းပေါက်နဲ့ မလှမ်းမကမ်းမှာ Dream Bed လေးချ၍ အိပ်လိုက်ပါသည်။ အိပ်လို့ပျော်ခါနီးမှာ ဆရာရောက်လာသောကြောင့် အခန်းတံခါး ဖွင့်ပေးရပါသည်။ ဆရာက အ၀တ်လျှော်၊ ရေချိုး လာခြင်းဖြစ်ပါသည်။ ဆရာက အ၀တ်လျှော်၊ ရေချိုး ပြီးရင် ထမင်းစားသွားမယ်လို့ပြောပါသည်။ ဆရာအလုပ်အားလုံးပြီးရင် ကျွန်တော့်ကိုနိုးပါလို့ ကျွန်တော်ကလည်း ပြန်လည်ပြောကြားခဲ့ပါသည်။ ဒါကြောင့် စိတ်ချလက်ချ အိပ်လိုက်ပါသည်။ အိပ်ပျော်နေတုန်းမှာ ဒုန်း ဒုန်း ဆိုတဲ့ မြည်သံကြောင့် နိုးလာခဲ့ပါတယ်။ နိုးတယ်ဆိုပေမယ့် လုံးဝ အိပ်ယာနိုးခြင်းမျိုး မဟုတ်ပါ။ ရေချိုးခန်းထဲမှာလည်း ဆရာ အ၀တ်လျှော်နေတဲ့ အသံကိုကြားနေရပါတယ်။ မြည်သံက ပြတင်းပေါက် ဖွင့်ထားလို့ လေတိုက်ပြီး ပြတင်းပေါက်လှုပ်ရှားလို့ မြည်ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် အိပ်ယာထဲက မထချင်ပဲ ထ၍ ပြတင်းတံခါးကို ပိတ်လိုက်ပါတယ်။ ပြီးတော့ ပြန်လည် အိပ်ခဲ့ပါတယ်။ ပြန်လည်အိပ်လို့ အိပ်ပျော်နေတုန်းမှာပဲ နောက်တခါ ဒုန်း ဒုန်း ဆိုပြီး အသံ မြည်လာပြန်ပါတယ်။ သေချာနားထောင်ကြည့်လိုက်တော့ လေတိုက်၍ ပြတင်းပေါက် လှုပ်ရှားပြီး မြည်တဲ့ အသံဖြစ်ပါတယ်။ အံ့သြ သွားတာက ခုနတုန်းက သေချာပိတ်ထားတဲ့ ပြတင်းပေါက်ကပဲ ပွင့်ပြီး မြည်တဲ့ မြည်သံဖြစ်ပါတယ်။ ပြတင်းပေါက်ကို ဆရာက ပြန်ဖွင့်ထားတာလို့ ထင်မိလိုက်ပါတယ်။ ဒါပေမယ့် ဆရာက ရေချိုးခန်းထဲက ထွက်မလာသေးပါဘူး။ ဒါကြောင့် နောက်တစ်ခါ အိပ်ယာထပြီး ပြတင်းပေါက်ကို သေချာပြန်ပိတ်လိုက်ပါတယ်။ ရေချိုးခန်းနားသွားပြီး ဆရာ အ၀တ်လျှော်၊ ရေချိုးတာ ပြီးတော့မလားလို့ မေးလိုက်တော့ အ၀တ်လျှော်ပြီးပြီ၊ ရေချိုးဖို့ကျန်သေးတယ်လို့ ပြောပြီး အ၀တ်တွေလှန်းရန်ထွက်လာပါတယ်။ ပြတင်းပေါက်ကို ဆရာ ပြန်ဖွင့်လိုက်တာလားလို့ မေးတော့ ဆရာအဖြေစကားကြောင့် အံ့သြသွားရပါတယ်။ ဆရာပြောတာက မဖွင့်ပါဘူး ရေချိုးခန်းထဲကကို မထွက်ရသေးဘူး တဲ့။ အခန်းထဲမှာလည်း ဆရာနဲ့ ကျွန်တော် နှစ်ယောက်တည်းပဲ ရှိနေပါတယ်။ အ၀င် ပေါက် တံခါးမကြီးကိုလည်း ဂျက်ထိုး(ချ)ထားပါတယ်။ ဒါဆို ဘယ်သူပြန်ဖွင့်တာလဲလို့ စဉ်းစားကြည့်မိပါတယ်။ အမှန်တကယ်တော့ ပထမ တစ်ခါ အိပ်ယာထဲနေ ထပြီး ပြတင်း ပေါက်ကို ပိတ်လိုက်တယ်ဆိုတာ တကယ်ထသွားပြီး ပိတ်တာ မဟုတ်ဘူး ဖြစ်နေပါတယ်။ အသံကြားလို့ စိတ်ထဲကနေ ပိတ်ချင်နေတာ ခန္ဓာကိုယ်က ပါမသွားပါဘူး။ ဒါပေမယ့် စိတ်က သွားပြီး ပိတ်လိုက်တယ်။ အဲဒါကြောင့် စိတ်ထဲမှာ တခါးပိတ်ပြီးပြီလို့ ထင်လိုက်မိတာဖြစ်ပါတယ်။ ပြတင်းပေါက်လည်း ပိတ်ချင်၊ အိပ်ယာကလည်း မထချင်၊ အိပ်ပျော်နေတာလည်း မဟုတ်၊ မပျော်ဘူးလည်း မဟုတ်နဲ့ ဖြစ်နေတာပါ။ ဒါကြောင့် ပိတ်ချင်တဲ့ စိတ်က သွားပြီး အိပ်ယာမထချင်တဲ့ ခန္ဓာကိုယ်က ကျန်ခဲ့တာဖြစ်ပါတယ်။ စိတ်ထဲက သွားပြီး ပိတ်လိုက်တယ်ဆိုတော့ တကယ်ပိတ်လိုက်တာ မဟုတ်ဘူးပေါ့ဗျာ။ အဲဒါကြောင့် နောက်တခါ လေတိုက်တော့ ပြတင်းပေါက်က အသံမြည်လာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးကို ကြုံတွေ့ခဲ့ရလို့ အိပ်စက်ခြင်းနှင့်ဆိုင်သော အကြောင်းအရာလေးတွေကို စဉ်းစားပြီး ရေးသားမိခြင်းဖြစ်ပါတယ်။ သိလို့၊ တတ်လို့၊ နားလည်လို့ ရေးသားခြင်း မဟုတ်ပါ။ ကျွန်တော့် အဖြစ်အပျက်၊ စိတ်ထဲရှိတာ၊ တွေးမိ ထင်မိတာတွေ ရေးသား ဖေါ်ပြခြင်းဖြစ်ပါတယ်။ မှားတာ၊ လိုအပ်တာ များကို အသိပေး ပြောကြားပေးစေလိုပါတယ်။
အမည်အတိအကျ ဖေါ်ပြ၍ မည်သူကိုမှ Tag မလုပ်ချင်တော့ပါဘူး။ ဒါပေမယ့် အိပ်စက်ခြင်းနှင့်ဆိုင်သော အဖြစ်အပျက်ကလေးတွေ ရှိခဲ့ရင် ရေးသားဖေါ်ပြ ပေးစေလိုပါတယ်။ ရေးသား တင်ပြဖြစ်ခဲ့ရင်လည်း အကြောင်းကြား ပေးပါဦးလို့ တောင်းဆိုပါရစေခင်ဗျာ……

Read More...(ဆက်လက်ဖတ်ရန်)

March 29, 2008

အိပ်စက်ခြင်းနှင့်ဆိုင်သော (၂)

အိပ်စက်ခြင်းနှင့်ဆိုင်သော (၂)

အိပ်နေစဉ် ကယောင်ကတမ်းဖြစ်ခြင်း (ယောင်ခြင်း) မှာ အိပ်နေစဉ် အိပ်နေသူက ခန္ဓာကိုယ်ပြုမူ လှုပ်ရှားမှုဖြစ်ခြင်းနှင့် အသံထွက်၍ ပြောဆိုခြင်း တို့ ဖြစ်ပါသည်။ အိပ်နေသူက အိပ်ယာထ၍ ရေသောက်ပြီး ပြန်အိပ်သွားတတ်ခြင်း၊ အိပ်ယာထ၍ လမ်းလျှောက်ပြီး ပြန်အိပ်သွားခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ခြင်းမှာ ခန္ဓာကိုယ်ပြုမူလှုပ်ရှား၍ ယောင်ခြင်း ဖြစ်ပါသည်။

အိပ်နေစဉ် ပါးစပ်က စကားတွေပြောနေခြင်း၊ ညည်းတွားနေခြင်း စသည်ဖြင့် အမျိုးမျိုးပြောဆိုခြင်းမှာ အသံထွက်ပြောဆိုပြီး ယောင်ခြင်းသည် အသံထွက်၍ ပြောဆို ယောင်ခြင်းဖြစ်ပါသည်။ စကားပြောဆို အသံထွက်၍ယောင်ခြင်းမှာ ရေ၊ ရေ လို့တောင်းသောအခါ အနားက တစ်ယောက်ယောက်က ရေယူလာပေးသောအခါ ဘာမှ မသိတော့ပဲ ပြန်လည်အိပ်ပျော်သွားခြင်းမျိုး ဖြစ်ပါသည်။ ညည်းတွားမှုဖြစ်ခြင်းမှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှု၊ ကျန်းမာရေး မကောင်းမှု စသည်တို့ကြောင့်ဖြစ်တတ်ပါသည်။ အသံထွက်၍ ယောင်ခြင်း ဖြစ်ပေါ်နေစဉ်မှာ ဘေးလူက အိပ်နေသူ (ယောင်နေသူ) ရဲ့ ခြေမကို ချိုး၍ ယောင်နေသူ၏ အဖြစ်အပျက်များထဲမှ သိချင်သော အကြောင်းအရာများကို မေးလျှင် ပြန်လည်ဖြေကြားသည်ဟု ကြားဖူးပါသည်။ ကိုယ်တိုင် စမ်းသပ်ဖူးခြင်းမရှိပါ။ ကြားဖူးသည်ကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
ဘီလူးစီးခြင်း၊ ထမင်းလုံး တစ္ဆေ ခြောက်ခြင်းတို့သည် အိပ်မက်ထဲတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများကို မြင်မက်တတ်ခြင်း ဖြစ်ပါသည်။ အိမ်ခေါင်တိုင်အောက်တွင် အိပ်ခြင်း၊ ပက်လက်လှန်၍အိပ်ခြင်း၊ အိပ်ပုံအိပ်နည်းမမှန်ခြင်း၊ မအိပ်မှီအချိန်ကာလများတွင် ထမင်းလုံးနင်းမိခြင်း စသည်တို့ကြောင့် ထိုသို့ စိတ်လှုပ်ရှားဖွယ်ရာများကို မြင်မက်တတ်ကြသည်ဟု ပြောဆိုကြပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 25, 2008

အတွေးအမြင်(၇)

အိပ်စက်ခြင်းနှင့်ဆိုင်သော

သက်ရှိသတ္တ၀ါတိုင်းသည် အိပ်စက်အနားယူခြင်းကို ပြုလုပ်ကြရပါသည်။ အိပ်နေစဉ် အတွင်းမှာ အဖြစ်အပျက် အမျိုးမျိုး၊ ပုံစံမျိုးစုံရှိကြပါသည်။ ထိုအရာ တချို့ကတော့ အိပ်မက်မက်ခြင်း၊ အိပ်နေစဉ် ကယောင်ကတမ်းဖြစ်ခြင်း( ယောင်ခြင်း ) ၊ ဘီလူးစီးခြင်း၊ ထမင်းလုံးတစ္ဆေခြောက်ခြင်း စသည်ဖြင့် ရှိကြပါသည်။

အိပ်မက်မက်ခြင်းသည် အဖြစ်များသော၊ လူတိုင်းဖြစ်ဖူးသော အရာတခုဖြစ်ပါသည်။ အကြောင်းအရာ တခုခုကို စွဲလမ်းလို့ပဲဖြစ်ဖြစ်၊ ဘာမှ မဆိုင်ပဲဖြစ်ဖြစ်၊ နိမိတ်ပြအိပ်မက်မျိုးပဲဖြစ်ဖြစ် စသည်ဖြင့် အမျိုးမျိုးမြင်မက်ကြပါသည်။ အိပ်မက်ကို နိမိတ်ယူပြီး အဓိပ္ပာယ်ကောက်သလို တချို့ကလည်း အိပ်မက်ကိုပြောင်းပြန် အဓိပ္ပာယ်ယူရသည်လို့ ပြောကြပါသည်။
အိပ်မက်မက်ခြင်း အကြောင်းနှင့်ဆက်စပ်၍ စဉ်းစားမိသော အကြောင်းအရာရှိပါသည်။ သဘာဝတရားနှင့်ပဲဆိုင်မလား၊ စိတ်ပညာနဲ့ပဲ ဆိုင်မလားတော့ မသိပါဘူး။ ကြံကြံဖန်ဖန် စဉ်းစားမိခြင်းလည်း ဖြစ်ချင်ဖြစ်ပါမည်။ အိပ်မက်မက်နေစဉ်တွင်းမှာ အိပ်မက်မက်နေသူ ကိုယ်တိုင်က လှုပ်ရှားခြင်းနှင့် ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်း တို့ဖြစ်ကြပါသည်။ ဥပမာ အိပ်မက်မက်သူကိုယ်တိုင်က လှုပ်ရှားခြင်းမှာ အိပ်မက်ထဲ၌ တစ်ခုခုကို ခြေထောက်ဖြင့် ကန်တယ်လို့ မြင်မက်ရင် ကိုယ်ခန္ဓာကလည်း လိုက်၍ကန်တတ်ပါသည်။ အဲဒါကတော့ အိပ်မက်မက်သူရဲ့ စိတ်နဲ့ ခန္ဓာ ဆက်စပ်ပြီး ဖြစ်ခြင်းကြောင့် ဖြစ်မည်လို့ ယူဆရပါသည်။ ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်းမှာ အိပ်မက်ထဲမှာ တစ်ယောက်ယောက်က ရိုက်တယ်လို့မြင်မက်ရင် အပြင်မှာလည်း တစ်ယောက်ယောက်က၊ သို့မဟုတ် တစ်စုံတစ်ခုက လာရောက်ရိုက်ခြင်းမျိုး ကြုံရတတ်ခြင်း ဖြစ်ပါသည်။ အိပ်မက်ထဲမှာ “၀ုန်း” ဆိုတဲ့ အသံကျယ်ကြီးကြားရတယ်လို့ မြင်မက်ရင် အပြင်မှာလည်း အဲဒီလို အသံမျိုး ဖြစ်ပေါ်တာနဲ့ ကြုံရတတ်ပါသည်။ ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်းမှာ အိပ်မက်ကို ပြည့်စုံ ပီပြင်ဖို့ ပတ်ဝန်းကျင်က ဖြည့်ဆည်းပေးသည်လား၊ ဘေးပတ်ဝန်းကျင်ဖြစ်မှာကို အိပ်မက်က ထပ်တူညီအောင် မက်ခြင်းလား ဆိုသည်ကို နားမလည်ပါ၊ ဝေခွဲ၍လည်း မသိပါ။ အုန်းပင်ပေါ်က အုန်းလက်က ဘယ်အချိန်ကျလာမလဲဆိုသည်ကို ဘယ်သူမှ မသိနိုင်ပါ။ ထို့အပြင် အိပ်မက်ထဲမှာလည်း “၀ုန်း” ဆိုတဲ့ အသံဖြစ်ပေါ်လာမည်၊ “မည်” လာမည်ကို ဘယ်သူမှ မသိနိုင်ပါ။ သို့ပေမယ့် အိပ်မက်ထဲက “မည်သံ” နဲ့ အုန်းလက်ကျ၍ ထွက်ပေါ်လာသော “မည်သံ” တို့သည် ထပ်တူညီပြီး ဖြစ်ပေါ်တတ်ပါသည်။ ဘယ်လို သဘောတရားမျိုးနှင့် ဆက်စပ်ပြီး ထပ်တူကျအောင် ဖြစ်တတ်သလဲဆိုတာ မသိပါ။ စိတ်ပညာဆိုင်ရာ အရတော့ ရှိချင် ရှိနိုင်ပါသည်။ သေချာမသိသေးသော၊ သိချင်သော၊ တွေးမိ၊ စဉ်းစားမိသော အကြောင်းအရာလေး သက်သက်မျှသာ ဖြစ်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 22, 2008

ရုပ်စုံကျောင်းလေး

စစ်ကိုင်းတောင်ရိုး အရိယာဝံသချောင်ရှိ ရုပ်စုံကျောင်းလေး

ရုပ်စုံကျောင်းလေးသည် စစ်ကိုင်းတောင်ရိုး တောင်ဆင်းလမ်းဘေးရှိ အရိယာဝံသချောင်တွင် တည်ရှိပါသည်။ ဒီကျောင်းလေးသည် ရှေးအရင်ကတည်းကတိုင် တည်ရှိနေသော်လည်း ပျက်စီးခြင်း၊ မြင်သာ ထင်သာသော နေရာတွင် မရှိခြင်းတို့ကြောင့် လူသိနည်းပါးပါသည်။ ယခု အခါ ဒီကျောင်းလေးကို ပြန်လည်ပြုပြင်ပြီးသည့်အပြင် မြင်သာအောင်လည်း သစ်ပင် ချုံနွယ်များကို ရှင်းလင်းထားပါသည်။


မြန်မာပြည်တွင် ရုပ်စုံကျောင်းများ ရှိကြပါသည်။ ကျွန်တော်သိသော ရုပ်စုံကျောင်းမှာ စလေ ရုပ်စုံကျောင်း၊ မန္တလေးမြို့ ၆၂ လမ်းရှိ အတုမရှိ ရုပ်စုံကျောင်း၊ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ရှိ ရုပ်စုံကျောင်း နှင့် ယခု ရုပ်စုံကျောင်းလေးတို့ ဖြစ်ပါသည်။ ကျန်ရှိနေသေးရင်လည်း ပြောကြားပေးကြပါလို့ တောင်းဆို အပ်ပါသည်။ မြန်မာတို့ရဲ့ ရှေးလက်ယာ ရုပ်စုံကျောင်းလေးကို လာရောက်ကြည့်ရူ့ လေ့လာနိုင်ကြပါစေခင်ဗျာ။ ရုပ်စုံကျောင်းလေးရဲ့ ပုံလေးများကို အောက်တွင် Scroll Box ဖြင့်ဖေါ်ပြပေးထားပါသည်။



ပုံ(၁)

ပုံ(၂)

ပုံ(၃)

ပုံ(၄)

ပုံ(၅)

ပုံ(၆)

ပုံ(၇)

ပုံ(၈)

ပုံ(၉)

ပုံ(၁၀)

ပုံ(၁၁)

ပုံ(၁၂)

ပုံ(၁၃)

ပုံ(၁၄)

ပုံ(၁၅)

ပုံ(၁၆)

ပုံ(၁၇)

ပုံ(၁၈)

ပုံ(၁၉)

ပုံ(၂၀)

ပုံ(၂၁)

ပုံ(၂၂)



Read More...(ဆက်လက်ဖတ်ရန်)

March 15, 2008

ကဗျာ (၁၆)

တိတ်တခိုး (new version)

လေအသွဲ့ မှာ ယိမ်းနွဲ့ လို့ 
တိမ်းလိုက်တဲ့ သူ့ ဟန်ရယ်
မွေးရနံ့ တွေ သင်းပျံလို့ 
လန်းဆန်းလှတယ်။

မခို့ တရို့  သူ့ ဟန်ရယ်
နမ်းလုမိ ကိုယ့်မှာကွယ်
ထွေးထားတယ် မောင့်အိမ်မက်မယ်
အသဲထဲ ငြိစွဲ ။

ရှက်ပြုံးတုံ့  ခေါင်းငုံ့ စွာ
တုန့်ပြန်တဲ့ လှယမင်းရယ်
တိုးလို့ တာ ချစ်မိပါတယ်
ပျော်မ၀ ရင်ထဲ။

လှမ်းလိုက်မယ် တပွေ့ ပိုက်ရယ် လို့ 
ကြိုလိုက်မယ် ချစ်သဲရယ်
မမှီပါ အမြင့်ပန်းကိုလှ
အားငယ်စွာ ငေးမှိုင်ဆွေးတယ်
ရင်ထဲနာဆဲ။

ဒီကဗျာလေးကို ကိုဂျေ မှ တိတ်တခိုးကဗျာလေး ဖတ်ပြီး Comment မှာ Version ပြောင်း၍ အမှတ်တရ ရေးသားထားခဲ့ခြင်း ဖြစ်ပါတယ်။ ရေးသားချိန် (၁၅)မိနစ်ပဲကြာပါသတဲ့ ခင်ဗျာ။ နောက်ဘာမှ Edit မလုပ်တော့ပဲ ဒီအတိုင်းလေးပဲ ထားလိုက်တော့ခြင်း ဖြစ်ပါတယ်။

Read More...(ဆက်လက်ဖတ်ရန်)

ဟာသ(၃)

အထီးအမခွဲခြားနည်း

“မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ” ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
“ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။”
“အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ”

Read More...(ဆက်လက်ဖတ်ရန်)

March 13, 2008

ဇနီးမောင်နှံများ

စကားများရန်ဖြစ်ကြသည့် ဇနီးမောင်နှံများ ရိုးမြေကျအောင် ပေါင်းသင်းကြရဆို

ဇနီးမောင်နှံများ အားလုံးစကားများ ရန်ဖြစ်ကြသည်မှာ အဆန်း တကြယ် မဟုတ်ပေ။ အချို့ ဇနီးမောင်နှံများဆိုလျှင် မကြာခဏ စကားများ ရန်ဖြစ်တတ်ကြသည်။ သို့သော်လည်း ဇနီးမောင်နှံ အများအပြားမှာ ပို၍စကားများ ရန်ဖြစ်ကြလေလေ ပို၍ရိုးမြေကျအောင် ပေါင်းသင်ကြလေလေ ဖြစ်ကြရာ ဘဝ တစ်သက်တာ ပေါင်းသင်းကြသော ဇနီးမောင်နှံများကို လေ့လာရန်မှာ အံ့သြစရာဖြစ်ဖွယ်ရှိသည်။

ဒေါသကို ချုပ်တည်းမျိုသိပ်ကြသော ဇနီးမောင်နှံများ၏ သေဆုံးနှုန်းသည် အိမ်ထောင်ဖက် တစ်ဦးထက်မနည်း သေဆုံးနှုန်းထက် နှစ်ဆမျှဖြစ်သည်ကို အမေရိကန်ပြည်ထောင်စု၌ ဇနီးမောင်နှံစုံတွဲ ၁၉၂ တွဲကို ၁၇ နှစ်ကြာလေ့လာ သိရှိခဲ့ရသည်ဟု ဆိုသည်။
အဓိကမှာ အချင်းများကြသည့်အခါ ထိုအချင်းများမှုကို မည်သို့ ဖြေရှင်းမည်ဆိုခြင်းဖြစ်သည်ဟု မီချီကန်တက္ကသိုလ် သုတေသန အဖွဲ့ခေါင်းဆောင် အန်းနက်စဟာဘာဂ်က ပြောဆိုသည်။ ဒေါသဖြစ်သည့်အခါ မျိုသိပ်မထားဘဲ ပေါက်ကွဲ ထွက်လိုက်ခြင်းသည် ကျန်းမားရေး အတွက်ကောင်းကြောင်းကို ထပ်မံလေ့လာ တွေ့ရှိခဲ့သည်ဟု သိရသည်။ ဒေါသကို ဖော်ထုတ်လိုက်သူ တစ်ဦးချင်းသည် အခြေအနေတစ်ရပ်အပေါ် ထိန်းချုပ်နိုင်သည့်အပြင် အခြေအနေကို အကောင်းရှုမြင် သုံးသပ်နိုင်သည်ဟု ဆိုသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 12, 2008

ဖြန့်ထွက်တွေးခြင်း

ကြားဖူးသော ပုံပြင်လေးတပုဒ်ရှိပါသည်။ မိန်းမလှလေးနှင့် ငွေချေးသူ ရဟူဒီ အဘိုးကြီး တစ်ယောက်အကြောင်းဖြစ်သည်။ မိန်းမလှလေး၏ အဖေမှာ ကုန်သည်တယောက် ဖြစ်သည်။ အဘိုးကြီးဆီမှ ငွေချေး၍ ကုန်ကူးရာ ကုန်ရှုံးပြီး၊ ချေးငွေ မဆပ်နိုင်။ ရဟူဒီကြီးက မိန်းမလှလေးကို အကြွေးနှင့် သိမ်းချင်၍ ဥာဏ်ဆင်ပုံမှာ ကျောက်ခဲ အဖြူ အမဲ ရွေးချယ်ရမည်။
(၁) ကျောက်ခဲအဖြူရွေးနိုင်လျှင် အကြွေးလျော်မည်၊ ကောင်မလေးကို ဘာမှမလုပ်။
(၂) အမဲရွေးမိလျင် အကြွေးတော့လျော်မည်၊ ကောင်မလေးကတော့ သူ့ကိုယူရမည်။
(၃) ဘယ်ဟာမှ မရွေးဘဲ ခေါင်းမာလျှင်မူ ဖအေကြီးကို တရားစွဲ ထောင်ချမည်။ စသည်ဖြင့်ဖြစ်သည်။

ကောင်မလေးက ကျောက်ခဲရွေးပွဲ လုပ်ရန် သဘောတူလိုက်သည်။ ကျောက်ခဲ ရွေးပွဲမှာ ရဟုဒီကြီး၏ ဥယျာဉ်အတွင်း ကျောက်စရစ်ခင်းထားသော လမ်းပေါ်မှာ ဖြစ်သည်။ ရဟူဒီကြီးက အိတ်တစ်လုံးယူ၍ အလစ်မှာ ကျောက်ခဲ အမဲနှစ်လုံးကို အိတ်ထဲသို့ ထည့်လိုက်ပြီး “ ကဲ-ရွေးပေတော့” ဟု မိန်းမပျိုလေးကို ပြောသည်။ ကောင်မလေးက ရဟူဒီကြီး ကျောက်ခဲ အမဲနှစ်လုံးထည့်လိုက်တာကို မြင်လိုက်သည်။ ကောင်မလေး ဘာလုပ်မလဲ၊ စဉ်းစားကြည့်ပါ၊ သမားရိုးကျ တွေးရိုးတွေးစဉ် အတိုင်း ဆိုလျှင် ကောင်မလေး လွတ်လမ်းမရှိ။
ကောင်မလေး၌ ရွေးစရာ လမ်း (၃) သွယ် ရှိသည်။ (၁) ကျောက်ခဲ မရွေးတော့ ဟု ငြင်းမည်။ (၂) ကောင်မလေး ရဟူဒီကြီး မတရားပုံကို ဖေါ်ထုတ်မည်။ (၃) ကျောက်ခဲအမဲကို သိလျက်ရွေးလိုက်ပြီး ဖအေကြီးကို ကယ်တင်မည်။ ဘယ်လမ်းဖြစ်ဖြစ် မကောင်းပါ။
သာမန်အတွေးက ရွေးချယ်ခြင်း အပေါ်မှာ စဉ်းစားသည်။ ကောင်မလေးကတော့ ရွေးသော ကျောက်ခဲ အပေါ် မစဉ်းစား၊ အခြားတစ်ဘက်မှလှည့်၍ စဉ်းစားလေသည်။ ကျန်ရှိသော ကျောက်ခဲကို စဉ်းစားသည်။ ကောင်မလေးက အိတ်ထဲမှ ကျောက်ခဲကို ယူလိုက်ပြီး ခြေချော်လှဲလိုက်၍ လမ်းပေါ်မှ အခြားကျောက်ခဲများထဲသို့ ရော၍ အသာပစ်ချလိုက်သည်။ ရဟူဒီကြီးက အံ့အားသင့်၍ လက်ထဲမှ ကျောက်ခဲကို မေးသော အခါတွင်မူ “လက်ထဲမှာ ကျောက်ခဲမရှိတော့ဘူး၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ အိတ်ထဲက ကျောက်ခဲကိုကြည့်ပေါ့။ အိတ်ထဲက ကျောက်ခဲက အမဲရောင်ဆိုရင် ကျွန်မရွေးတာ အဖြူပေါ့” ဟုဖြေလိုက်သည်။ လက်ထဲမှ ကျောက်ခဲကို ဗဟိုမပြုဘဲ ကျန်ရစ်မည့်ကျောက်ခဲကို ဦးတည်၍ တွေးသောကြောင့် အဘိုးကြီးလက်မှ လွတ်ရသည်။
မှတ်ချက်။ ။ ဒီပုံပြင်လေးကို ကျွန်တော်ငယ်ငယ်တုန်းက မကွေးမြို့တွင် ဆရာကြီး ဦးအောင်သင်း စာပေဟောပြောပွဲတွင် ပြောကြား၍ ကြားဖူးထားပါသည်။ ဆရာကြီးကလည်း တွေးပုံ၊တွေးနည်းတွေနဲ့ သေချာပြောပြတော့ အရမ်းနှစ်သက် သဘောကျခဲ့ပါသည်။ အခု တခါ ကိုတာရဲ့ ဖြန့်ထွက်တွေးခြင်း စာအုပ်မှာ ပြန်လည် ဖတ်မိသောကြောင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 10, 2008

တိတ်တခိုး

ပန်းတစ်ပွင့်ကို
အနမ်းလေး ခိုးပေးလိုက်ချင်တယ်။ ။
ဒါပေမယ့်
စိတ်ကူးနဲ့ မ၀ံ့မရဲသာ။ ။
တိတ်တခိုးနဲ့ အိပ်မက်တစ်ခုမှာ
ချိုမြိန်စွာ ချစ်ခွင့်ပန်
အနားတိုး ရှက်ပြုံးလေးထဲ
တော်တော်လေး ပျော်ဝင်မိပါရဲ့။ ။
ခုတော့...
ဟိုး အမြင့်ကပန်းကို
အခွင့်လမ်းမဲ့နေတာ
ငါ...ရင်ထဲ နာသလိုပဲ
သြော်... အကြိမ်ကြိမ်ပါပဲလေ
မ၀ံ့မရဲနဲ့ကိုး။ ။
မှတ်ချက်။ ။ဒီကဗျာလေးကို ညီငယ်သားဖြိုးက ကျွန်တော့ အတွက် အမှတ်တရ ရေးပေးထားခြင်းဖြစ်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 7, 2008

မန်းရွှေစက်တော်ဘုရား


ပထမ စေတီတော်

မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။ (၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့် လှစ်ပီး မြန်မာနှစ်ဆန်း (၁)ရက် ထိ ကျင်းပပါသည်။
ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာ သို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင် ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထားကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍ မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့် နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကို ချထားတော် မူခဲ့ပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ်သဖြင့် သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
ယခုအခါ မကွေးတံတား (ဧရာဝတီတံတား) ကိုတည်ဆောက်ပီး ဖြစ်သောကြောင့် သွားရေးလာရေး လွယ်ကူသွားပါသည်။ အရင်တုန်းကလို အချိန်ကိုတွက်၍ သွားလာစရာ မလိုတော့ပါ။ သွားချင်ပြန်ချင်သော အချိန်တွင် သွားလာလို့ရနေပါသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဆောင်းအကုန် နွေအကူးတွင် ဖွင့်လှစ်သောကြောင့် ရာသီဥတု သာယာပါသည်။ သို့ပေမယ့် အညာဒေသရဲ့ ဖုန်များကတော့ ပြေးလွှားဆော့ ကစားနေကြပါပီ။ မင်းဘူးကနေ ရွှေစက်တော်ကိုသွားသောလမ်းသည် တောလမ်းဖြစ်သောကြောင့် လမ်းတလျှောက်တွင် ဖုန်များ များပြားနေပါသည်။ ပွဲတော်သို့ရောက်လျင် လူများနှင့် ကားများမှာ ဖုန်များဖြင့် ပြည့်နေပါသည်။ အဲလိုဖုန်များ ပြည့်သလို ပူလည်း ပူအိုက်သောကြောင့် မန်းချောင်းထဲ ဆင်းပီး ရေချိုးရသော အရသာသည် မည်သည့် အရာနှင့် မလဲနိုင်အောင် ခံစားကြရမည်ဖြစ်ပါသည်။ ရေချိုး နားယူပြီးလို့ ဘုရားဖူးဖို့ တောင်ပေါ်ကိုခြေလျင် တက်ကြရပါသည်။ တောင်ပေါ်တွင် ဘုရားဖူး ရှု့ခင်းကြည့်၊ သဘာဝ ဘေးမဲ့တောကို လေ့လာနိုင်ကြပါသည်။ တောင်ပေါ်က မောမောပန်းပန်းနှင့် ဆင်းလာပြီးလျင်လည်း မန်းချောင်းထဲဆင်း၍ ရေချိုးနိုင်ပါသည်။ ဘုရားပွဲလာသူများသည် ဘုရားလည်း ရေလည်းချိုးကြရပါသည်။ တနေ့ ရေ ၂ ကြိမ်လောက် ချိုးသူများပါသည်။ တချို့ဆိုလျင် အကြိမ်ရေတော်တော်များများ ရေချိုးကြပါသည်။ မြန်မာပြည်အလယ်ပိုင်း အညာဒေသရဲ့ အပန်းဖြေ ကမ်းခြေလေး တခုဖွယ်ဖြစ်ပါသည်။ မန်းချောင်းရေကလည်း ဘယ်လောက်ပဲ ချိုးချိုး အအေးမိတယ် ဖျားတယ် မရှိပါဘူး။ မန်းစက်တော်ရာ ပတ်ဝန်းကျင်ဒေသတွင် ဖူးမျှော်စရာ စေတီများ၊ သွားလာစရာ လေ့လာစရာ နေရာများလည်း ပေါများပါသည်။ ပွဲတော်ကွင်းပြင်ကလည်း ကျယ်သောကြောင့် လူများစည်ကားသောလည်း သွားရေးလာရေး အဆင်ပြေပါသည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်တော်မူ ခဲ့သော နေရာဖြစ်သည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင် ချထားတော်မူသော ခြေတော်ရာ အစစ်များရှိသောကြောင့် လာရောက်ဖူးမျှော် သင့်သလို အညာဒေသ၏ ဖုန်များ၊ ပူအိုက်သော ရာသီဥတုနှင့် အဆင်ပြေအောင် ပျော်ရွှင်စွာရေကစား ရေချိုးနိုင်သော မန်းချောင်း ရှိသောကြောင့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို တခါ တခေါက်တော့ဖြင့် ဘုရားဖူးရင်း၊ ရေကစားရင်း လာရောက်ခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။



ခြေတော်ရာ



အောက်စက်တော်ရာ ညရှုခင်း



























ပျော်ရွှင်ဖွယ်ရေကစားနေကြပုံ

Read More...(ဆက်လက်ဖတ်ရန်)

January 10, 2008

ဒါကိုမဖတ်ပါနဲ့

ဒါကိုမဖတ်ပါနဲ့

တို့ ကြိုပြောထားမယ်နော် ....

ဒါကို မဖတ်ပါနဲ့လို့ .....

မင်း အစက

ကျော်သွားမလို့ပဲ မဟုတ်လား .....

ဘာလို့လာပြီး ဖတ်နေတာလဲ .....

တော်တော့လေဗျာ

ဆက်ဖတ်နေရင်

သက်သက်အချိန်ကုန်တာပဲရှိမယ်

ဒီမှာတင်ရပ်မယ်ဆိုရင်

မင်း အချိန်ကုန်သက်သာမယ် ....

ဘယ်လိုလဲ ........

မတော်သေးဘူးလား .........

အခုဆိုရင်တစ်ဝက်နီးပါးတောင်ရောက်နေပြီ

မင်း ဆက်ဖတ်နေတုန်းပါလား............

တို့သိတယ်နော်..............

မင်းမဖတ်ဘဲ မနေနိုင်တော့ပါဘူး ......

ဘယ်လို.........နေနိုင်တယ် ဟုတ်လား ......

မနေနိုင်ပါဘူးတွေ့လား ..........

မင်း မှန်တယ် ..........

ဒါ ဆက်ဖတ်လို့

ဘာထူးလာမယ်ထင်လဲ. ..............

ဘာမှမထူးပါဘူး .............

နောက်ထပ်နည်းနည်းလေးဘဲ ကျန်တော့တယ် .........

မင်းကိုယ်ကိုယ်ကို

ထိန်းနိုင်တဲ့ စွမ်းအားရှိကြောင်း

ပြတဲ့အနေနဲ့ ရပ်လိုက်စမ်းပါ ....

မရပ်နိုင်ဘူးကြည့်

နောက်ဆုံး စာလုံးအထိရောက်အောင်

အချိန်ကုန်ခံဖတ်ပြီးမှရပ်မှာ

ဟုတ်တယ် မဟုတ်လား .........

စိတ်မကောင်း မဖြစ်ပါနဲ့ဗျာ .............

လူတိုင်း ဒီလိုပါပဲ ...............

ဟဲ ဟဲ ဟဲ ဟုတ်တယ်ဟုတ်

ဒီပို့စ်လေးက မေကိုရေးထားတာပါ မေကိုကို ဘလော့မှာ တင်ထားပြီးသားပါခင်ဗျာ ကျွန်တော့်ဘလော့မှာ ထပ်တင်ဖို့ ခွင့်ပြုပေးသော မေကို အားကျေးဇူးတင်ပါတယ်နော်

Read More...(ဆက်လက်ဖတ်ရန်)

January 1, 2008

အနန္တ စေတနာရှင်

နံနက်ခင်းကျောင်းအတက်
ကျွတ်ကျွတ်ညံစီနေတဲ့
ပါးစပ်ခေါင်းလောင်းသံတွေ
ပျံ့လွင့်လျှံဖိတ်နေတဲ့ ကျောင်းခန်းနံရံကြား
မားမားရပ်တဲ့ တို့ အရှင်
ပျော်ရွှင်မှုတွေ အရှိန်သပ်ဖို့
သူ့တေးသံကို အထပ်ထပ်သီးကျူး . . . လို့
ပိုးမသေ တပည့်ဆိုးတွေက
အခန်းရဲ့ နောက်နားကပ်
တခွိခွိ တကျွိကျွိနဲ့ ကြိတ်ထိုး
စိတ်တပိုးတုံး ပုခုံးပေါ်တင်
နှင်တံရဲ့ စေစားချက်နဲ့
ဝေး၀ါးမှုကို တပ်မက်ကြတုန်းပေါ့ . . .
စာမေးတော့ ခေါင်းကုတ်
အဟုတ်ပဲစဉ်းစားနေသလို
ဟို ဟို သည်သည် မျက်စိကစား
စာတစ်လုံးမှ မကျက်မှတ်ခဲ့ကြတာ
ဒီကောင်တွေပါ . . . . . ဆရာ . . .
ကျောင်းမှန်မှန်တက် စာမခက်တဲ့
ကျောင်းပျက်ရက်တွေ
လက်ချိုးရေလည်း
အရေအတွက်က အနန္တမှာ
ကျောင်းပြေးတာလည်း
ဒီကောင်တွေပါပဲ . . . . . ဆရာ . . .
ကျောင်းပြေး စာမကျက်
ဘ၀အတွက် မရေရာ
သေချာမှုက နတ္ထိမှာ
ရှေ့ကို ဘယ်လိုဆက်ကြပလေ . . .
ဒီကောင်တွေ ရှေ့ရေး
မျှော်တွေးလို့ ထောက်ချင့်
နောက်ကို ဒီလိုမဖြစ်ရအောင်
သိပ်မိုက်တဲ့ ဒီကောင်ကြီးတွေကို
တီးလိုက်ပါ . . . . . ဆရာ . . .
နာသုံးနာပြဌာန်း
ဘ၀လမ်းတွေ
ဖြောင့်မက်ပေးလို့
စောင့်ကြပ်နေသူ
ဆရာတို့ရဲ့ အနန္တကျေးဇူး
အထူးပြောဖို့ မလို
ကျွန်တော်တို့ကျောင်းသားသက်
ဆရာတို့လက်မှာပျော်ခဲ့တာ
(အခုဆို)
ဆယ်စုနှစ် တစ်ခုတောင်
ကျော်ခဲ့ပါပြီ . . . . . ဆရာ . . .
ကျေးဇူးရှင် ဆရာတို့ရဲ့ အနှိုင်းမဲ့ စေတနာကို ဂုဏ်ပြုရေးဖွဲ့ပါသည်။
ကိုဒီး ရဲ့ ကဗျာလေးပါ။ ၂၀၀၀ ခုနှစ်က သူငယ်ချင်းများ စုစည်းထုတ်ထားသော နှလုံးသားဒိုင်ယာရီ ကဗျာစာအုပ်လေးမှ

Read More...(ဆက်လက်ဖတ်ရန်)

December 28, 2007

အခန်းစိုး

အခန်းစိုးဆိုတာ ရွာအလှူတွေမှာ ဆေးလိပ်၊ လက်ဖက်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးခြောက်၊ ၀က်သားအိုး စတာတွေကို ထိန်းသိမ်းစီမံ ပေးရတဲ့သူပါ။ အခန်းစိုးကို တချို့က အခန်းဆိုးလို့ နာမည်ပျက်နဲ့ ခေါ်တတ်ကြတယ်။ အလှူဒကာ၊ အလှူဒကာမတွေက လုံးဝဥဿုံ လွှဲအပ်ထားလို့ သူတို့ကိုယ်စား အပြောအဆိုခံလွတ်အောင်၊ မကုန်သင့်တာ မကုန်အောင်စီမံရ တဲ့လူမို့ တချို့က ‘ပိတ်ဒကာ‘ လို့ခေါ်တတ်ကြသေးတယ်။ သေရင်ပြိတ္တာဖြစ်မယ့် သူလို့လည်း မေတ္တာပို့သခြင်းခံရတယ်။
ဒါကြောင့် အလှူတွေမှာ အခန်းစိုးလုပ်ကိုင်ပေးမယ်သူ ရှားပါးတယ်။ တချို့က အလှူ ဒကာ၊ အလှူဒကာမနဲ့ ဆွေမျိုးတော်စပ်လို့ မလွှဲသာ၊ မရှောင်သာ လုပ်ကိုင်ပေးကြတယ်။ အခန်းစိုးက အလှူတစ်လှူ အစကနေအဆုံး လုပ်ကိုင်ရတာမို့ မိမိအလုပ်လည်းပျက်တယ်။ ပင်လည်းပင်းပန်းတယ်။
အလှူတစ်လှူမှာ အခန်းစိုးက ဆေးလိပ်လိပ်တဲ့နေ့ကစပြီး ရှင်မယ်ခံတဲ့နေ့အထိ နေကြ ရတယ်ဆိုတော့ နှစ်ပတ်လောက်ကြာတတ်တယ်။ အလှူမှာ တည်ခင်းဧည့်ခံဖို့၊ အလှူငွေထည့် ၀င်လာကြတဲ့သူတွေကို လက်ဆောင်ပြန်ဖို့ အလှူရက်မတိုင်မီ တစ်ပတ်ကျော်လောက်ကကြိုပြီး ပြောင်းဖူးဖက် ဆေးလိပ်တွေကို ထောင်ချီပြီး လိပ်ထားရတယ်။ ဆေးလိပ်ကို ဆေးလိပ်လိပ်တဲ့သူ တွေက အိမ်ဝေယျာဝစ္စ အားလပ်တဲ့အချိန် နေ့လယ်ခင်းမှာ တစ်လိပ်ပြီးပြီး၊ နှစ်လိပ်ပြီးပြီး လာရောက်ဝိုင်းဝန်း လိပ်ပေးကြတယ်။ ရွာမှာ ဆေးလိပ်မလိပ်တတ်တဲ့ အမျိုးသမီးလဲ မရှိဘူး။ အိမ်ထောင်ရှင် အမျိုးသမီးတိုင်း လိပ်တတ်ကြတယ်။ တချို့အရွယ်ရောက်တဲ့ မိန်းကလေးတွေ ဆေးလိပ်လိပ်သင်ရင် အိမ်ထောင်ပြုတော့မှာမို့လားလို့ စ,တတ်၊ ပြောင်တတ်ကြပါတယ်။
ဆေးလိပ်လိပ်တဲ့သူတွေ ကျွေးဖို့မွေးဖို့ အကြော်၊ ပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ကောက်ညင်းပေါင်း စတဲ့သရေစာ ထည့်ယူလာတဲ့ ပန်းကန်ထဲကို လက်ဖက်ထည့်ပေးပြီး တုံ့ပြန်တတ်တယ်။ လက်ဖက်သားနဲ့ ချင်းရောနယ်ထားတဲ့ အပေါ်ကို ပဲကြမ်းကြော် ဖြူးပေးလိုက် တာပါ။
အဲဒီမှာ လက်ဖက်သားကနည်းပြီး ချင်းများနေရင် အခန်းစိုးကို အပြစ်တင်ကြတယ်။ ဆီ ဆမ်းတာနည်းနေရင်လည်း ကဲ့ရဲ့တတ်ကြတယ်။ လက်ဖက်သားကများပြီး ချင်းနည်းနေမယ်၊ ဆီရွှဲနေမယ်ဆိုရင်လည်း အခန်းစိုးက သူ့ဟာမဟုတ်လို့ ဗုံးဗောလအော(အများအပြား)သုံးတယ် လို့ အပြောခံကြရပြန်ရော၊ အခန်းစိုးက အပြောခံ လွတ်ခဲလှပါတယ်။အလှူမှာ ဧည့်ခံကြရတဲ့သူ တွေက လက်ဖက်၊ ဆေးလိပ်လိုချင်ရင် အခန်းစိုးဆီ တောင်းကြရတယ်။ အိုးသူကြီးကလည်း ချက်တော့ပြုတ်တော့မယ် ဆိုရင် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ငါးခြောက်တွေကို အခန်းစိုးဆီ က တောင်းရတယ်။ ဆွမ်းလောင်းဖို့ချက်ထားတဲ့ ၀က်သားဒယ်၊ ငါးခြောက်ဒယ်တွေကိုလည်း အခန်းစိုးဆီ ပြန်အပ်ထားကြရတယ်။ အခန်းစိုးက ပေးသင့်တယ်ထင်တဲ့ သူကိုပေးတယ်။ မေး မြန်းပြီးပေးသင့်သလောက်သာ ပေးတယ်။ တချို့က အလှူနဲ့မသက်ဆိုင်ဘဲ အရက်ဝိုင်းမှာ မြည်းဖို့ဆေးလိပ်၊ လက်ဖက်လာတောင်းတတ်တဲ့ သူတွေရှိတတ်တယ်။ တချို့က အရက်နဲ့လဲ သောက်ရအောင် ဆန်၊ ဆီ၊ ငါးခြောက်ကို မလိမ့်တပတ်နဲ့ တောင်းတတ်ကြသေးတယ်။ အခန်း စိုး မပါးနပ်လို့ ကုန်သွားတာတွေရှိတယ်။
အခန်းစိုးက အလှူမဏ္ဍပ်ဆောက်ပြီးတဲ့ အချိန်ကစပြီး ရှင်မယ်ခံတဲ့နေ့အထိ ငါးရက်လုံး လုံး မိမိအိမ်ကိုပြန်ပြီးတောင် မအိပ်ရတော့ဘူး။ အလှူအိမ်မှာ နေ့ရော၊ ညရော အခန်းထဲ အောင်းပြီး နေပေးရတော့တယ်။ အခန်းစိုးရေချိုးဖို့ ရေခပ်ပေးကြရတယ်။ လိမ်းဖို့သနပ်ခါးသွေး ပေးရတယ်။ ရှင်မယ်ခံပြီးတဲ့နေ့ ညနေပတ်စာခွာ၊ ဖျာသိမ်းမှ အလှူဒကာ၊ အလှူဒကာမတွေကို ကျန်ရှိတဲ့ပစ္စည်းတွေအပ်နှံ၊ အလှူကူတွေကို အပ်နှံပြီးမှ ပြန်ကြရတော့တယ်။
အလှူတွေက များသောအားဖြင့် အခန်းစိုးကို အင်္ကျီစလေးတစ်စ၊ ထဘီစလေးတစ်စ ၀ယ်ပေးကျေးဇူးတုံ့ပြန်တတ်ကြတယ်။ အခန်းစိုးအနေနဲ့ကတော့ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မျှော်ကိုးလုပ်ကိုင်တာတော့ မဟုတ်ပါဘူး။ စေတနာသက်သက်၊ အလှူမှာ ကုသိုလ်ယူဖို့ လုပ်ကိုင်ပေးကြတာပါ။
ကိုးကား ။ ။
ကိုလေးမြတ် မုံရွေးကြေးမုံသူ/သား (ကျေးလက်လူမှုသရုပ်ဖေါ် ရသစာစုများ)

Read More...(ဆက်လက်ဖတ်ရန်)

December 25, 2007

တကယ့် ဗုဒ္ဓဘာသာဝင်

ကမ္ဘာပေါ်မှာ လူမျိုးပေါင်းများစွာ ရှိသလို ကိုးကွယ်သောဘာသာများလည်း အမျိုးမျိုး ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ လူမျိုးပေါင်းများစွာရှိပြီး ဘာသာရေးကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသောကြောင့် ကိုယ်နှစ်သက်ရာ ဘာသာကို ကိုးကွယ်ကြပါတယ်။ အများအားဖြင့်တော့ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ကြပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူများကို နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ဗုဒ္ဓဘာသာကို တကယ်နားလည်သိရှိပြီး ယုံကြည်သက်ဝင်၍ ကိုးကွယ်သော ( တကယ့် ဗုဒ္ဓဘာသာဝင် ) နှင့် မိဘ၊ ဘိုးဘွားများ အစဉ်အဆက် ကိုးကွယ်ခဲ့သောကြောင့် ကိုးကွယ်လာသော ( မိရိုးဖလာ ဗုဒ္ဓဘာသာဝင်) တို့ဖြစ်ပါတယ်။
မြန်မာပြည်မှာ တကယ့်ဗုဒ္ဓဘာသာဝင် ပေါင်းများစွာရှိကြပါတယ်။ ထိုအထဲကမှ ကျောင်းဆရာကြီး ဦးခင်မောင်ရဲ့ တကယ့်ဗုဒ္ဓဘာသာဝင် တစ်ဦးအဖြစ် လုပ်ဆောင်ချက်တချို့ကို တင်ပြချင်ပါတယ်။ ဆရာကြီးက တကယ့်စံပြ ကျောင်းဆရာ တစ်ဦးဖြစ်ပြီး ကျွန်တော့်တို့နယ်ဘက်မှာ အလေးစားရဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာကြီးက ကျောင်းသား/သူများကို ဆုံးမသလို ကိုယ်တိုင်လည်း ဆေးလိပ်၊ကွမ်း၊ အရက်သေစာ၊ လောင်းကစား ဘာတစ်ခုမှ မလုပ်ဆောင်ပဲ စံပြအဖြစ်နေပါတယ်။ ကျောင်းဆရာသက်တမ်း နှစ်ပေါင်း လေးဆယ်ကျော်ထိ သင်ကြားခဲ့ပါတယ်။ ထိုသင်ကြားသော ကာလမှာ တကယ်နေမကောင်းဖြစ်လို့ ကျောင်းမတက်ခဲ့တာက လွဲရင် ကျောင်းပျက်တာတို့၊ စာသင်နောက်ကျတာတို့ လုံးဝမရှိခဲ့ပါဘူး။
ဆရာကြီးက ကျွန်တော်တို့ရွာကျောင်းမှာ နှစ်ပေါင်း လေးဆယ်ကျော် စာသင်ကြားခဲ့သောကြောင့် တနယ်လုံးရဲ့ ဆရာဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အဖေက ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့သလို အိမ်မှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်ကလည်း ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဆရာကြီးရဲ့နောက်ဆုံးစာသင်နှစ်မှာ မှီလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်မိသားစုလုံးရဲ့ ဆရာဖြစ်ပါတယ်။ ရွာကျောင်းမှာ ကျောင်းတက်ခဲ့ကြတဲ့ သူတွေထဲမှာ ကျွန်တော်အဖေအရွယ်ကနေ၊ ကျွန်တော့် အရွယ်ထိ ကျောင်းသား/သူများက ဆရာကြီးရဲ့ တပည့်များဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ဆရာကြီးက ကျွန်တော်တို့နယ်ဘက်ရဲ့ ချစ်ကြောက်ရိုသေ လေးစားရသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပါတယ်။
ဆရာကြီးက ဘာသာရေးကို ရိုသေ ကိုင်းရှိုင်းသလို တပည့်များကိုလည်း ဘာသာရေး လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ကျောင်းသား/သူများကို ဘာသာတရား လုပ်ဆောင်ချင်အောင် ပြောဆို ဆုံးမတတ်ပြီး တကယ်လုပ်ဖြစ် အောင်လည်း လုပ်ဆောင်ခဲ့ပါတယ်။
ရွာကျောင်းမှာ တနင်္လာနေ့နဲ့ သောကြာနေ့ဆိုလျှင် တန်းစီ (school assembly) ကြရပါတယ်။ နိုင်ငံတော်အလံကို အလေးပြု၊ နိုင်ငံတော် သီချင်းကို သီဆိုကြရပါတယ်။ အဲဒီနောက် အားလုံးထိုင်ကြရပြီး ဆရာကြီးက ဆုံးမစကားပြောပါတယ်။ ပြီးတော့ ၀ိပဿနာ အလုပ် (အာနာပါန) ထွက်လေ၊ ၀င်လေ ရှု့ ကြရပါတယ်။ ထိုင်ပုံ၊ ထိုင်နည်းကအစ စိတ်ထဲမှာ ဘယ်လိုထားရမယ်၊ စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို ဆရာကြီးက သေချာပြောပြပါတယ်။ ကျောင်းသား/သူများက ငယ်ရွယ်သူများ ဖြစ်သောကြောင့် အစပိုင်းမှာ မလုပ်ဆောင်နိုင်ကြပါဘူး။ စိတ်မပါကြတာကြောင့်လည်း ဖြစ်ကြပါတယ်။ ဆရာကြီးကို ကြောက်လို့သာ လုပ်ဆောင်ရတာပါ။ တစ်ပတ်ကို နှစ်ရက်လုပ်နေရတော့ တဖြည်းဖြည်းနဲ့ လုပ်တတ်လာကြပါတယ်။ တချို့ကျောင်းသားတွေလည်း စိတ်ဝင်စားပြီ စိတ်ပါလာကြပါတယ်။ တချို့ကျောင်းသားတွေကတော့ ထိုင်ဆိုလို့သာ ထိုင်နေကြပြီး အသံမထွက်ဘဲ လုပ်ချင်ရာလုပ်နေကြပါတယ်။ သူတို့ကလည်း စိတ်မပါလို့သာ မလုပ်ဆောင်ကြတာပါ။ ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာတော့ သိသွားကြပါတယ်။ ၁၅ မိနစ်လောက် တရားထိုင်ပြီး သမ္ဗုဒ္ဓေဂါထာ ကိုရွတ်ဆိုပြီး မေတ္တာပို့ မေတ္တာပွားများကြရပါတယ်။ ညနေကျောင်းဆင်းချိန်မှာ ပထမသံချောင်းခေါက်လျှင် စာသင်တာတွေ၊ တခြားလုပ်နေတာတွေ ရပ်ပြီး အားလုံးမတ်တပ်ရပ်ကြရပါတယ်။ ဒုတိယ သံချောင်းခေါက်လျှင် သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုရပါတယ်။ ပြီးမှ ကျောင်းဆင်းရပါတယ်။
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့တွေမှာ မနက်ပိုင်း ပထမသံချောင်းခေါက်လျှင် ရောက်တဲ့နေရာကနေ မတ်တပ်ရပ်ကြရပါတယ်။ ဒုတိယ သံချောင်းခေါက်လျှင် သမ္ဗုဒ္ဓေဂါထာတော် ကို ရွတ်ဆိုရပါတယ်။ ညနေပိုင်းမှာလည်း သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုကြရပါတယ်။ ဒါကြောင့် ကျောင်းတက်တဲ့ နေ့တွေမှာ တစ်နေ့ကို သမ္ဗုဒ္ဓေဂါထာတော် နှစ်ခေါက်ရွတ်ဆိုကြရပါတယ်။
ကျွန်တော်တို့ရွာကျောင်းမှာ ကျောင်းတက်ခဲ့ဖူးသော ကျောင်းသား/သူများက တခြား ဂါထာတော်များကိုသာ မရရင်၊ မရွတ်ဆိုရင်နိုင်တောင်မှ သမ္ဗုဒ္ဓေဂါထာတော်ကိုတော့ ဘယ်အချိန်ရွတ်ခိုင်း၊ ရွတ်ခိုင်း ရနေကြပါတယ်။ ကုန်ကုန်ပြောရရင် တရေးနိုးထရွတ်ခိုင်းတောင် မမှားအောင် ရွတ်ဆိုနိုင်ကြပါတယ်။ ဒါကြောင့်ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးတွေက ကြီးမား များပြားလှပါတယ်။ ဆရာကြီးက ကိုယ်တိုင်ဘာသာတရား လုပ်ဆောင်သလို၊ သူများတွေ၊ တပည့်တွေကိုလည်း လုပ်ဆောင်နိုင်အောင် ပြုလုပ်ခဲ့တဲ့ ပြုမူလုပ်ဆောင်ချက်က တကယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ လုပ်ဆောင်ချက်လို့ ယူဆမိပါတယ်။
ဒီပို့စ်ကို ဖတ်ခဲ့သော ဗုဒ္ဓဘာသာဝင်များအားလုံး တကယ့်ဗုဒ္ဓ၀င် ဖြစ်အောင်လုပ်ဆောင်ကြပါလို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်ခင်ဗျာ။
ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံး တကယ့်ဗုဒ္ဓဘာသာဝင် နဲ့ ပက်သက်ပြီး အမြင်လေးတွေရေးပေးကြပါလို့ Tag ပါတယ်ခင်ဗျာ။

Read More...(ဆက်လက်ဖတ်ရန်)

December 21, 2007

ဗုဒ္ဓဘာသာသင်တန်း နှင့် ကျွန်တော်

ကျွန်တော့်မိဘများသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်သောကြောင့် ကျွန်တော်လည်း ဗုဒ္ဓဘာသာ ကိုးကွယ်သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့်အမေက ညအိပ်ယာဝင်ခါနီးတိုင်း ဘုရားရှိခိုး ပြီးမှ အိပ်တတ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အမေ ဘုရားရှိခိုးလျှင် ဘေးက လိုက်ပြီး ကပ်နေပါတယ်။ ကျွန်တော်က အငယ်ဆုံးဆိုတော့ အမေကို အပျောက်မခံနိုင်လို့လေ။ ဒါကြောင့် အမေ ဘုရားဦးချလျှင် လိုက်ပြီး ဦးချခဲ့ပါတယ်။ ပြီးတော့ အမေဘုရား ရှိခိုး ရွတ်ဆိုပြီဆိုလျှင် နောက်က သံယောာင်လိုက်ပြီး ရွတ်ဆိုခဲ့ပါတယ်။ အမေက အိပ်ယာထဲမှာလည်း ဘုရားရှိခိုးနည်းကို သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ ဘုရားရှိခိုးနည်းတတ်လာခဲ့ပါတယ်။ ဘုန်းကြီးကျောင်းသို့ သွားပြီး ဥပုသ်၊ သီလ စောင့်ပြီဆိုလည်း ကျွန်တော်က အမြဲလိုက်ပါသွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းက ကျွန်တော့်အိမ်နဲ့ ကပ်လျက်ဖြစ်တဲ့ အပြင် ဘုန်းကြီးကလည်း ကျွန်တော့်ဘကြီင်္း ဘုန်းဘုန်း ဖြစ်သောကြောင့် အမြဲလိုက်ခဲ့တာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းရောက်လျှင် ဘဘုန်းက စားစရာ တခုခု အမြဲကျွေးပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးကျောင်းကို သွားချင်တယ်။ ပျော်လည်းပျော်ပါတယ်။

ဟိုအရင်တုန်းက ကျွန်တော့်တို့ရွာမှာ နွေရာသီကျောင်းပိတ်ရက်ဆို ရွာရှိ ဘုန်းတော်ကြီးများ၊ ကျောင်းဆရာ/မ များနှင့် ရပ်မိရပ်ဘများ ပူပေါင်းပြီး ရွာလယ်ကျောင်းတွင် ဗုဒ္ဓဘာသာ သင်တန်းဖွင့်လျစ်ပါတယ်။ ဒုတိယတန်းဖြေပြီးထားသော ကျောင်းသားများမှ စ၍ တက်လို့ရပါတယ်။ မတက်ချင်လည်း ရပါတယ်။ ကျွန်တော့် အကို၊ အမ အားလုံး ဒီသင်တန်းကို နှစ်စဉ်တက်ရောက်ခဲ့ကြပါတယ်။ ကျွန်တော် ပထမတန်းဖြေထားပြီးတဲ့မှာ အမက ဗုဒ္ဓဘာသာ သင်တန်းက ဆုရပါတယ်။ အမက နေမကောင်းဖြစ်နေလို့ ဆုတက်မယူနိုင်တော့ ကျွန်တော်က ကိုယ်စား တက်ယူခဲ့ပါတယ်။ ဆုယူနေစဉ်မှာ ကြားရတဲ့ လက်ခုတ်သံတွေကြောင့် တော်တော်ပျော်ရွှင်ပီတိ ဖြစ်ခဲ့ရပါတယ်။ ကိုယ့်အလှည့်ကြရင်လည်း ဆုရအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာသင်တန်းကိုလည်း အရမ်းတက်ချင်စိတ်ပေါက်သွားခဲ့ပါတယ်။ ဒုတိယတန်းတက်ခါစကတည်းက ဗုဒ္ဓဘာသာသင်တန်းက စာအုပ်တွေကို အကို၊ အမတွေဆီက ယူထားပြီးစုထားပါတယ်။
ကျွန်တော် ဒုတိယတန်းတက်နေစဉ် ( 88 ) အရေးအခင်း ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းတွေလည်း ရပ်နားခဲ့ရပါတယ်။ ဗုဒ္ဓဘာသာသင်တန်းလည်းရပ်နားခဲ့ပါတယ်။ ကျောင်းတွေပြန်ဖွင့်တော့လည်း ဗုဒ္ဓဘာသာသင်တန်းကို ဆက်လက်၍ မဖွင့်တော့ပါဘူး။ ကျွန်တော် အရမ်းတက်ချင်ခဲ့သော ဗုဒ္ဓဘာသာ သင်တန်းကို မတက်ခဲ့ရတော့ပါ။

Read More...(ဆက်လက်ဖတ်ရန်)

December 18, 2007

မေတ္တာ သာရဏီယတရား

ကာယကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြုမူလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

ဝစီကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျင်၊ အစဉ်အောက်မေ့ဖွယ်။
ချိုသာစကား၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

မနောကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။
(ချမ်းမြေ့ဆရာတော်)

Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments