ပူလောင်ခြင်းမီးတွေ
များပြားတဲ့လောကကြီး
လောဘမီး၊ ဒေါသမီး
သောကမီး၊ မောဟမီး
ဒုက္ခပင်လယ်မီးတွေ
ဘယ်လိုရင်ဆိုင်ရမလဲ - - -
ဘ၀အခက်ခဲတွေ
များပြားတဲ့လောကကြီး
နေမှု၊ ထိုင်မှု
စားမှု၊ သောက်မှု
အ၀တ်တန်ဆာဆင်ယဉ်မှုတွေ
ဘယ်လိုရင်ဆိုင်ရမလဲ - - -
အတိုက်အခိုက်တွေ
များပြားတဲ့လောကကြီး
တစ်ဦးက တစ်ဦးကိုမနာလို
ကြီးသူက ငယ်သူကိုအနိုင်ကျင့်
တစ်ဖွဲ့ကတစ်ဖွဲ့ကိုအကြမ်းဖက်
ငြိမ်းချမ်းသာယာတဲ့ဘ၀ကို
ဘယ်လိုရယူမလဲ - - -
ပူလောင်ခြင်းမီးတွေ
ဘ၀အခက်ခဲတွေ
အတိုက်အခိုက်တွေ
ဘယ်လောက်များများ
မေတ္တာနဲ့လွှမ်းခြုံ
ဂရုဏာနဲ့ပြုစု
အကြင်နာနဲ့ကာကွယ်
ရှေ့ကရပ်တည်ပေးသူက
အစားထိုးမရတဲ့
အနန္တကျေးဇူးရှင်အမေပါပဲ - - -
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)
မြန်မာစကားအသုံးအနှုန်းတွင် ဂဃနဏ သိအောင် စိစစ်ခြင်း၊ လေးလုံးကွဲအောင် ပြောဆိုခြင်း စသည်တို့ကို မကြာခဏ ကြားရတတ်ပါသည်။ လေးလုံးကွဲ ဆိုသည်မှာလည်း အခြားမဟုတ်၊ ဤအက္ခရာလေးလုံး၏ တစ်လုံးချင်း အနေအထားနှင့် အသံထွက်ပုံကို ခြားခြားနားနား ဖြစ်စေရန် ရည်ညွှန်းခြင်းသာ ဖြစ်သည်။ ကွဲပြားခြားနားမှုရှိရန် လိုအပ်သည်ဆိုလျှင် ရောနှော ရှုပ်ထွေးမှု တစ်ခုခု မုချရှိနေသည်မှာ သေချာပေသည်။
ရှေးဦးစွာ ဤအက္ခရာ လေးလုံးကို လေ့လာကြည့်သည့် အခါ ဃကြီးနှင့် ဏကြီး တို့ကို ပါဠိစာပေနှင့် ပါဠိသက် မြန်မာဝေါဟာရ၌သာ တွေ့ရတတ်ပါသည်။ ဂငယ်နှင့် နငယ် တို့ကိုမူ ပါဠိစာပေ၊ မြန်မာစာပေတို့၌ နေရာမရွေး တွေ့နိုင်ကြောင်း သိလာရ၏။ ထို့ကြောင့် အတွေ့အထိနည်းပါးသော ဃကြီးကို အတွေ့အထိများသော ဂငယ်နှင့် အသံတူထား၍လည်းကောင်း၊ အလားတူပင် ဏကြီးနှင့် နငယ်ကိုလည်း အသံတူထား၍လည်းကောင်း ပြောဆိုနေကြရာမှ အသံထွက်ပုံ ရောနှောသွားရခြင်းးဖြစ်ပေသည်။ ဤသို့ဆိုလျှင် မည်သို့ခွဲခြားမည်နည်း။
ဂငယ်နှင့် ဃကြီးတို့သည် မြန်မာ သဒ္ဒါ စည်းကမ်းအရ လည်ချောင်းတွင် အသံတည်ရသော ကဏ္ဌဇဗျည်း ( Guttural consonant ) များဖြစ်ကြပါသည်။ ဂငယ်သည် အသံ လျော့လျော့ထားပြီး ရွတ်ဆိုရသော သိထိလဗျည်း ( simple consonant ) ဖြစ်သဖြင့် ‘ဂ’ ဟု အသံထွက်လိုက်လျှင် ပြည့်စုံပြီးဖြစ်၏။ ဃကြီးသည် ‘ဂ’ အသံထွက်ပြီး အခြားမရှိ ‘အ’ သံကိုပါ တစ်ဆက်တည်းထည့်၍ လေးလေးပင်ပင်ရွတ်ဆိုရသော ဓနိတဗျည်း (Aspirated consonant) ဖြစ်၏။ ဃကြီး၏ အသံထွက်ပုံ အတိအကျ သိလိုလျှင် ရဟန်းတော်များ ကမ္မ၀ါစာ ရွတ်သည့် အခါ သွားရောင်နာကြားသင့်ပါသည်။ ဏကြီးသည် လျှာထိပ်ဖြင့် အသံတည်ရသော ဗုဒ္ဓဇ ဗျည်းအက္ခရာ (lingual consonant) ဖြစ်၏။ ရွတ်ဖတ်သည့်အခါ ပေါ်ရှေ့သွားအတွင်းပိုင်းကို လျှာထိပ်ဖြင့် ထိပြီး ‘ဏ’ ဟု အသံထွက်ရ၏။ နငယ်သည် သွားတွင် အသံတည်ရသော ဒန္တဇဗျည်း (Dental consonant) ဖြစ်၏။ ရွတ်ဖတ်သည့် အခါ အပေါ်အောက်သွား နှစ်တန်းကို ထိထားပြီး ‘န’ ဟု အသံထွက်ကာ သွားတန်းကို အနည်းငယ် ချဲပေးရပါသည်။ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားရာ၌ ဤ အက္ခရာလေးလုံးတို့၏ အသံတည်ရာအရပ်နှင့် အသံထွက်ပုံအနေအထားကို စနစ်တကျ လေ့ကျင့်ပေးလေ့ရှိသည်။ သေချာစွာ သိရှိသွားလျှင် ဂဃနဏ သိပြိဟု အဆိုရှိ၍ တစ်လုံးချင်း အသံမှန်ထွက် ဆိုနိုင်လျှင် သင်ပုန်းကြီး အက္ခရာတို့ကို ကျေကျေလည်လည် သိပြီဟု ပြောစမှတ်ပြုကြသည်။
စင်စစ်အားဖြင့် ပါဠိသက္ကတကို အခြေခံ၍ ခိုင်ခံ့စွာ တည်ဆောက်ထားသော မြန်မာစာပေ၏ သဒ္ဒါနှင့် ရေးထုံးတို့မှာ အလွန်စနစ်ကျပါသည်။ အဆင့်အတန်းရှိသော ဘာသာ စာပေတစ်ရပ်ကို မွေးရာပါ အမွေအဖြစ် လက်ခံရရှိထားသော မြန်မာများအဖို့ မိမိတို့၏ စာပေကို အမြတ်တနိုး အလေးထား၍ လေ့လာထိန်းသိမ်းကြရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်သာ ဖြစ်ပါတော့သည်။ မောင်ရေစင် ( မြန်မာတိုင်း ဂျာနယ်)
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)