၁။ ဒုစ္စိန္တိတစိန္တီ = မကောင်းသော အကြံ အစည်ကိုသာ ကြံစည်လေ့ ရှိခြင်း။
၂။ ဒု ဗ္ဘာသိတဘာသီ = မကောင်းသော စကားကိုသာ ပြောဆိုလေ့ ရှိခြင်း။
၃။ ဒုက္ကဋကမ္မကာရီ = မကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။
၁။ သုစိန္တိတစိန္တီ = ကောင်းသော အကြံအစည်ကို ကြံစည်လေ့ ရှိခြင်း။
၂။ သုဘာသိတ ဘာသီ = ကောင်းသော စကားကိုသာ ပြောလေ့ ရှိခြင်း။
၃။ သုကတ ကမ္မကာရီ = ကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။
(ဥပရိ ပဏ္ဏာသ၊ စာ ၂၀၁-၂၀၈၊ စာပိုဒ် ၂၄၆)
ကာမ ဒုစရိုက် (၃) ပါး
(၁) သတ္တဝါ၏ အသက်ကိုသတ်ခြင်း။
(၂) သူတစ်ပါး ပစ္စည်းကို မတရားယူခြင်း။
(၃) ကာမ ဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။
(၁) လိမ်ပြောခြင်း = မုသာဝါဒ
(၂) ကုန်းတိုက်ခြင်း = ပိသုဏ၀ါစာ
(၃) ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း = ဖရုသ၀ါစာ
(၄) အကျိုးမရှိ အနှစ်မရှိသော စကားကို ပြောခြင်း = သမ္ဖပ္ပလာပ၀ါစာ
(၁) သူတစ်ပါး ပစ္စည်းကို ရလိုသမှု ရှေ့ရှုကြံစည်စိတ် = အဘိဇ္ဈာ
(၂) သူတစ်ပါးကို ဖျက်ဆီးလိုစိတ် = ဗျာပါဒ
(၃) မှားယွင်းသော အယူဝါဒကို ယုံကြည်ကိုးကွယ်ခြင်း
ကာယ သုစရိုက် (၃) ပါး
(၁) သတ္တ၀ါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၂) သူတစ်ပါး၏ ပစ္စည်းကို မတရား ရှောင်ကြဉ်ခြင်း
(၃) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း
ဝစီ သုစရိုက် (၄) ပါး
(၁) မှန်သောစကားကိုပြောဆိုခြင်း = သစ္စ၀ါစာ
(၂) သူနှစ်ဦး တို့ကိုချစ်ခင် ညီညွတ်စေသော အစေ့အစပ် စကားကိုပြောဆိုခြင်း = အပိသုဏာဝါစာ
(၃) နူးညံ့ချိုသာ သာယာပြေပြစ်သော စကားကို ပြောဆိုခြင်း = သဏှဝါစာ
(၄) အကျိုးရှိ၍ အနှစ်ပြည့်သော စကားကိုသာ ပညာဖြင့် ချင့်ချိန်ပြောဆိုခြင်း = မန္တ၀ါစာ
မနော သုစရိုက် (၃) ပါး
(၁) သူတစ်ပါး၏ ပစ္စည်းကိုရယူလိုစိတ်မရှိခြင်း = အနဘိဇ္ဈာ
(၂) သူတစ်ပါး ကို ဖျက်ဆီးလိုစိတ် မရှိခြင်း = အဗျာပါဒ
(၃) မှန်သောဘာသာ အယူဝါဒကိုယုံကြည် ကိုးကွယ်ခြင်း = သမ္မာဒိဋ္ဌိ
ဆောင်။ ။ သက်တတ်ခိုးမှု၊ ကာမေသု၊ သုံးခုကာယကံ။
မုသား ကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ်မပါ၊ ပြောဆိုတာ၊ လေးဖြာ ၀စီကံ။
သူပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ကြံစည်၊ စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။
ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး သုစရိုက်ကံ။
ဒုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ ပါယ်လေးတန်။
သုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ နတ်နိဗ္ဗာန်။
သတ္တိဂုမ္ဗ ဇာတ်
ဤအရာ၌ ဓားပြလူမိုက်တို့နှင့် ပေါင်းမိ၍ ကျေးမိုက် ဖြစ်ရသော သတ္တိဂုမကျေးနှင့် သူတော်ကောင်းနှင့် ပေါင်းမိ၍ ကျေးလိမ္မာ ဖြစ်ရသော ပုပ္ဖသူဝ ကျေး တို့ကို နှိုင်းယှဉ်ကြည့်သင့်ပါသည်။
ရှေးအခါက ပဉ္စာလ တိုင်းမှ ပဉ္စာလဘုရင်ကြီးသည် တောကစားထွက်ရာမှ ခရီးလွန်ကာ ရွာတစ်ရွာသို့ ရောက်သွား၏။ ရွာတံခါးကို ၀င်မိလျင် “ ဒီ ဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ” စသော ရက်စက် ကြမ်းကြုတ် လှသည့် အသံကို ကြားရ၍ အသံလာရာသို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင် အော်ဟစ် ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။
ထိုရွာသည် ဓားပြရွာဖြစ်၍ ကျေးသားသည်လည်း ဓားပြများနှင့် အတူ အနေကြာလာသဖြင့် ရက်စက် ကြမ်းကြုတ်သော စိတ်ဆိုးစိတ်ယှတ်များ ၀င်နေသည့် သတ္တိဂုမကျေးမိုက်ဖြစ်၏။ ဘုရင်ကြီးသည် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာသဖြင့် ချက်ချင်းပင် ရထားထိန်းကို ရထားကစေကာ ထိုနေရာမှ ထွက်ခွာ လာရာ မကြာမီပင် ရသေ့ကျောင်းတစ်ကျောင်းသို့ ရောက်သွား၏။ ရောက်လျှင် ရောက်ချင်းပင် “ အရှင်မင်းကြီး ကြွတော်မူပါ၊ ထိုင်တော်မူပါ၊ စမ်းရေအေးအေး သောက်တော်မူပါ၊ ချိုမြိန်သော သစ်သီးများကိုလည်း သုံးဆောင်တော်မူပါ၊ ရှင်ရသေ့များ သစ်သီးရှာ သွားနေခိုက် ဖြစ်လို့ အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည့်သူမရှိ၍ စိတ်မကောင်းပါ၊ အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင်ဧည့်ဝတ် မပြုနိုင်ဘဲ ဖြစ်နေပါသည်၊ အရှင်မင်းကြီး ကိုယ်တိုင်သာ အလိုရှိသလို သုံးဆောင်တော်မူပါတော့” စသော သာယာချေငံသည့် ဧည့်ခံစကားကိုကြားရ၍ အသံလာရာ သို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင်ကိုပင် တွေ့ရပြန်သည်။
ကျေးသား၏ သာယာချေငံလှသော ဧည့်ခံစကားကြောင့် မင်းကြီး၏ ပင်ပန်းနွမ်းနယ်မှုတို့သည် တစ်မုဟုတ်ချင်း ပျောက်ငြိမ်း သွားကြကာ ကြည်သာရွှင်လန်း အပန်းပြေ သွားတော့၏။
ဤကျေးသားကား ရသေ့ သူတော်စင်များနှင့် အနေကြာသဖြင့် သူတော်ကောင်းဓါတ် အရှိန်ဟပ်၍ သူမြတ်စိတ်ဝင်ကာယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝ ကျေးလိမ္မာဖြစ်၏။
မင်းကြီးက ယခင်တွေ့ခဲ့သော ကျေးသားနှင့် ယခုကျေးသား တို့ ကွားခြားပုံကို ပြောပြရာ ကျေးသားနှစ်ကောင်မှာ တစ်အူထုံ့ဆင်း ညီရင်း အစ်ကိုများ ဖြစ်ကြကြောင်း၊ လေပြင်း တိုက်သဖြင့် အသိုက်မှ လွင့်ကာ တကွဲ တပြားစီ ကျရာတွင် ယခင်ကျေးသားက ဓားပြများထံ ရောက်သွား၍ ယခုကျေးသားက ရသေ့ တို့ထံ ရောက်လာခြင်းဖြစ်ကြောင်း ပုပ္ဖသူဝကျေးလိမ္မာရှင်းပြသဖြင့် မင်းကြီးသိရ၏။
ထို့နောက် ကျေးလိမ္မာက နီတိစကားဆက်လက်ပြောကြားပြန်၏။
“အရှင်မင်းကြီး၊ ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်လျှင် သမန်းမြက်ပါ အပုပ်နံ့ နံပါသည်။ ထို့အတူပင် သူမိုက်နှင့်ပေါင်းသင်းလျှင် မိုက်စိတ်ဝင်ကာ သူမိုက်သာဖြစ်ရပါသည်။”
ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယောနရော ဥပနယှတိ။
ကုသာပိပူတီ ၀ါယန္တိ၊ ဧ၀ံ ဗာလူပ သေ၀နာ။
“အရှင်မင်းကြီး၊ တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်ပါ ပန်းရနံ့ မွှေးကြိုင်ပါသည်။ ထို့အတူ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းလျှင် သူတော်စိတ်ဓါတ် အရှိန်ဟပ်ကာ သူတော်သူမြတ်ပင် ဖြစ်ရပါသည်။”
တဂရဉ္စ ပလာသေန၊ ယောနရော ဥပနယှတိ။
ပတ္တာပိသုရဘိ ၀ါယန္တိ၊ ဧ၀ံ ဓီရူပသေ၀နာ။
ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းရ၍ အသိအလိမ္မာ ကြွယ်ဝလှသော ကျေးလိမ္မာ၏ နီတိစကားကို ပီတိပွားလျက် မင်းကြီး မှတ်သားလိုက်ရ၏။
(ဇာတက-ဋ္ဌ ၄၊ နှာ-၄၃၂၊ ၀ီသတိနိပါတ်၊ ဇာတ်-၅၀၃၊ သတ္တိဂုမ္ဗဇာတ်)
“ဘေးရန် ဥပဒ် အန္တရာယ် မှန်သမျှသည် ဒုစရိုက်ပြုသူ လူမိုက်ကြောင့်သာ ဖြစ်ပေါ်ကြ၏။ သူတော်ကောင်းကြောင့် မဖြစ်ပေါ်ပေ။”
“ထို့ကြောင့် လူမိုက်ဖြစ်ကြောင်း ဒုစရိုက် တရားတို့ကို ရှောင်ရှား၍ သူတော်ကောင်း ဖြစ်ကြောင်း သုစရိုက် တရားတို့ကို ကျင့်ကြံပွားများ အားထုတ်ကြရာ၏။”
(အဂုင်္တ္တိုရ်၊ ပ၊ နှာ-၉၉၊ စာပိုဒ် -၁၊ တိက၊ ဘယသုတ်)
ထိုသူ နှစ်စား၊ မတွေ့ငြား၊ တစ်ပါးတည်းသာနေ။
လူမိုက်ကိုကား၊ မပေါင်းငြား၊ ရှောင်ရှား ဝေးဝေးနေ။
ပညာမဲ့သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆင်းရဲသည်။
ပညာရှိအား၊ ဆည်းကပ်ငြား၊ ကြီးပွားချမ်းသာသည်။
ဆိုင်ရာ ကိစ္စ၊ ကျ, န မမြင်၊ မကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆုံးရူံးသည်။
ဆိုင်ရာ ကိစ္စ၊ ကျ, န သိမြင်၊ တတ်ကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ကြီးပွားသည်။
(မူလပဏ္ဏာသ၊ ၂၈၆၊ စူဠဂေါပါလကသုတ်)
ဒေ၀ဒတ် ။ ။ လူဆိုးလူမိုက်ကြီး ဒေ၀ဒတ်နှင့် ပေါင်းသင်းမိ၍ အဇာတသတ် ဘုရင်သည် ဖခင်ကိုသတ်မိသဖြင့် ရနိုင်ခွင့်ရှိသည့် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆုံးရူံးရရုံမျှမက အ၀ီစိငရဲ၏ အရံဖြစ်သော ဥဿဒ ငရဲ သို့ပင် ကျရောက်ရ၏။
အဂုၤလိမာလ ။ ။ လူတစ်ထောင်မက သတ်ဖြတ်ခဲ့သော လူဆိုးကြီး အဂုင်္လိမာလသည် မြတ်စွာဘုရား တည်းဟူသော သူတော်သူမြတ်နှင့် တွေ့ဆုံဆည်းကပ်ခွင့်ရ၍ လူဆိုး ဘ၀မှ လွတ်မြောက်ရုံမျှမက အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွား၏။
(ကိုးကား ။ ။ ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာ)