March 12, 2008

ဖြန့်ထွက်တွေးခြင်း

ကြားဖူးသော ပုံပြင်လေးတပုဒ်ရှိပါသည်။ မိန်းမလှလေးနှင့် ငွေချေးသူ ရဟူဒီ အဘိုးကြီး တစ်ယောက်အကြောင်းဖြစ်သည်။ မိန်းမလှလေး၏ အဖေမှာ ကုန်သည်တယောက် ဖြစ်သည်။ အဘိုးကြီးဆီမှ ငွေချေး၍ ကုန်ကူးရာ ကုန်ရှုံးပြီး၊ ချေးငွေ မဆပ်နိုင်။ ရဟူဒီကြီးက မိန်းမလှလေးကို အကြွေးနှင့် သိမ်းချင်၍ ဥာဏ်ဆင်ပုံမှာ ကျောက်ခဲ အဖြူ အမဲ ရွေးချယ်ရမည်။
(၁) ကျောက်ခဲအဖြူရွေးနိုင်လျှင် အကြွေးလျော်မည်၊ ကောင်မလေးကို ဘာမှမလုပ်။
(၂) အမဲရွေးမိလျင် အကြွေးတော့လျော်မည်၊ ကောင်မလေးကတော့ သူ့ကိုယူရမည်။
(၃) ဘယ်ဟာမှ မရွေးဘဲ ခေါင်းမာလျှင်မူ ဖအေကြီးကို တရားစွဲ ထောင်ချမည်။ စသည်ဖြင့်ဖြစ်သည်။

ကောင်မလေးက ကျောက်ခဲရွေးပွဲ လုပ်ရန် သဘောတူလိုက်သည်။ ကျောက်ခဲ ရွေးပွဲမှာ ရဟုဒီကြီး၏ ဥယျာဉ်အတွင်း ကျောက်စရစ်ခင်းထားသော လမ်းပေါ်မှာ ဖြစ်သည်။ ရဟူဒီကြီးက အိတ်တစ်လုံးယူ၍ အလစ်မှာ ကျောက်ခဲ အမဲနှစ်လုံးကို အိတ်ထဲသို့ ထည့်လိုက်ပြီး “ ကဲ-ရွေးပေတော့” ဟု မိန်းမပျိုလေးကို ပြောသည်။ ကောင်မလေးက ရဟူဒီကြီး ကျောက်ခဲ အမဲနှစ်လုံးထည့်လိုက်တာကို မြင်လိုက်သည်။ ကောင်မလေး ဘာလုပ်မလဲ၊ စဉ်းစားကြည့်ပါ၊ သမားရိုးကျ တွေးရိုးတွေးစဉ် အတိုင်း ဆိုလျှင် ကောင်မလေး လွတ်လမ်းမရှိ။
ကောင်မလေး၌ ရွေးစရာ လမ်း (၃) သွယ် ရှိသည်။ (၁) ကျောက်ခဲ မရွေးတော့ ဟု ငြင်းမည်။ (၂) ကောင်မလေး ရဟူဒီကြီး မတရားပုံကို ဖေါ်ထုတ်မည်။ (၃) ကျောက်ခဲအမဲကို သိလျက်ရွေးလိုက်ပြီး ဖအေကြီးကို ကယ်တင်မည်။ ဘယ်လမ်းဖြစ်ဖြစ် မကောင်းပါ။
သာမန်အတွေးက ရွေးချယ်ခြင်း အပေါ်မှာ စဉ်းစားသည်။ ကောင်မလေးကတော့ ရွေးသော ကျောက်ခဲ အပေါ် မစဉ်းစား၊ အခြားတစ်ဘက်မှလှည့်၍ စဉ်းစားလေသည်။ ကျန်ရှိသော ကျောက်ခဲကို စဉ်းစားသည်။ ကောင်မလေးက အိတ်ထဲမှ ကျောက်ခဲကို ယူလိုက်ပြီး ခြေချော်လှဲလိုက်၍ လမ်းပေါ်မှ အခြားကျောက်ခဲများထဲသို့ ရော၍ အသာပစ်ချလိုက်သည်။ ရဟူဒီကြီးက အံ့အားသင့်၍ လက်ထဲမှ ကျောက်ခဲကို မေးသော အခါတွင်မူ “လက်ထဲမှာ ကျောက်ခဲမရှိတော့ဘူး၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ အိတ်ထဲက ကျောက်ခဲကိုကြည့်ပေါ့။ အိတ်ထဲက ကျောက်ခဲက အမဲရောင်ဆိုရင် ကျွန်မရွေးတာ အဖြူပေါ့” ဟုဖြေလိုက်သည်။ လက်ထဲမှ ကျောက်ခဲကို ဗဟိုမပြုဘဲ ကျန်ရစ်မည့်ကျောက်ခဲကို ဦးတည်၍ တွေးသောကြောင့် အဘိုးကြီးလက်မှ လွတ်ရသည်။
မှတ်ချက်။ ။ ဒီပုံပြင်လေးကို ကျွန်တော်ငယ်ငယ်တုန်းက မကွေးမြို့တွင် ဆရာကြီး ဦးအောင်သင်း စာပေဟောပြောပွဲတွင် ပြောကြား၍ ကြားဖူးထားပါသည်။ ဆရာကြီးကလည်း တွေးပုံ၊တွေးနည်းတွေနဲ့ သေချာပြောပြတော့ အရမ်းနှစ်သက် သဘောကျခဲ့ပါသည်။ အခု တခါ ကိုတာရဲ့ ဖြန့်ထွက်တွေးခြင်း စာအုပ်မှာ ပြန်လည် ဖတ်မိသောကြောင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

1 comments:

ပီကေ said...

တကယ်တော့ အခုရေးမယ့် ကွန်းမန့်က ဒီပို့စ်နဲ့ သိပ်တော့ မဆိုင်လှပါဘူး။ ဒါပေမယ့် ဒီပို့စ်လေး ဖတ်ပြီးပြီချင်း ရလိုက်တဲ့ အတွေးလေးမို့ ရေးလိုက်တာပါ။
အမျိုးသမီးလေးရဲ့ ဖြတ်ထိုးဉာဏ်ဟာ လေးစားစရာပါ။ သူနေရာမှာ ကျနော်ဆိုရင် လုံးဝ မစဉ်းစားနိုင်မှာတော့ သေချာတယ်ဗျ။
ကျနော် တွေးလိုက်မိတာက မကြာမီမှာ ကျင်းပတော့မယ် ဆိုတဲ့ “ကျောက်ခဲရွေးပွဲ” ကို သွား သတိရလိုက်မိလို့ပါ။
ဘယ်လို ကြံစည်ကြပါ့မလဲ ... ။

မြန်မာစံတော်ချိန်

Calendar


Recent Comments