September 21, 2007

ပညာစကား



Better do a little well, than a great deal badly.

ကောင်းတာလေး (ကုသိုလ်ကောင်းမှုလေး) နည်းနည်းလုပ်တာဟာ… မကောင်းမှု (အကုသိုလ်)တွေ အများကြီး လုပ်တာထက်တော့ ပိုကောင်းတာပေါ့။



There is only one good, that is knowledge; there is only one evil, that is ignorance.

ကောင်းမြတ်ပြီး အကျိုးဖြစ်ထွန်းစေတဲ့အရာက တစ်ခုပဲရှိတယ်။ အဲဒါက အသိဥာဏ်ရှိခြင်းပါပဲ။ ဆိုးရွားပြီး အကျိုးမဲ့ဖြစ်စေတဲ့ အရာလည်း တစ်ခုပဲရှိတယ်။ အဲဒါက အသိဥာဏ်ကင်းမဲ့ခြင်း မိုက်မဲခြင်း ပါပဲ။



Of all knowledge, the wise and good seek most to know themselves.

အသိပညာ အားလုံးအနက် ပညာရှိတွေ . . . သူတော်ကောင်းတွေ . . . အများဆုံး ကြိုးစားရှာဖွေတဲ့ အသိပညာကတော့ သူတို့ကိုယ် သူတို့ နားလည်စေဖို့ဆိုတဲ့ အသိပညာပါပဲ။



All that one gains by falsehood is, not to be believed when he speaks the truth.

မုသား လိမ်လည်မှုတွေနဲ့ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ရရှိတဲ့ အရာအားလုံးကတော့ . . . သူ အမှန်တရားကို ပြောတဲ့အခါမှာလည်း သူ့ကို မယုံကြည်တော့တာပါပဲ။



In teaching there should be no class distinctions.

ပညာရပ်တစ်ရပ်ကို သင်ကြားလေ့ကျင့်ပေးတဲ့အခါမှာ . . . လူအတန်းစားခွဲခြားမှုဆိုတာ မရှိသင့်ပါဘူး။

Read More...(ဆက်လက်ဖတ်ရန်)

September 20, 2007

အသိနှင့်ကိုယ်ကျင့်

အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာညွှန်ပြနိုင်၏။ ကျင့်၍မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ၊ အဆုံးအမများများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤကမ္ဘလောကကြီးဝယ် လူကောင်း သူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)

Read More...(ဆက်လက်ဖတ်ရန်)

September 15, 2007

လွမ်း

လွမ်းရသူရေ . . . . .

လွမ်းလွန်လွန်းလို့

လွမ်းကဗျာတစ်ပုဒ်ကိုရေးမိ

လွမ်းကြောင်းမပီပြင်

လွမ်းရသမမြောက်ပေမယ့်

လွမ်းလို့စပ်တဲ့ကဗျာ

လွမ်းတာကို သိစေကြောင်းမို့

လွမ်းနေတာကို

လွမ်းသူတစ်ယောက်သိရင်

လွမ်းရကျိုးနပ်ပြီမို့

လွမ်းဆွတ်မှုတွေအပြည့်နဲ့

လွမ်းမြဲလွမ်းနေမှာပါ .

Read More...(ဆက်လက်ဖတ်ရန်)

September 10, 2007

ထမင်းစားပြီးရင်ရေအေးသောက်လေ့ရှိပါသလား

ထမင်းစားရေသောက်ဆိုတဲ့ စကားဝိုင်း ထမင်းစားပြီးရင် ရေသောက်လေ့ ရှိကြပါသည်။ ထမင်းစားပြီး ရေသောက်တာဟာ ပြဿနာလို့ ဘယ်တုန်းကမှ မယူဆ ခဲ့ကြပါဘူး။ အခုတော့ ထမင်းစားပြီး ရေသောက်ခြင်းဟာ ကင်ဆာ ဖြစ်နိုင်တယ်လို့ ပြောလာပါပြီ။ ကျွန်တော်ဆီကို E-mail ကရောက်လာတဲ့ သတိပေးချက် တစ်ခုကို ဖတ်လိုက်ရလို့ ကျွန်တော်လို ရေအေးကြိုက်သူများ အတွက် လက်ဆင့်ကမ်း လိုက်ပါတယ်။

အစာစားပြီး ရေအေးအေးတစ်ခွက် သောက်လိုက်ရတာ တကယ့်စည်းစိမ် တစ်ခုပါပဲ။ ဒါပေမယ့် အဲဒီ ရေအေးအေးက ကိုယ်စားလိုက်တဲ့ အစားစာ ထဲမှာ အဆီဓါတ်များ ပါခဲ့ရင် ခဲသွားစေ နိုင်ပါတယ်။ အဲဒီ လိုဆိုရင်တော့ အစာ ချေချက်ခြင်းကို နှောင့်နှေး စေမှာပါ။

ပြီးတော့ အဲဒီ ခဲသွားတဲ့ အဆီတွေက ခန္ဓာကိုယ်ထဲမှာရှိနှင့်နေတဲ့ အက်ဆစ်နဲ့ ဓါတ်ပြုပြီး အူရဲ့လျင်မြန်စွာ စုပ်ယူမှုကို ခံရပါတော့တယ်။ အဲဒီတော့ အူထဲကို ရောက်သွားပြီပေါ့။ သိပ်မကြာခင်မှာပဲ အဆီစုအဖြစ် ပြောင်းလဲသွားပြီး ကင်ဆာ ဖြစ်နိုင်ခြေဆီကို ဦးတည် သွားပါတော့တယ်။ ဒါကြောင့် အစာစားပြီးရင် စွပ်ပြုတ်ပူပူ တစ်ခွက် ဒါမှမဟုတ်ရင် ရေနွေးတစ်ခွက်ပဲ သောက်သင့်တယ်လို့ အကြံပြုပါရစေ။ ( စိုးမြင့်သန်း၊ ရွှေမန္တလေးဂျာနယ်)မှ

Read More...(ဆက်လက်ဖတ်ရန်)

September 7, 2007

မေတ္တာဆိုတာ စိတ်ကောင်း၊ နှလုံးကောင်း

မေတ္တာဆိုတာကို ချစ်ခြင်း၊ နှစ်သက်၊ မြတ်နိုးခြင်းရယ်လို့ အလွယ်တကူ မှတ်ယူ တတ်ကြပါတယ်။ ဗုဒ္ဓရဲ့အဘိဓမ္မာနဲ့ လေ့လာရင် မေတ္တာဟာ အဒေါသ စေတသိတ် ဖြစ်ပါတယ်။ လောဘစေတသိတ်ရဲ့ ဆန့်ကျင်ဘက်ဟာ အလောဘ၊ မောဟစေတသိတ်ရဲ့ ဆန့်ကျင်ဘက်ဟာ အမောဟဆိုတာပါပဲ၊ အဒေါသ ဆိုတာ ဒေါသရဲ့ ဆန့်ကျင်ဘက် စေတသိတ်ပါပဲ။

လူတစ်ယောက်ဒေါသ ထွက်နေပြီဆိုရင် ဒီလူ စိတ်ဆိုးနေတယ်လို့ ပြောတတ်ကြပါတယ်။ ဒေါသစေတသိတ်ကို စိတ်ဆိုး ဆိုတဲ့ ဝေါဟာရနဲ့ ဖလှယ်ကြပါတယ်။ ဒါကြောင့် သူ့ရဲ့ဆန့်ကျင်ဘက် အဒေါသကိုတော့ စိတ်ကောင်း၊နှလုံးကောင်း လို့ ဝေါဟာရ ဖလှယ်ရမှာပါ။

စိတ်ကောင်း၊ နှလုံးကောင်း ထားနိုင်သူဟာ မေတ္တာပွားများနေသူမည်ပါတယ်။ စိတ်ကောင်း၊ နှလုံးကောင်း ရှိတဲ့ မိသားစုဟာ ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားကြရမှာ အမှန်ဖြစ်ပါတယ်။ စိတ်ကောင်း၊ နှလုံးကောင်းရှိတဲ့ အကြီးအမှုးအုပ်ချုပ်တဲ့ဌာနတွေဟာ တိုးတက်ကြီးပွား အောင်မြင်နိုင်မှာ ဧကန်ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်က စိတ်ကောင်း၊ နှလုံးကောင်း (မေတ္တာ) ရှိသူတွေ ရနိုင်တဲ့ အကျိုး ဆယ့်တစ်မျိုးရှိတယ်လို့ ဟောကြားထားပါတယ်။ အဲဒါတွေကတော့

၁။ အေးချမ်းစွာ အိပ်ပျော်နိုင်ခြင်း

၂။ အေးချမ်းစွာ နိုးထနိုင်ခြင်း

၃။ အိပ်မက်ဆိုးများ မမက်နိုင်ခြင်း

၎။ နတ်ကောင်း နတ်မြတ်များ စောင့်ရှောက်ခြင်း

၅။ လူသားတို့က လေးစားခင်မင်ကြခြင်း

၆။ နတ်ကောင်းများက ကြည်ညိုခြင်း

၇။ လက်နက်၊ အဆိပ်၊ မီး စသည့်တို့ မထိ၊ မသင့်နိုင်ခြင်း

၈။ မျက်နှာကြည်လင် အေးချမ်းခြင်း

၉။ စိတ်ဓါတ်ကြည်လင် အေးချမ်းခြင်း

၁၀။ မတွေမဝေ ဘ၀ကို စွန့်ခွါနိုင်ခြင်း

၁၁။ တမလွန်၌ ဈာန်ရသော် ဗြဟ္မာဘုံ၊ ဈာန်မရသော် သုဂတိဘုံသို့ရောက်ရခြင်း တို့ဖြစ်ပါသည်။

မေတ္တာ တရား ၊ စိတ်ကောင်း၊ နှလုံးကောင်း ကိုပျက်စေနိုင်တဲ့ အပျက်တရား (၂)ပါး ရှိပါတယ်။ အဲဒါတွေကတော့ တွယ်တာချစ် (တဏှာပေမ+ဂေဟဿတပေမ) နှင့် မုန်းတီးခြင်း (ဒေါသ) တို့ဖြစ်ပါတယ်။ ဒီအစွန်း (၂)ပါးက လွတ်အောင် သတိနဲ့ နေထိုင်နိုင်ပါမှ မေတ္တာ မပျက်မှာ ဖြစ်ပါတယ်။ ဒီအစွန်း(၂) ပါးက လွတ်အောင် သတိနဲ့ နေထိုင်နိုင်ပါမှ မေတ္တာမပျက်မှာ ဖြစ်ပါတယ်။

မေတ္တာ တရားဟာ သတ္တ၀ါအားလုံးအပေါ် အကျိုးလိုလားပြီး လောကကို ငြိမ်းချမ်းစေတဲ့တရားဖြစ်ပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်ဟာ မိမိရဲ့လောကဖြစ်ပါတယ်။ လောကအေးချမ်းရေး အတွက် မိမိပတ်ဝန်းကျင်ရှိ မိမိနဲ့သက်ဆိုင်သူတို့ကို ငြိမ်းချမ်းအောင် ဦးစွာ ဆောင်ရွက်သင့်ပါတယ်။ ထိုသူတို့ရဲ့ အကျိုးကို လိုလားသော မေတ္တာစိတ် (စိတ်ကောင်း၊ နှလုံးကောင်း) ဖြင့် ပြုဖွယ် ၀တ္တရားကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြုဖွယ် ၀တ္တရားဆိုရာမှာ ပေးကမ်းခြင်း၊ စောင့်ရှောက်ကူညီခြင်း၊ ဆုံးမသွန်သင်ခြင်း၊ အရိုအသေပြုခြင်း၊ အဖေါ်သဟဲပြုခြင်း၊ အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ်အနစ်နာခံခြင်း စတဲ့အရာတွေ အားလုံးပါဝင်ပါတယ်။

မိမိပတ်ဝန်းကျင် ငြိမ်းချမ်းရင် မိမိရဲ့လောကအေးချမ်းမှာပါဖြစ်ပါတယ်။ အဲဒီအခါ မိမိလည်း အေးချမ်းတဲ့ မေတ္တာရဲ့လွှမ်းခြုံမှုကို ခံစားနိုင်သူဖြစ်လာမှာပါ။ ဒါကြောင့် စိတ်ကောင်း၊ နှလုံးကောင်း နဲ့ မိမိပတ်ဝန်းကျင်ကို စောင့်ရှောက်ကူညီခြင်းဟာ မိမိကိုယ်ကို ငြိမ်းချမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

မေတ္တာသည်သာ ဆင်ခြင်တုံတရားနှင့် ပြည့်ဝသည့် တစ်ခုတည်းသော အပြုအမူဖြစ်သည်

Read More...(ဆက်လက်ဖတ်ရန်)

September 4, 2007

ငါကျောင်းကပြန်လာမိ တဲ့ တစ်နေ့အကြောင်းပဲဖြစ်တယ်

ကျောက်သင်ပုန်းကနေ ကွန်ပျူတာကိုဖတ်ဖို့

အဖေက

ငါ့ကို တစ်နယ်တစ်ကျေးမှာ စာသင်လွှတ်တယ်။

“ အဲဒီမှာ ခေတ်ကိုဝယ်ခဲ့

လိုသမျှငွေ

အဖေ့ပုခုံးပေါ်ကနေ ဖြုတ်ချပေးမယ်တဲ့”

ဘယ်မှာရနိုင်မလဲ

ခုလို

အဖေ့ပုဆိုးပြဲ ငါအထည်လဲ ၀တ်နေရတဲ့ တစ်နယ်တစ်ကျေး

ဒါတောင်

ငါက အထီးကျန်လွန်းသလေး နေပူလွန်းသလေးနဲ့

အားဖြစ်မလာမယ့် သံစဉ်ကို ရှာရှာတီးမိတယ်။

အဖေကတော့

နွေရုပ်ရှင်ထဲမှာ ကျောကုန်းတပြောင်ပြောင်နဲ့

ဇာတ်ပို့ သရုပ်ဆောင်ကြီး လုံးလုံးဖြစ်လို့

ဒီကြားထဲ

ငါပျင်းပျင်းနဲ့ ရေးဖြစ်လိုက်တဲ့ စာကလေးတစ်စောင်

အဖေ့မှာ ပေါက်နေသော အောင်ဘာလေမဲ

ဘယ်မှာရနိုင်မလဲ

ခုလို

ငါ့လက်မှာ ပေါက်ချင်နေတဲ့ ခူနာကို အာခံတွင်းထဲ ငုံထားမယ့် စမ်းရေမျိုး

ဒါတောင် ငါက

ဘယ်ပုခုံး ညာပုခုံး အဖေမောင်းတင်ထားရကြောင်း မလေ့လာမိဘူး။

အဖေ့မှာ သွေးတိုးမကင်းကြောင်း မသိဘူး။

အဖေ့စာထဲမှာလည်း မပါဘူး။

ကျောင်းပိတ်ရက် ငါအိမ်ပြန်တော့မှ

အဖေ့ခမျာ

သူအသက် နှစ်ပြန်အိုမင်းသွားကြောင်း တွေ့လိုက်ရတယ်။

အဲဒီမှာ

ငါ့ကို ရီရီဝေေ၀ ကြည့်နေတဲ့မျက်ဝန်း

မျက်ကွင်းလေးနှစ်ခုဟာ အတွင်းထဲ ချိုင့်ဝင်လို့ကွာ။

မောင်ပြည်အေး (ချောက္ကံ) ရဲ့ ကွန်ပျူတာတက္ကသိုလ်တက်တုန်းက ရေးထားသော အမှတ်တရကဗျာလေးပါ။ တရပ်တကျေးမှ မြို့ပြရှိ ကွန်ပျူတာတက္ကသိုလ်မှာ ပညာသင်နေသော ကျောင်းသား (ရွာသားလေး) တွေရဲ့အကြောင်းအရာလေးပါ။

Read More...(ဆက်လက်ဖတ်ရန်)

September 1, 2007

အိပ်ပုံအိပ်နည်း လေးမျိုး


၁။ ပြိတ္တာတို့ အိပ်ပုံအိပ်နည်း

၂။ ပျင်းတဲ့သူများ အိပ်ပုံအိပ်နည်း

၃။ ကာမဂုဏ်သားတို့ အိပ်ပုံအိပ်နည်း

၎။ သူတော်ကောင်းတို့ အိပ်ပုံအိပ်နည်း


၁။ ပြိတ္တာလေးများသည် (ပက်ကျိကောင်လို) အရိုးမရှိကြ၊ ထို့ကြောင့် ရပ်လျက် ထိုင်လျက် ကြာကြာ အနေနိုင်၊ သို့ဖြစ်သောကြောင့် အိပ်သောအခါ ပက်လက်ကလေးများ အိပ်တတ်ကြ၏။

၂။ ပျင်းရိတဲ့သူများကား အိပ်ပြီဆိုလျှင် အပျင်းထူတဲ့ သူတို့ရဲ့ ပုံစံ အတိုင်း မှောက်ခုံကြီးတွေ အိပ်တတ်ကြသည်။

၃။ ကာမဂုဏ်သား ယောက်ျားတို့ကတော့ လက်ဝဲဘက်သို့ စောင်းလျက် အိပ်တတ်ကြ၏။

၎။ သူတော်ကောင်းတို့ အမူအရာကား လျောင်းပြီဆိုလျှင် ( ကာမဂုဏ်သား တို့နှင့် ဆန့်ကျင် ဘက်) လက်ယာဘက်သို့စောင်းပြီး အိပ်တတ်ကြ၏။ ထိုသို့ ပြုမူသည်ကို “လက်ယာနံတောင်း စောင်းလျက်အိပ်သည်” ဟုဆိုကြ၏။ သူတော်ကောင်းတို့၏ အမူအရာပင်ဖြစ်ပါသည်။

သာဓက - ဗုဒ္ဓ မြတ်စွာဘုရား သည် လက်ယာဘက်သို့သာ အမြဲတမ်းစောင်းလျက် ကျိန်းစက်တော်မူခြင်း။

မှက်ချက်။ ။ တစ်ဘ၀သာသနာဆရာတော် အရှင်ဃောသိတ ရေးသားထားသော မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာကျမ်းမှ


Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments