November 15, 2007

ယုံတမ်းစကားလိုပြောမယ့် ကျွန်တော်တို့ Cyber ရွာ

မာန်လှိုင်းငယက ယုံတမ်းစကားအကြောင်းရေးဖို့ TAG ထားပါတယ်။ ဘယ်အကြောင်းရေးရရင်ကောင်းမလဲလို့ စဉ်းစားကြည့်လိုက်တော့ ဘာမှ မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ရွာပြန်ပြီး Data ရှာတာပဲကောင်းပါလို့တွေးပြီး ရွာကိုပြန်လိုက်ပါတယ်။

ကျွန်တော်တို့ရွာကို သွားရင် လမ်းမှာ မုန်းချောင်းကို ဖြတ်ကူးရပါတယ်။ ချောင်းကိုကူးချင်ရင်တော့ လှေ၊ ဖောင်( လှေကြီးနှစ်စီးကို သစ်သားကပ်များဖြင့် တွဲထားသော ရေယာဉ်)၊ တံတား (ဆိုင်ကယ်၊ စက်ဘီး သာကူးလို့ရ) နဲ့ သာကူးဖြတ်ရပါတယ်။ ဒီတခေါက်တော့ မုန်းချောင်းကို သံကူကွန်ကရစ် ခြောက်လမ်းသွားတံတားကြီး နဲ့ တွေ့လိုက်ရတယ်။ တဖက်ကမ်းကို ကူးလိုက်တော့ တံတားထိပ်ကနေ ရွာအထိ နိုင်လွန် ကတ္တရာ လမ်းလေးက ဖြောင့်လို့ဗျာ။ သွားလာနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကလည်း များမှများဗျာ။ ရွာက ကလေးတွေက “အစ်ကို လိုက်ခဲ့ပါလား” လို့ခေါ်ပါသေးတယ်။ ကျွန်တော်က လမ်းလျှောက်ချင်တာရယ်၊ လမ်းမှာ ကျွန်တော်တို့ ကိုင်း(ယာ) ကို ၀င်ကြည့်ချင်သေးတာနဲ့ သူတို့နဲ့ မလိုက်ပဲ လမ်းပဲလျှောက်လိုက်တော့တယ်။

ကျွန်တော်တို့ ကိုင်း နားမှာ ညောင်ပင်ကြီး တစ်ပင်ရှိပါတယ်။ ညောင်ပင်နားရောက်ခါနီးတော့ ရွာက ကလေးတစ်ယောက် အိပ်အမည်းလေး ဆွဲပြီး ညောင်ပင်ရိပ်အောင်ဝင်သွားပါတယ်။ သူက ညောက်ပင်အောင်ရောက်တော့ လက်ထဲက အိပ်ကလေးကိုဖွင့် သီချင်းနားထောင်၊ ခလုပ်ကလေးတွေ နှိပ်နေတယ်။ သေချာကြည့်လိုက်တော့ LapTop လေးပါဗျာ။ ဒါနဲ့ ကျွန်တော်လည်း သူအနားသွားပြီး “ ဟိတ်ကောင် ဘာတွေလုပ်နေတာလဲကွ” ဆိုပြီး မေးလိုက်တယ်။ သူက “ ကျွန်တော် နွားကျောင်းရင်းလာတာပါ ဒီမှာ ကအေးတော့နားနေတာ” တဲ့ ဘေးကိုလိုက်ကြည့်တော့ နွားတစ်ကောင်မှ မတွေ့ဘူး။ “မင်းနွားတွေက ဘယ်မှာလဲ မြင်လဲ မမြင်ရပါလား” လို့ ထပ်မေးလိုက်တော့ “ရှိပါတယ် အစ်ကိုရ သူတို့က အေးအေးဆေးဆေးပါပဲ မိညိုတစ်ကောင်ပဲ ဟိုဘက်ရောက်နေတယ်” လို့ ပြောပြီး LapTop Screen ပေါ်ကိုလက်ထောက်ပြီးပြပါတယ်။ သူက နွားတွေလှုပ်ရှားနေတာကို GPS စနစ် တေ၊ွ wireless network system တွေ သုံးပြီး ကြည့်နေတာလေ။

ကျွန်တော်လည်း ကိုင်းကို ခဏကြည့်ပြီး ရွာကို ထွက်လာခဲ့ပါတယ်။ ရွာအ၀င်မှာ ရွာအမည်ဆိုင်းပုဒ်က ခန့်ခန့်ညားညားကြီးတွေ့ရတယ်။ ဘေးနားမှာက သုံးထပ် တိုက်ကြီး တစ်လုံးကိုလည်းတွေ့ရပါတယ်။ တိုက်အမိုးပေါ်မှာလည်း စလောင်းအကြီးကြီးတွေနဲ့လေ။ တိုက်ရှေ့က ဆိုင်းပုဒ်ကို ဖတ်ကြည့်လိုက်တော့ Network Server Centre တဲ့ဗျာ။ ရွာထဲမှာလည်း ဖုန်ဆိုတာ ရှူချင်လို့တောင် မတွေ့ရတော့ဘူးဗျ။ အိမ်တွေကလည်း သက်ကယ်မိုး၊ တဲအိမ်လေးတွေ မဟုတ်တော့ပါဘူး တိုက်တွေနဲ့ ဖြစ်ကုန်ပါပြီ။ ကျွန်တော်တို့ရွာမှာ ဘုန်းကြီးကျောင်း ငါးကျောင်းရှိပါတယ်။ ကျွန်တော့်အိမ်က ရွာဦးကျောင်း(အရှေ့ကျောင်း) နဲ့ ကပ်လျက်ရှိနေပါတယ်။ အိမ်ကို ဘုန်းကြီးကျောင်းထဲက ဖြတ်ပြီး ပြန်လို့ရပါတယ်။ အိမ်ကို မပြန်သေးဘဲ ဘုရားအရင်ဖူးမယ်လို့ စိတ်ကူးပြီး ဘုန်းကြီးကျောင်းထဲကိုဝင် ဘုရားဖူးပါတယ်။ ဘုရားက ကြည်ညိုစရာကောင်းလိုက်တာဗျာ၊ ရွှေရောင် တ၀င်းဝင်းနဲ့လေ။ ရင်ပြင်ကလည်းကြွေပြားတွေနဲ့ သွားလာရတာကျေနပ်စရာ တကယ်ကောင်းပါတယ်။ ကျောင်းဝိုင်းထဲမှာ အဆောက်အအုံတွေ တိုးနေတာကိုလည်း တွေ့ရပါတယ်။ ရှေးလက်ရာ ဘုံအဆင့်ဆင့်နဲ့ ပျဉ်ထောင်ကျောင်းကြီးကလည်း အခန့်သားရှိနေတုန်းပါပဲ။ လျှောက်ကြည့်နေတုန်းမှာပဲ နှစ်ထပ်တိုက်ကျောင်းဆောင်ထဲက ကလေးတွေ LapTop လေးတွေဆွဲပြီး ထွက်လာကြပါတယ်။ ပြီးတော့ ၀င်သွားတဲ့ကလေးတွေကလည်းဝင်သွားကြပါတယ်။ ကျွန်တော်လည်း သိချင်တာနဲ့ လိုက်ကြည့်လိုက်တော့ ကလေးတွေက LapTop တယောက်တလုံးစီ ဖွင့်ထားကြပြီး ရှေ့ကိုအာရုံစိုက်ကြည့်နေကြပါတယ်။ တကယ်တော့ ဘုန်းကြီးတစ်ပါးက Online အသုံးချနည်းပညာကို Projector နဲ့ ထိုးပြီး အခမဲ့ သင်ပေးနေတာပါ။ Software/ Networking Training အချိန်တွေလည်း ညနေကျ ရှိသေးတယ်ဆိုတာကိုလည်း သိခဲ့ရပါတယ်။

ကျောင်းဝိုင်းထဲကနေဖြတ်ပြီး ကျွန်တော့်အိမ်ကို ပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ အမေက “သား ပင်ပန်းသွားပြီလား၊ သားက အိမ်တန်းမပြန်ဘဲ ဘာဖြစ်လို့ ဟိုဟိုဒီဒီ ၀င်နေတာလဲ” လို့မေးပါတယ်။ “ကျွန်တော် ဟိုဟိုဒီဒီ ၀င်နေတာကို အမေဘယ်လိုသိတာလဲ” လို့ ကျွန်တော်မေးတော့ ဧည့်ခန်းက Projector ကိုလက်ညိုးထိုးပြပါတယ်။ ပြီးတော့ ဘေးနားက LapTop ပေါ်က ခလုပ်ကလေးကိုနှိပ်လိုက်တယ်။ Screen ပေါ်မှာ ပေါ်လာတာက ကျွန်တော့်အဖေပုံရိပ် ပါ လယ်ကွင်း ထဲမှာ သွားပြီး စီမံခန့်ခွဲရေးလုပ်နေတာကို တွေ့ရပါတယ်။ အမေက “သားပင်ပန်းလာတယ် နားလိုက်တော့လေ” ဆိုပြီး သူ့အလုပ်သူလုပ်နေပါတယ်။ ကျွန်တော့် အခန်းထဲမှာ LapTop တွေဘာတွေနဲ့ အားလုံးအဆင်သင့်ပါပဲ။ ကျွန်တော်လည်း အနားယူပြီး ရေမိုးချိုး၊ အ၀တ်အစားလဲပြီး အခန်းထဲက ထွက်လာတဲ့ အချိန်မှာ တူမလေးက ကျောင်းကပြန်လာပါတယ်။ သူ့လက်ထဲမှာလည်း LapTop တစ်လုံးနဲ့ပါပဲ။ တူမလေးက ဒုတိယတန်းကျောင်းသူလေးပါ။ တူမလေးက “ဦးလေး နေကောင်းလား၊ သမီး အနားယူလိုက်ဦးမယ်နော်၊ ပြီးရင် Program ရေးရဦးမှာ မလို့ပါ” တဲ့ဗျာ။ ကျွန်တော်က “အေးအေး” လို့ပဲ ပြောလိုက်ရတာပေါ့။

ညနေရောက်တော့ အိမ်မှာမိသားစု အားလုံးစုံစုံညီညီရှိနေကြပါတယ်။၊ ညစာကို ပျော်ပျော်ပါးပါး စားကြ၊ သောက်ကြ၊ စကားစမြည်ပြောကြပါတယ်။ ခဏနေတော့ LapTop တစ်လုံးစီဆွဲပြီး အလုပ်တဲ့သူလုပ်၊ Online တက်တဲ့သူတက်၊ Program ရေးတဲ့သူရေး နဲ့ အားလုံး အလုပ်ကိုယ်စီ လုပ်နေကြပါတယ်။ ကျွန်တော်တစ်ယောက်ထဲပဲ ငေါင်တောင်တောင် နဲ့ ကျန်နေခဲ့ပါတယ်။ ကျွန်တော်က ဘာမှ မလုပ်ချင်တာနဲ့ အိပ်လိုက်ပါတော့တယ်။

နောက်နေ့မနက် ကျွန်တော်အိပ်ယာနိုးတော့ မိသားစုအားလုံး အလုပ်ကိုယ်စီနဲ့ အလုပ်လုပ်နေကြပါတယ်။ ကျွန်တော်က ဘာမှ လုပ်စရာ မရှိတာနဲ့ ကျောင်းပြန်တာပဲကောင်းပါတယ်လို့တွေးလိုက်ပါတယ်။ အဲဒါနဲ့ အမေကို “ကျွန်တော်ကျောင်းကိုပြန်တော့မယ်” လို့ပြော အခန်းထဲက လိုအပ်တဲ့ ပစ္စည်းတွေယူ၊ LapTop လေးလဲယူပြီး (ကျောင်းမှာသုံးဖို့ဗျ၊ ကျောင်းမှာ ရှိမှ မရှိတာလေ) ရွာလေဆိပ်ကိုထွက်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာလည်း လိုလိုသေးမရှိအောင်ကိုပြည့်စုံပါတယ်။ လေယာဉ်စီးရင်း နဲနဲအိပ်ချင်တာနဲ့ မှေးလိုက်တာ အိပ်ပျော်သွားပါတယ်။ အိပ်ယာနိုးတော့ တက္ကသိုလ်တခုရဲ့ ကျောင်းဝကိုရောက်နေပါပြီ ကျောင်းရှေ့မှာလည်း ရေနီမြောင်းကြီးနဲ့လေ ဖုန်တွေကလည်း များလိုက်တာဗျာ၊ ရွာမှာနဲ့တော့ တခြားစီပါပဲ။ နဲနဲပင်ပန်းသလိုရှိတာနဲ့ သေချာဆန်းစစ်ကြည့်လိုက်တော့ ကျွန်တော်က ဆိုက်ကား တစ်စီးပေါ်ရောက်နေတာလေ။ ဒါနဲ့ ကမန်းကတန်း LapTop ကိုရှာကြည့်တော့ မတွေ့တောဘူး။ ဘယ်နားမှာ ကျကျန်နေခဲ့လည်း မသိပါဘူးဗျာ။ LapTop တွေက ရွာမှာပေါပါတယ် ကိစ္စမရှိပါဘူး။ စိတ်ထဲမှာလည်း ဘာမှ မထားတော့ပါဘူး။ ဒါနဲ့ ဆိုက်ကားပေါ်မှာပဲ ထပ်အိပ်လိုက်ပါတော့တယ်ဗျာ။

ယုံတမ်းစကားဆိုပေမယ့် တကယ်ဖြစ်ချင်တဲ့ ဆန္ဒလေးပါ။ နောင်တချိန်မှာ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲဗျာ။

6 comments:

ဂျေဂျေ said...

ငယ်ငယ်က ကျောင်းမနေခင်လေး အချိန်မှာ စီးခဲ့တဲ့ သာယာပြီး ပန်းတွေ ဝေခဲ့တဲ့ ရွှေဘုန်းပွင့်ပန်းခြံက ဒန်းကလေးဆိုရင် ဆယ်တန်း အောင်လို့ သွားကြည့်တာ ပန်းခြံမှာ ပန်းကွယ်ပျောက်ပြီး ခြုံပင်တွေ ရှုပ် နေတယ်။ ဘွဲ့ ရတော့ ပန်းတွေ မရှိတော့ဘူး ခလေးတွေ ဒန်းဆော့တာ တွေ့ တော့ လုမစီးရက်တော့ဘဲ ပြန်ခဲ့တယ်။ နောက် ပထမဆုံး ရန်ကုန်ပြန်ရောက် တော့ ပန်းခြံဟာ သရဲခြောက်တဲ့ မြေကွက်လပ် လားထင်ရလောက်အောင် ဒန်းလေးနစ် စုံဟာ တဖက်ပျက် တာနဲ့  ကြိုးမရှိတော့တဲ့ ဘားတန်းဘဲရှိတာနဲ့  အင်း အုတ်ခုံလေးတွေ တောင် ကျိုးနေပါရော့လား...

ဂျေဂျေ said...

ငယ်ငယ်က ကျောင်းမနေခင်လေး အချိန်မှာ စီးခဲ့တဲ့ သာယာပြီး ပန်းတွေ ဝေခဲ့တဲ့ ရွှေဘုန်းပွင့်ပန်းခြံက ဒန်းကလေးဆိုရင် ဆယ်တန်း အောင်လို့ သွားကြည့်တာ ပန်းခြံမှာ ပန်းကွယ်ပျောက်ပြီး ခြုံပင်တွေ ရှုပ် နေတယ်။ ဘွဲ့ ရတော့ ပန်းတွေ မရှိတော့ဘူး ခလေးတွေ ဒန်းဆော့တာ တွေ့ တော့ လုမစီးရက်တော့ဘဲ ပြန်ခဲ့တယ်။ နောက် ပထမဆုံး ရန်ကုန်ပြန်ရောက် တော့ ပန်းခြံဟာ သရဲခြောက်တဲ့ မြေကွက်လပ် လားထင်ရလောက်အောင် ဒန်းလေးနစ် စုံဟာ တဖက်ပျက် တာနဲ့  ကြိုးမရှိတော့တဲ့ ဘားတန်းဘဲရှိတာနဲ့  အင်း အုတ်ခုံလေးတွေ တောင် ကျိုးနေပါရော့လား...

Winkabar said...

သိပ်တိုးတက်နေတဲ့ရွာကြီးပါလား။ ကောင်းလိုက်တာ။ တကယ်သာဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲနော်။

အိပ်မက်ကုန်သည် said...

ကျွန်တော်သွားနေချင်လို့ နေရာလေး ညွှန်ပါဦး။

nyo said...

i like too much this post.write more like that please.good post.

budalin said...

တကယ်ကို...ယုံချင်လိုက်တာဗျာ...ဘယ်တော့များမှ.
အိပ်မက်ကမ္ဘာတွေ..တကယ်ဖြစ်လာမှာပါလိမ့်..
ဘာပဲပြောပြောဖတ်ပြီးစိတ်ကူးယဉ်ဝမ်းသားမိတာတော့
အမှန်..

မြန်မာစံတော်ချိန်

Calendar


Recent Comments