December 28, 2007

အခန်းစိုး

အခန်းစိုးဆိုတာ ရွာအလှူတွေမှာ ဆေးလိပ်၊ လက်ဖက်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးခြောက်၊ ၀က်သားအိုး စတာတွေကို ထိန်းသိမ်းစီမံ ပေးရတဲ့သူပါ။ အခန်းစိုးကို တချို့က အခန်းဆိုးလို့ နာမည်ပျက်နဲ့ ခေါ်တတ်ကြတယ်။ အလှူဒကာ၊ အလှူဒကာမတွေက လုံးဝဥဿုံ လွှဲအပ်ထားလို့ သူတို့ကိုယ်စား အပြောအဆိုခံလွတ်အောင်၊ မကုန်သင့်တာ မကုန်အောင်စီမံရ တဲ့လူမို့ တချို့က ‘ပိတ်ဒကာ‘ လို့ခေါ်တတ်ကြသေးတယ်။ သေရင်ပြိတ္တာဖြစ်မယ့် သူလို့လည်း မေတ္တာပို့သခြင်းခံရတယ်။
ဒါကြောင့် အလှူတွေမှာ အခန်းစိုးလုပ်ကိုင်ပေးမယ်သူ ရှားပါးတယ်။ တချို့က အလှူ ဒကာ၊ အလှူဒကာမနဲ့ ဆွေမျိုးတော်စပ်လို့ မလွှဲသာ၊ မရှောင်သာ လုပ်ကိုင်ပေးကြတယ်။ အခန်းစိုးက အလှူတစ်လှူ အစကနေအဆုံး လုပ်ကိုင်ရတာမို့ မိမိအလုပ်လည်းပျက်တယ်။ ပင်လည်းပင်းပန်းတယ်။
အလှူတစ်လှူမှာ အခန်းစိုးက ဆေးလိပ်လိပ်တဲ့နေ့ကစပြီး ရှင်မယ်ခံတဲ့နေ့အထိ နေကြ ရတယ်ဆိုတော့ နှစ်ပတ်လောက်ကြာတတ်တယ်။ အလှူမှာ တည်ခင်းဧည့်ခံဖို့၊ အလှူငွေထည့် ၀င်လာကြတဲ့သူတွေကို လက်ဆောင်ပြန်ဖို့ အလှူရက်မတိုင်မီ တစ်ပတ်ကျော်လောက်ကကြိုပြီး ပြောင်းဖူးဖက် ဆေးလိပ်တွေကို ထောင်ချီပြီး လိပ်ထားရတယ်။ ဆေးလိပ်ကို ဆေးလိပ်လိပ်တဲ့သူ တွေက အိမ်ဝေယျာဝစ္စ အားလပ်တဲ့အချိန် နေ့လယ်ခင်းမှာ တစ်လိပ်ပြီးပြီး၊ နှစ်လိပ်ပြီးပြီး လာရောက်ဝိုင်းဝန်း လိပ်ပေးကြတယ်။ ရွာမှာ ဆေးလိပ်မလိပ်တတ်တဲ့ အမျိုးသမီးလဲ မရှိဘူး။ အိမ်ထောင်ရှင် အမျိုးသမီးတိုင်း လိပ်တတ်ကြတယ်။ တချို့အရွယ်ရောက်တဲ့ မိန်းကလေးတွေ ဆေးလိပ်လိပ်သင်ရင် အိမ်ထောင်ပြုတော့မှာမို့လားလို့ စ,တတ်၊ ပြောင်တတ်ကြပါတယ်။
ဆေးလိပ်လိပ်တဲ့သူတွေ ကျွေးဖို့မွေးဖို့ အကြော်၊ ပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ကောက်ညင်းပေါင်း စတဲ့သရေစာ ထည့်ယူလာတဲ့ ပန်းကန်ထဲကို လက်ဖက်ထည့်ပေးပြီး တုံ့ပြန်တတ်တယ်။ လက်ဖက်သားနဲ့ ချင်းရောနယ်ထားတဲ့ အပေါ်ကို ပဲကြမ်းကြော် ဖြူးပေးလိုက် တာပါ။
အဲဒီမှာ လက်ဖက်သားကနည်းပြီး ချင်းများနေရင် အခန်းစိုးကို အပြစ်တင်ကြတယ်။ ဆီ ဆမ်းတာနည်းနေရင်လည်း ကဲ့ရဲ့တတ်ကြတယ်။ လက်ဖက်သားကများပြီး ချင်းနည်းနေမယ်၊ ဆီရွှဲနေမယ်ဆိုရင်လည်း အခန်းစိုးက သူ့ဟာမဟုတ်လို့ ဗုံးဗောလအော(အများအပြား)သုံးတယ် လို့ အပြောခံကြရပြန်ရော၊ အခန်းစိုးက အပြောခံ လွတ်ခဲလှပါတယ်။အလှူမှာ ဧည့်ခံကြရတဲ့သူ တွေက လက်ဖက်၊ ဆေးလိပ်လိုချင်ရင် အခန်းစိုးဆီ တောင်းကြရတယ်။ အိုးသူကြီးကလည်း ချက်တော့ပြုတ်တော့မယ် ဆိုရင် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ငါးခြောက်တွေကို အခန်းစိုးဆီ က တောင်းရတယ်။ ဆွမ်းလောင်းဖို့ချက်ထားတဲ့ ၀က်သားဒယ်၊ ငါးခြောက်ဒယ်တွေကိုလည်း အခန်းစိုးဆီ ပြန်အပ်ထားကြရတယ်။ အခန်းစိုးက ပေးသင့်တယ်ထင်တဲ့ သူကိုပေးတယ်။ မေး မြန်းပြီးပေးသင့်သလောက်သာ ပေးတယ်။ တချို့က အလှူနဲ့မသက်ဆိုင်ဘဲ အရက်ဝိုင်းမှာ မြည်းဖို့ဆေးလိပ်၊ လက်ဖက်လာတောင်းတတ်တဲ့ သူတွေရှိတတ်တယ်။ တချို့က အရက်နဲ့လဲ သောက်ရအောင် ဆန်၊ ဆီ၊ ငါးခြောက်ကို မလိမ့်တပတ်နဲ့ တောင်းတတ်ကြသေးတယ်။ အခန်း စိုး မပါးနပ်လို့ ကုန်သွားတာတွေရှိတယ်။
အခန်းစိုးက အလှူမဏ္ဍပ်ဆောက်ပြီးတဲ့ အချိန်ကစပြီး ရှင်မယ်ခံတဲ့နေ့အထိ ငါးရက်လုံး လုံး မိမိအိမ်ကိုပြန်ပြီးတောင် မအိပ်ရတော့ဘူး။ အလှူအိမ်မှာ နေ့ရော၊ ညရော အခန်းထဲ အောင်းပြီး နေပေးရတော့တယ်။ အခန်းစိုးရေချိုးဖို့ ရေခပ်ပေးကြရတယ်။ လိမ်းဖို့သနပ်ခါးသွေး ပေးရတယ်။ ရှင်မယ်ခံပြီးတဲ့နေ့ ညနေပတ်စာခွာ၊ ဖျာသိမ်းမှ အလှူဒကာ၊ အလှူဒကာမတွေကို ကျန်ရှိတဲ့ပစ္စည်းတွေအပ်နှံ၊ အလှူကူတွေကို အပ်နှံပြီးမှ ပြန်ကြရတော့တယ်။
အလှူတွေက များသောအားဖြင့် အခန်းစိုးကို အင်္ကျီစလေးတစ်စ၊ ထဘီစလေးတစ်စ ၀ယ်ပေးကျေးဇူးတုံ့ပြန်တတ်ကြတယ်။ အခန်းစိုးအနေနဲ့ကတော့ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မျှော်ကိုးလုပ်ကိုင်တာတော့ မဟုတ်ပါဘူး။ စေတနာသက်သက်၊ အလှူမှာ ကုသိုလ်ယူဖို့ လုပ်ကိုင်ပေးကြတာပါ။
ကိုးကား ။ ။
ကိုလေးမြတ် မုံရွေးကြေးမုံသူ/သား (ကျေးလက်လူမှုသရုပ်ဖေါ် ရသစာစုများ)

Read More...(ဆက်လက်ဖတ်ရန်)

December 25, 2007

တကယ့် ဗုဒ္ဓဘာသာဝင်

ကမ္ဘာပေါ်မှာ လူမျိုးပေါင်းများစွာ ရှိသလို ကိုးကွယ်သောဘာသာများလည်း အမျိုးမျိုး ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ လူမျိုးပေါင်းများစွာရှိပြီး ဘာသာရေးကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသောကြောင့် ကိုယ်နှစ်သက်ရာ ဘာသာကို ကိုးကွယ်ကြပါတယ်။ အများအားဖြင့်တော့ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ကြပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူများကို နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ဗုဒ္ဓဘာသာကို တကယ်နားလည်သိရှိပြီး ယုံကြည်သက်ဝင်၍ ကိုးကွယ်သော ( တကယ့် ဗုဒ္ဓဘာသာဝင် ) နှင့် မိဘ၊ ဘိုးဘွားများ အစဉ်အဆက် ကိုးကွယ်ခဲ့သောကြောင့် ကိုးကွယ်လာသော ( မိရိုးဖလာ ဗုဒ္ဓဘာသာဝင်) တို့ဖြစ်ပါတယ်။
မြန်မာပြည်မှာ တကယ့်ဗုဒ္ဓဘာသာဝင် ပေါင်းများစွာရှိကြပါတယ်။ ထိုအထဲကမှ ကျောင်းဆရာကြီး ဦးခင်မောင်ရဲ့ တကယ့်ဗုဒ္ဓဘာသာဝင် တစ်ဦးအဖြစ် လုပ်ဆောင်ချက်တချို့ကို တင်ပြချင်ပါတယ်။ ဆရာကြီးက တကယ့်စံပြ ကျောင်းဆရာ တစ်ဦးဖြစ်ပြီး ကျွန်တော့်တို့နယ်ဘက်မှာ အလေးစားရဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာကြီးက ကျောင်းသား/သူများကို ဆုံးမသလို ကိုယ်တိုင်လည်း ဆေးလိပ်၊ကွမ်း၊ အရက်သေစာ၊ လောင်းကစား ဘာတစ်ခုမှ မလုပ်ဆောင်ပဲ စံပြအဖြစ်နေပါတယ်။ ကျောင်းဆရာသက်တမ်း နှစ်ပေါင်း လေးဆယ်ကျော်ထိ သင်ကြားခဲ့ပါတယ်။ ထိုသင်ကြားသော ကာလမှာ တကယ်နေမကောင်းဖြစ်လို့ ကျောင်းမတက်ခဲ့တာက လွဲရင် ကျောင်းပျက်တာတို့၊ စာသင်နောက်ကျတာတို့ လုံးဝမရှိခဲ့ပါဘူး။
ဆရာကြီးက ကျွန်တော်တို့ရွာကျောင်းမှာ နှစ်ပေါင်း လေးဆယ်ကျော် စာသင်ကြားခဲ့သောကြောင့် တနယ်လုံးရဲ့ ဆရာဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အဖေက ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့သလို အိမ်မှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်ကလည်း ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဆရာကြီးရဲ့နောက်ဆုံးစာသင်နှစ်မှာ မှီလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်မိသားစုလုံးရဲ့ ဆရာဖြစ်ပါတယ်။ ရွာကျောင်းမှာ ကျောင်းတက်ခဲ့ကြတဲ့ သူတွေထဲမှာ ကျွန်တော်အဖေအရွယ်ကနေ၊ ကျွန်တော့် အရွယ်ထိ ကျောင်းသား/သူများက ဆရာကြီးရဲ့ တပည့်များဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ဆရာကြီးက ကျွန်တော်တို့နယ်ဘက်ရဲ့ ချစ်ကြောက်ရိုသေ လေးစားရသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပါတယ်။
ဆရာကြီးက ဘာသာရေးကို ရိုသေ ကိုင်းရှိုင်းသလို တပည့်များကိုလည်း ဘာသာရေး လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ကျောင်းသား/သူများကို ဘာသာတရား လုပ်ဆောင်ချင်အောင် ပြောဆို ဆုံးမတတ်ပြီး တကယ်လုပ်ဖြစ် အောင်လည်း လုပ်ဆောင်ခဲ့ပါတယ်။
ရွာကျောင်းမှာ တနင်္လာနေ့နဲ့ သောကြာနေ့ဆိုလျှင် တန်းစီ (school assembly) ကြရပါတယ်။ နိုင်ငံတော်အလံကို အလေးပြု၊ နိုင်ငံတော် သီချင်းကို သီဆိုကြရပါတယ်။ အဲဒီနောက် အားလုံးထိုင်ကြရပြီး ဆရာကြီးက ဆုံးမစကားပြောပါတယ်။ ပြီးတော့ ၀ိပဿနာ အလုပ် (အာနာပါန) ထွက်လေ၊ ၀င်လေ ရှု့ ကြရပါတယ်။ ထိုင်ပုံ၊ ထိုင်နည်းကအစ စိတ်ထဲမှာ ဘယ်လိုထားရမယ်၊ စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို ဆရာကြီးက သေချာပြောပြပါတယ်။ ကျောင်းသား/သူများက ငယ်ရွယ်သူများ ဖြစ်သောကြောင့် အစပိုင်းမှာ မလုပ်ဆောင်နိုင်ကြပါဘူး။ စိတ်မပါကြတာကြောင့်လည်း ဖြစ်ကြပါတယ်။ ဆရာကြီးကို ကြောက်လို့သာ လုပ်ဆောင်ရတာပါ။ တစ်ပတ်ကို နှစ်ရက်လုပ်နေရတော့ တဖြည်းဖြည်းနဲ့ လုပ်တတ်လာကြပါတယ်။ တချို့ကျောင်းသားတွေလည်း စိတ်ဝင်စားပြီ စိတ်ပါလာကြပါတယ်။ တချို့ကျောင်းသားတွေကတော့ ထိုင်ဆိုလို့သာ ထိုင်နေကြပြီး အသံမထွက်ဘဲ လုပ်ချင်ရာလုပ်နေကြပါတယ်။ သူတို့ကလည်း စိတ်မပါလို့သာ မလုပ်ဆောင်ကြတာပါ။ ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာတော့ သိသွားကြပါတယ်။ ၁၅ မိနစ်လောက် တရားထိုင်ပြီး သမ္ဗုဒ္ဓေဂါထာ ကိုရွတ်ဆိုပြီး မေတ္တာပို့ မေတ္တာပွားများကြရပါတယ်။ ညနေကျောင်းဆင်းချိန်မှာ ပထမသံချောင်းခေါက်လျှင် စာသင်တာတွေ၊ တခြားလုပ်နေတာတွေ ရပ်ပြီး အားလုံးမတ်တပ်ရပ်ကြရပါတယ်။ ဒုတိယ သံချောင်းခေါက်လျှင် သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုရပါတယ်။ ပြီးမှ ကျောင်းဆင်းရပါတယ်။
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့တွေမှာ မနက်ပိုင်း ပထမသံချောင်းခေါက်လျှင် ရောက်တဲ့နေရာကနေ မတ်တပ်ရပ်ကြရပါတယ်။ ဒုတိယ သံချောင်းခေါက်လျှင် သမ္ဗုဒ္ဓေဂါထာတော် ကို ရွတ်ဆိုရပါတယ်။ ညနေပိုင်းမှာလည်း သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုကြရပါတယ်။ ဒါကြောင့် ကျောင်းတက်တဲ့ နေ့တွေမှာ တစ်နေ့ကို သမ္ဗုဒ္ဓေဂါထာတော် နှစ်ခေါက်ရွတ်ဆိုကြရပါတယ်။
ကျွန်တော်တို့ရွာကျောင်းမှာ ကျောင်းတက်ခဲ့ဖူးသော ကျောင်းသား/သူများက တခြား ဂါထာတော်များကိုသာ မရရင်၊ မရွတ်ဆိုရင်နိုင်တောင်မှ သမ္ဗုဒ္ဓေဂါထာတော်ကိုတော့ ဘယ်အချိန်ရွတ်ခိုင်း၊ ရွတ်ခိုင်း ရနေကြပါတယ်။ ကုန်ကုန်ပြောရရင် တရေးနိုးထရွတ်ခိုင်းတောင် မမှားအောင် ရွတ်ဆိုနိုင်ကြပါတယ်။ ဒါကြောင့်ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးတွေက ကြီးမား များပြားလှပါတယ်။ ဆရာကြီးက ကိုယ်တိုင်ဘာသာတရား လုပ်ဆောင်သလို၊ သူများတွေ၊ တပည့်တွေကိုလည်း လုပ်ဆောင်နိုင်အောင် ပြုလုပ်ခဲ့တဲ့ ပြုမူလုပ်ဆောင်ချက်က တကယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ လုပ်ဆောင်ချက်လို့ ယူဆမိပါတယ်။
ဒီပို့စ်ကို ဖတ်ခဲ့သော ဗုဒ္ဓဘာသာဝင်များအားလုံး တကယ့်ဗုဒ္ဓ၀င် ဖြစ်အောင်လုပ်ဆောင်ကြပါလို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်ခင်ဗျာ။
ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံး တကယ့်ဗုဒ္ဓဘာသာဝင် နဲ့ ပက်သက်ပြီး အမြင်လေးတွေရေးပေးကြပါလို့ Tag ပါတယ်ခင်ဗျာ။

Read More...(ဆက်လက်ဖတ်ရန်)

December 21, 2007

ဗုဒ္ဓဘာသာသင်တန်း နှင့် ကျွန်တော်

ကျွန်တော့်မိဘများသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်သောကြောင့် ကျွန်တော်လည်း ဗုဒ္ဓဘာသာ ကိုးကွယ်သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့်အမေက ညအိပ်ယာဝင်ခါနီးတိုင်း ဘုရားရှိခိုး ပြီးမှ အိပ်တတ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အမေ ဘုရားရှိခိုးလျှင် ဘေးက လိုက်ပြီး ကပ်နေပါတယ်။ ကျွန်တော်က အငယ်ဆုံးဆိုတော့ အမေကို အပျောက်မခံနိုင်လို့လေ။ ဒါကြောင့် အမေ ဘုရားဦးချလျှင် လိုက်ပြီး ဦးချခဲ့ပါတယ်။ ပြီးတော့ အမေဘုရား ရှိခိုး ရွတ်ဆိုပြီဆိုလျှင် နောက်က သံယောာင်လိုက်ပြီး ရွတ်ဆိုခဲ့ပါတယ်။ အမေက အိပ်ယာထဲမှာလည်း ဘုရားရှိခိုးနည်းကို သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ ဘုရားရှိခိုးနည်းတတ်လာခဲ့ပါတယ်။ ဘုန်းကြီးကျောင်းသို့ သွားပြီး ဥပုသ်၊ သီလ စောင့်ပြီဆိုလည်း ကျွန်တော်က အမြဲလိုက်ပါသွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းက ကျွန်တော့်အိမ်နဲ့ ကပ်လျက်ဖြစ်တဲ့ အပြင် ဘုန်းကြီးကလည်း ကျွန်တော့်ဘကြီင်္း ဘုန်းဘုန်း ဖြစ်သောကြောင့် အမြဲလိုက်ခဲ့တာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းရောက်လျှင် ဘဘုန်းက စားစရာ တခုခု အမြဲကျွေးပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးကျောင်းကို သွားချင်တယ်။ ပျော်လည်းပျော်ပါတယ်။

ဟိုအရင်တုန်းက ကျွန်တော့်တို့ရွာမှာ နွေရာသီကျောင်းပိတ်ရက်ဆို ရွာရှိ ဘုန်းတော်ကြီးများ၊ ကျောင်းဆရာ/မ များနှင့် ရပ်မိရပ်ဘများ ပူပေါင်းပြီး ရွာလယ်ကျောင်းတွင် ဗုဒ္ဓဘာသာ သင်တန်းဖွင့်လျစ်ပါတယ်။ ဒုတိယတန်းဖြေပြီးထားသော ကျောင်းသားများမှ စ၍ တက်လို့ရပါတယ်။ မတက်ချင်လည်း ရပါတယ်။ ကျွန်တော့် အကို၊ အမ အားလုံး ဒီသင်တန်းကို နှစ်စဉ်တက်ရောက်ခဲ့ကြပါတယ်။ ကျွန်တော် ပထမတန်းဖြေထားပြီးတဲ့မှာ အမက ဗုဒ္ဓဘာသာ သင်တန်းက ဆုရပါတယ်။ အမက နေမကောင်းဖြစ်နေလို့ ဆုတက်မယူနိုင်တော့ ကျွန်တော်က ကိုယ်စား တက်ယူခဲ့ပါတယ်။ ဆုယူနေစဉ်မှာ ကြားရတဲ့ လက်ခုတ်သံတွေကြောင့် တော်တော်ပျော်ရွှင်ပီတိ ဖြစ်ခဲ့ရပါတယ်။ ကိုယ့်အလှည့်ကြရင်လည်း ဆုရအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာသင်တန်းကိုလည်း အရမ်းတက်ချင်စိတ်ပေါက်သွားခဲ့ပါတယ်။ ဒုတိယတန်းတက်ခါစကတည်းက ဗုဒ္ဓဘာသာသင်တန်းက စာအုပ်တွေကို အကို၊ အမတွေဆီက ယူထားပြီးစုထားပါတယ်။
ကျွန်တော် ဒုတိယတန်းတက်နေစဉ် ( 88 ) အရေးအခင်း ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းတွေလည်း ရပ်နားခဲ့ရပါတယ်။ ဗုဒ္ဓဘာသာသင်တန်းလည်းရပ်နားခဲ့ပါတယ်။ ကျောင်းတွေပြန်ဖွင့်တော့လည်း ဗုဒ္ဓဘာသာသင်တန်းကို ဆက်လက်၍ မဖွင့်တော့ပါဘူး။ ကျွန်တော် အရမ်းတက်ချင်ခဲ့သော ဗုဒ္ဓဘာသာ သင်တန်းကို မတက်ခဲ့ရတော့ပါ။

Read More...(ဆက်လက်ဖတ်ရန်)

December 18, 2007

မေတ္တာ သာရဏီယတရား

ကာယကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြုမူလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

ဝစီကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျင်၊ အစဉ်အောက်မေ့ဖွယ်။
ချိုသာစကား၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

မနောကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။
(ချမ်းမြေ့ဆရာတော်)

Read More...(ဆက်လက်ဖတ်ရန်)

December 16, 2007

မိတ်ဆွေစစ်

  • သူ၏ အတွေးတို့သည် နှေးကွေးကြပါသည်။
  • သူ၏ စကားတို့သည် နည်းပါးသည်။
  • သို့သော် ရောက်ပြန်ဟပ်ဖို့ ဖန်တီးခြင်း မဟုတ်ပါ။
  • သူသည် မိတ်သင်္ဂဟများအတွက် ကြည်နူးစရာ ဖြစ်ပါသည်။
  • သူဟာ နားထောင်တတ်သည်ဆိုသည်ကို ကြားဖူးသင့်ပါသည်။
( you should have heard him listen )

Read More...(ဆက်လက်ဖတ်ရန်)

December 15, 2007

ကဗျာ (၁၂)

ဆောင်း

ဒီကဗျာလေးက လေးလုံးစပ် လေးသုံးကာရန်လေးပါ။ မမီ(မမယ်လိုဒီရဲ့ ငြိမ်းချမ်းသံစဉ် )ရဲ့ ဘလော့မှာ မမီရေးထားတဲ့ ရိုးရိုးလေးတွေးမိ ကဗျာလေးကို တွေ့ ပြီးရေးဖြစ်သွားတာပါ။

Read More...(ဆက်လက်ဖတ်ရန်)

December 14, 2007

ဖတ်မိသမျှ(၁၀)

ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ

နေမင်းကြီးက ကိုယ့်ရဲ့ ဘ၀ ပထမဆုံးနေ့ကို ခေါ်ဆောင်လာခဲ့တယ်
ညရောက်တော့ လမင်းကြီးက ကိုယ့်ကို ဖမ်းညှို့ထားတယ်။
လေတွေတိုက်နေတဲ့ကြားမှာ မိုးရေစက်တို့ရဲ့ လွှမ်းခြုံခြင်းနဲ့
ကိုယ့်ဘ၀ကို စခဲ့ရတယ်။
လမ်းတွေက ကိုယ့်ကို နေရာပေါင်းများစွာ ပို့ခဲ့တယ်။
နှစ်တွေက ဘယ်နေရာရောက်ရောက် တားဆီးထားကြပြန်တယ်။
သိပ်စိတ်ကူးယဉ်တတ်တဲ့ အရွယ်ဆိုတော့လည်း
ဖြစ်ခြင်တာကို ရအောင်လုပ်မယ် ဆိုပြီး
ခရီးတွေ ကျော်ဖြတ်ခဲ့တယ်….။

ခေတ်ကာလတစ်ခုရဲ့ အချိန်တစ်ခုက ကိုယ့်ကို
နေရာပေးလိုက်တယ်။
အောင်မြင်မှုဆိုတာကလည်း ကိုယ့်ကို လာပြီး
ခဏခြယ်မှုန်းပေးတယ်။
အဖြစ်အပျက်တွေ၊ အဆိုးအကောင်းတွေကလည်း
ကိုယ့်နားမှာ စောင့်ကြည့်နေကြတယ်။
သိပ်တက်ကြွနေတဲ့ အရွယ်ဆိုတော့လည်း
ကိုယ့်စိတ်ထက် ပိုပြီး
အရာရာကို ဂရုမစိုက်ဘဲ ရှေ့ဆက်ခဲ့တယ်။
ပျော်စရာတွေ အများကြီး ရသလို
စိတ်ညစ်စရာတွေလည်း အသေအချာ
ထိတွေ့လာတယ်။
စိတ်တိုင်းမကျမှုတွေ စုပြီးတော့
ကိုယ့်စိတ်ဓါတ်ကိုလည်း ဖျက်ဆီးတတ်လာတယ်။
တစ်ခါတလေလည်း ငယ်ငယ်တုန်းက
အချိန်တွေကို ပြန်မြင်နေမိတယ်။
ပြန်မရနိုင်တော့မယ့် အဖော်ဆိုတာကိုလည်း
သတိရနေမိတယ်။
အရွယ်တွေ ဆုံးရှုံးသွားတယ်ဆိုပေမယ့်
အရင်လို အင်အားတွေ လိုချင်နေမိတယ်…။
တဖြည်းဖြည်းနဲ့ နံနက်တွေမှာ
နေမင်းကြီး ထွက်မယ့်အချိန်ကို စောင့်တတ်လာတယ်။
ညဆိုလည်း လမင်းကြီး ဖမ်းညှို့နိုင်ဖို့
ကိုယ်ကြိုးစားတော့တယ်။
လေတွေ တိုက်နေတဲ့ ညနေခင်းတွေကို
ထိုင်ပြီးတော့ ပြန်ခံစားတတ်လာတယ်။
အဲဒီအချိန်မှာပဲ ကိုယ်တစ်ခု သေချာစွာ
သိလိုက်ရတယ်။
ကိုယ့်ဘ၀မှာ ဘယ်အရာတွေ ဘယ်လိုပဲ ဆုံးရှုံး ဆုံးရှုံး
အရင်က ပြောခဲ့တဲ့စကားတွေ၊
ကိုယ်ရေးခဲ့တဲ့ စာသားတွေ၊
ငယ်ငယ်ကတည်းက ဖြူစင်စွာ ရူးသွပ်ခဲ့တဲ့
သီချင်းတွေဟာ ကိုယ့်အနားမှာ
ပြုံးပြုံးပြုံးပြုံးနဲ့ အမြဲရှိနေတုန်းပဲ…
ကိုယ့်ကို အင်အားတွေ ပေးနေတုန်းပဲ….
အကြိမ်ကြိမ် ကယ်တင်နေတုန်းပဲ၊ ဆိုတာ…

ဒီလိုပါပဲ….ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို
ဖျက်ဆီးခဲ့ကြတာပါပဲ။

မှတ်ချက် ။ ။ မျိုးကျော့မြိုင် ရေးထားခြင်းဖြစ်ပါတယ်။
6.01.2004
By Thayahpu , February 2004


Read More...(ဆက်လက်ဖတ်ရန်)

December 13, 2007

ကံကောင်းသော ကံမကောင်းသောနေ့

မော်တော်ကားမောင်းသူ တစ်ဦးသည် မီးပွိုင့်တွင် မီးနီပြထားသဖြင့် ယာဉ်ကို ရပ်ထားရပါသည်။ သူ၏နောက်တွင် ယာဉ်ထိန်းရဲက လိုက်လာပါသည်။ ယာဉ်ထိန်းရဲ စီးလာသော ယာဉ်၏ မီးနီမှာ တောက်ပနေပြီး အချက်ပေးသြဥသံလည်း ပေးလာပါသည်။
ယာဉ်ထိန်းရဲက မီးပွိုင့်တွင် ရပ်ထားသော မော်တော်ယာဉ်အား စစ်ဆေးမေးမြန်းပါသည်။ ယာဉ်မောင်းသူမှာ ယာဉ်မောင်းလိုင်စင် ပါမလာသည်ကို တွေ့ရပါသည်။ ထို သူ၏ ယာဉ်ထဲတွင် ယာဉ်မှတ်ပုံတင်ထားသော စာအုပ်ပင် ပါမလာပါ။
“ကျွန်တော် ခန့်မှန်းလို့ ရပါတယ်” ဟု ယာဉ်ထိန်းရဲ အရာရှိက ဟန်ပါပါပြောပြီး ဒဏ်ကြေးဖြတ်ရန် လက်မှတ်စာအုပ်ကို နှိုက်လိုက်ပါသည်။ သူလည်း မေ့ပြီး စာအုပ်မယူခဲ့မိပေ။ ထိုအခြေအနေမျိုးတွင် မော်တော်ယာဉ်မောင်း သူအား လေးလေးနက်နက် သတိပေးပြီး ဆက်လက်မောင်းခွင့်ပေးရုံမှ လွဲ၍ ဘာမှ မလုပ်နိုင်ပါ။ (Quote)
မှတ်ချက်။ ။ ဒေါက်တာသိန်းလွင်ရဲ့ အတွေးစာစုများ

Read More...(ဆက်လက်ဖတ်ရန်)

December 12, 2007

သူလည်းမှန် ကိုယ်လည်းမှန်

လူနှစ်ဦး ခိုက်ရန်ဖြစ်သည့်ကိစ္စ ဖြေရှင်းပေးရန် ဘုန်းကြီးတစ်ပါးထံ ရောက်လာကြပါသည်။ ပထမလူက သူ့ဘက်က သူ့အမြင်ကို ပြောပြပါသည်။ ဘုန်းကြီးက ခေါင်းညိတ်ရင်း “ခင်ဗျား မှန်တယ်” ဟု ပြောပါသည်။
အခြားလူကလည်း သူ့ဘက်က သူ့အမြင်ကို တင်ပြပြန်ပါသည်။ ဘုန်းကြီးက တစ်ဖန် ခေါင်းညိတ်ပြရင်း “ခင်ဗျားမှန်တယ်” ဟုပြောပါသည်။
ပထမလူက မကျေမနပ်ဖြင့် “ဘုန်းကြီး-ကျွန်တော်တို့ နှစ်ယောက်လုံး မှန်တယ်ဆိုတာ မဖြစ်နိုင်ဘူး” ဟုပြောလိုက်ပါသည်။
ဘုန်းကြီး၏ မျက်လုံးများသည် ထိုသူ၏ စကားကို သဘောကျသဖြင့် အရောက်များပင် တောက်ပလာပါသည်။ ထို့နောက် ပြုံးပြုံးကြီးလုပ်ပြီး “ ခင်ဗျားလည်း မှန်တယ်ဆိုတာ ခင်ဗျားသိပါတယ်” ဟုပြောလိုက်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

December 11, 2007

ကြာနီကန်မြောက်ကျောင်း

သက္ကရာဇ် ၁၂၉၄ ခုနှစ် တခူးလပြည်ကျော် (၁၅) ရက် ဗုဒ္ဓဟူး နေ့တွင် လှူဒါန်းပူဇော်ထားသော ကြာနီကန်မြောက်ကျောင်းရှိ အုတ်ကျောင်း


နှစ်ပေါင်း ၇၅ နှစ်ကျော်ရှိပြီဖြစ်သော အုတ်ကျောင်း

သက္ကရာဇ် ၁၃၃၄ ခုနှစ်က ထွင်းလုပ်ထားသော အုန်းမောင်း(တုန်း)

၃၅ နှစ် ကြာနေပြီဖြစ်သော အုန်းမောင်း

ထိုမောင်းကို နေ့တိုင်း မနက်လေးနာရီ တကြိမ်၊ နေ့လည် (၁၂) နာရီ တကြိမ် တနေ့ နှစ်ကြိမ် ခေါက်ပါသည်။ ယခုထိလည်း ဒီအုန်းမောင်းကိုသာ ခေါက်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

December 10, 2007

ဒီနေ့ တစ်နေ့လုံး မှန်တာကိုသာ ပြောပါ။

သင့်ကိုသင်ဟာ အမှန်ကိုသာ ပြောတတ်သူလားလို့ မေးခဲ့ရင် “ ဟုတ်ပါတယ်” လို့ဖြေဖို့များတယ် မဟုတ်ပါလား။ ဒါပေမယ့် ထပ်ပြီး စဉ်းစားလိုက်ပါဦး။
ဒီနေ့ကိုပဲ စဉ်းစားလိုက်ပါ။ တစ်နေ့လုံး လုံးဝ အမှန်တွေကို ချည်းပြောခဲ့ပါသလား။
မိတ်ဆွေတစ်ယောက်က အဆင်ပြေရဲ့လား လို့မေး လာတဲ့အခါ တကယ်ပဲ ကောင်းမွန်နေတဲ့ အတွက် Fine လို့ပြောခဲ့တာလား။
ဒေါသတော့ထွက်သွားတယ်၊ ဒါပေမယ့် ထုတ်ဖေါ် မပြခဲ့တာမျိုးကို ဖြစ်ဘူးတယ်မဟုတ်လား။
ဒီနေ့ တစ်နေ့လုံး မှန်တာကိုသာ ပြောလိုက်ပါ။
တစ်စုံတစ်ယောက်ကို အမှန်အတိုင်းပြောလိုက်လို့ သူ့ကို သိပ် စိတ်ထိခိုက်သွားမယ်ဆိုရင် ( မင်း ဆံပင်ပုံစံကြီးက မုန်းစရာကောင်းလိုက်တာ ) မပြောဘဲ ထိန်းချုပ်လိုက်ပါ။
မိမိ ကိုယ်ကို မှန်တာကို ပြောကြည့်ပါ။ အဲဒီအခါမှာ ပြောသင့်တဲ့ မှန်ကန်တဲ့စကားတွေကို ပြောဖို့သိရှိလာ နိုင်ပါတယ်။
မှန်တဲ့ စကားတွေကို ပြောကြည့်လိုက်ပါ။
ကိုးကား။ ။ ခင်စောတင့် (သင့်ဘဝကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းများ)

Read More...(ဆက်လက်ဖတ်ရန်)

December 7, 2007

ဟာသ(၁)

အချစ်စစ်ဆိုတာ

“တို့ကို တကယ်ချစ်ရဲ့လား”
“ချစ်တာပေါ့”
“ဒီလိုဆိုရင် တို့အတွက် အသက်အသေခံနိုင်ပါ့မလား”
“တို့အချစ်က မသေတဲ့ အချစ်မျိုးပါ”

Read More...(ဆက်လက်ဖတ်ရန်)

December 5, 2007

ကဗျာ(၁၁)

အချိန်ဆွဲဆန့်သူများ

အဲဒီနှုတ်ခမ်းတွေပေါ့
ကြည့်လိုက်ရင်
အမြဲတမ်း လှုပ်လှုပ်ရွရွနဲ့
သူတို့ ပါးစပ်က တစ်စုံတစ်ခုကို
မပီဝိုးတဝါးနဲ့
အထပ်ထပ်ရွတ်ဆိုနေသလိုပဲ . . .
“ ဘယ်လိုစကားလုံးတွေများပါလိမ့်” လို့
အသေအချာ နားစိုက်ကြည့်လိုက်တော့
x x x x x
အင်း . . . ဘာတဲ့ . . .
“ x x x x x ရရပါလို၏” ဟုတ်လား . . .
ဒီမယ် . . .
ခင်ဗျားတို့ကတော့
လူပီသလွန်းတာနဲ့ပဲ
လူကိုပြန်ဖြစ်ဦးမှာ . . .

သူငယ်ချင်း မင့်အိပ်မက်(ဆရာဝန်လေး) ရဲ့ ကဗျာလေးပါ
။ ၂၀၀၀ ခုနှစ်က သူငယ်ချင်းများ စုစည်းထုတ်ထားသော နှလုံးသားဒိုင်ယာရီ ကဗျာစာအုပ်လေးမှ

Read More...(ဆက်လက်ဖတ်ရန်)

December 2, 2007

အမေ့ထံသို့တမ်းချင်း

အမေ …
အမေ သားကို မနက်လေးနာရီလောက် မိုးထဲ လေထဲမှာ ခက်ခက်ခဲခဲ မွေးခဲ့တာ၊
သားငယ်ငယ်တုန်းက ချူချာလို့ ဂရုတစိုက်ပြုစု ယုယခဲ့တာတွေကို သားသိပါတယ်။
အရွယ်ရောက်လာတော့လည်း ဘာအလုပ်မှ မခိုင်းပဲ စာကိုကြိုးစားခိုင်းတာတွေ၊
ညီအကို မောင်နှမ တွေကြားထဲမှာ အားလုံးထက်ပိုပြီး ဦးစားပေးခဲ့တာတွေကို သိပါတယ် အမေ။
သားက ရွာသားဆိုပေမယ့် ရွာက အလုပ်တွေ ဘာမှ မလုပ်တတ်ပါဘူး။ လုပ်လည်း မလုပ်ဘူးဘူးလေ၊ အမေကမှ မခိုင်းခဲ့တာနော်။
သား စာကြည့်နေရင် အလုပ်ဘယ်လောက်များများ သားကို မခိုင်းပဲ အမေပဲ အပင်ပန်းခံပြီးလုပ်ခဲ့တယ်နော်။
သားက အမေ ပိုင်ဆိုင်တဲ့ လယ်တွေ၊ ကိုင်းတွေ ကို အကုန်မရောက်ဘူးဘူးအမေ။ အကုန်လုံးတောင် မသိခဲ့ပါဘူးအမေ။
အမေသာ မနက်လေးနာရီ ရွာဦးကျောင်းက တုန်းမောင်းခေါက်ပြီ်ဆို ထမင်း၊ ဟင်းချက် စတာတွေလုပ်ပြီး တောထဲကို သွားခဲ့တယ်နော်။

တခါတလေ အဖေါ်လိုပေမယ့် သားအိပ်ရေးပျက်မှာစိုးလို့၊ တောထဲလိုက်ရင် ပင်ပန်းမှာစိုးလို့ သားကို မခေါ်ပဲ အမေ တယောက်တည်းပဲသွားခဲ့တယ်နော်။
သား မြို့ကို ကျောင်းတက်ဖို့သွားတော့ မခွဲနိုင်ပေမယ့် သားဘဝအတွက်ဆိုပြီး အမေ့ မျက်ရည်တွေကို စတေးခဲ့တယ်နော်။
သားကိုတွေ့ချင်လို့ မြို့ကို လိုက်လာတော့လည်း (၂)မိုင်လောက် ဝေးတဲ့ ခရီးကို ဘာမှ မစီးပဲ ခြေလျင်လမ်းလျှောက်ခဲ့တယ်နော်။
သားအတွက်ပေးရမယ့် ပိုက်ဆံ နည်းသွားမှာ စိုးလို့ဆိုတာကို အဲဒီတုန်းက သားမသိခဲ့ဘူး အမေ။
အခုသိရတဲ့အချိန်မှာ သား မျက်ရည်ကျရပါတယ် အမေ။
အခုဆိုရင် သားက တက္ကသိုလ်တောင်ပြီးတော့မယ်နော် အမေ။
သား ကျောင်းကနေ အိမ်ကို ခဏပြန်တော့ မိသားစု အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုကြတော့ သားတော်တော် ပျော်ပါတယ် အမေ။
ဒါပေမယ့် အိမ်က အလုပ်တွေက သားနဲ့ တစိမ်းတွေ ဖြစ်နေတယ် အမေ။
အဖေ လယ်ထွန်တဲ့ဆီ လိုက်မယ်လုပ်တော့ အဖေက “ မင်းမလုပ်တတ်ပါဘူး အိမ်မှာ နေခဲ့စမ်းပါ” တဲ့ အမေ။
အကို နဲ့ ပျိုးချတဲ့ဆီ လိုက်မယ် ဆိုတော့လည်း အကိုက “ မလိုက်ပါနဲ့ ညီလေးရာ တောထဲမှာက ပင်ပန်းတယ်ကွ မင်းမလုပ်နိုင်ပါဘူး” တဲ့လေ။
အမကလည်း “ မောင်လေးရာ ရွာရောက်တုန်း အေးအေးဆေးဆေးနေစမ်းပါ ဘုန်းကြီးကျောင်းသွားပြီး၊ ဘဘုန်းနဲ့ စကားသွားပြောနေ”တဲ့လေ။
အိမ်မှာဆို သားအလုပ်က သီချင်းနားထောင်တယ်၊ စာဖတ်တယ်၊ ဘုန်းကြီးကျောင်းသွားပြီး စကားစမြည် ပြောဆိုတယ် အမေ။
သားကျောင်းကို ပြန်မယ်ဆိုတော့ မိသားစု အားလုံး နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပန်းစွာ လုပ်မှ ရတဲ့ သီးနှံတွေကို ရောင်းချပြီး သားကျောင်း စရိတ်ကို ပေးခဲ့တယ်နော်။
အမေက သားကို ဆုံးမ စကားတွေလည်း ပြောပေးခဲ့တယ်နော် အမေ။
အမေ သားကို စိတ်မပူရအောင် အမေ့ဆုံးမ စကားတွေကို သား အမြဲနားထောင်ပါတယ် အမေ။
အမေ ပြောတဲ့ အတိုင်း ဘယ်သူနဲ့မှ လည်း ခိုက်ရန် မဖြစ်ခဲ့ပါဘူး။ မူးယစ်ဆေးဝါး၊ အရက်သေစာ၊ လောင်းကစား မလုပ်ဖြစ်ပါဘူး အမေ။ ဘောလုံးပွဲတော့ကြည့်ခဲ့ပါတယ် အမေ။
တခါတလေကျတော့လည်း ဒီခေတ်မှာ လူငယ်ဖြစ်နေတာ တန်ရဲ့လားလို့ တွေးမိပါတယ်။
ပတ်ဝန်းကျင်က သားနဲ့ရွယ်တူ လူငယ်တွေ လုပ်နေကြတာတွေကို သားက မလုပ်ဘူးတာတွေများလို့လေ အမေ။
သူငယ်ချင်းတွေ သူတို့ကောင်မလေးတွေနဲ့ သွားတာ လာတာတွေ မြင်ပြန်တော့လည်း အားကျမိပြန်ရော အမေ။
ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ သားလုပ်နေရတာတွေကို သားကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေ့ ကျေးဇူးတွေကို တခြားဟာတွေနဲ့ မဆပ်နိုင်ရင်တောင် အမေ့ စကားကို နားထောင်နိုင်လို့လေ။
အခုတော့ သားက အမေကို မေ့ပြီး Online မှာ Blog လုပ်လိုက် Chatting လုပ်လိုက်နဲ့ လုပ်နေပါတယ် အမေ။
Online ကလူတွေက Online တက်လာတဲ့သူတိုင်း လူလိမ်၊ လူညာလို့ပဲ ထင်နေကြလား မသိဘူး အမေ။
သားက ရိုးရိုးသားသား အမှန်တွေကို ပြောတာကို လိမ်ညာတယ်လို့ ယူဆကြတယ်ထင်တယ် အမေ။
တချို့ က ကိုယ်ကိုကို အမှန်တရားကို မြတ်နိုးတယ်။ အမှန်ကိုပဲပြောတယ်၊ ပွင့်ပွင့်လင်းလင်း ရင်ထဲမှာ ရှိတဲ့ အတိုင်းပြောတတ်တယ်လို့ ပြောပေမယ့် လည်း တကယ်တန်းတော့ သူတို့ လည်း မှားရင် မှားတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း မပြောကြပါဘူး အမေ။
သားကလည်း သားရဲ့ အမှားကို ထောက်ပြခဲ့ရင် မှားတယ်လို့ လက်ခံမှာ ပါ မှားခဲ့တာကိုလည်း တောင်းပန်မှာပါ အမေ။
Online မှာ မလိမ်မိအောင် ကြိုးစားပါတယ်။ အမှန်ကို မပြောချင်ရင်တောင် ညာတော့ မညာချင်ဘူး အမေ။
အိမ်မှာ အငယ်ဆုံးလည်း ဖြစ်ပြန်၊ အမေကလည်း အားလုံးထက် ပိုပြီး ဦးစားပေးထားတော့ သားက Online မှာလည်း ဦးစားပေးခံချင်တာ အမေ။
တချို့ တွေကို ဆို သားက တကယ်ခင်မိ၊ သံယောဇဉ် ရှိမိတာပါ အမေ။
ဒါပေမယ့်အမေ သူတို့က သားကို Online ပေါ်မှာ အပျော်ပဲဖြစ်ဖြစ်၊ လိမ်တာညာတာတွေပဲဖြစ်ဖြစ်၊ မဟုတ်က ဟုတ်က လျှောက်ပြောနေတဲ့သူ တယောက်လို့ပဲမြင်နေကြတယ် အမေ။
သားအပေါ်မှာလည်း အမေလို ဦးစားပေးမှုမျိုး မရှိခဲ့ပါဘူး အမေ။
ဒါကလည်း သားမှားတာပါ အမေ သားက သူတို့ကို အမေ့လို၊ အကို အမတွေလိုမျိုး ခင်မိသွားပြီး ဆိုးချင်မိတာလေ။
တကယ်တော့ သူတို့က သားရဲ့ မိသားစု မှ မဟုတ်တာနော် အမေ။
သူတို့မှာလည်း အပြစ်မရှိပါဘူးနော်။ သားကိုက ခံစားမှုလွန်ကဲသွားလို့ပါ အမေ။
သားက သူများတွေလို ကြုံသလို၊ တွေ့သလို အပေါ်ယံတွေ မပြောတတ်တာ ခက်တယ်နော် အမေ။
သားနားလည်ပါပြီ။ အမေ့ကို မေ့ပြီး သူတို့နဲ့ တနေကုန် Chatting လုပ်ခဲ့တဲ့ အပြစ်တွေကြောင့် သား စိတ်ပင်ပန်းခဲ့ရတာပါနော်။
ခုတော့ ဒါတွေ လျှော့လိုက်ပါပြီ အမေ။ သားအမေ့ စကားကိုနားထောင်ပြီး စာလုပ်ပါ့မယ့်၊ ဘုရားစာလည်းရွတ်ပါ့မယ် အမေ။
အမေ့ အပေါ်မှာ မှားခဲ့တာ ရှိခဲ့ရင်လည်း ခွင်လွှတ်ပေးပါလို့ ရှိခိုးဦးချပြီး တောင်းပန်ပါတယ် အမေ။
ခွင့်လွှတ်မယ်လို့လည်း ယုံကြည်ပါတယ်။ သားအပေါ်မှာ ယုံကြည်မှုရှိပြီး၊ နားလည်တတ်တာက အမေ လောက် ဘယ်သူမှ မပိုဘူးဆိုတာ သားသိလို့ပါ အမေ။
သူများပြောတာထက် သားပြောတာကို ပိုယုံကြည်ပေးလို့ အမေကို ကျေးဇူးတင်ပါတယ် အမေ။
သားအပေါ်မှာ အမေ ကောင်းခဲ့တာတွေ၊ ပေးဆပ်ခဲ့ရတာတွေ၊ ပင်ပန်းခဲ့တာတွေကို တွေးမိရင် သားမျက်ရည်ကျမိပါတယ် အမေ။
အမေ့ကို လွမ်းလှပြီ အမေ။
ကျောင်းမြန်မြန်ပြီးအောင် စာကြိုးစားလုပ်ပြီး အမေရှိတဲ့ရွာကို သားပြန်လာခဲ့တော့မယ် အမေ။
မှတ်ချက်။ ။ ကျွန်တော့်ရင်ထဲက စကားများကို အမေ့ထံသို့ပြောပြချင်းမျှသာ

Read More...(ဆက်လက်ဖတ်ရန်)

December 1, 2007

ခန္တီစ = သည်းခံခြင်း မင်္ဂလာ

ခန္တီစ= ဆဲဆို ငေါက်ငမ်း ကိုယ်စိတ်ပင်ပန်းအောင် ညှင်းပန်းနှိပ်စက် ပြုမူချက်ကို အမျက် ပြင်းထန် တုံ့မပြန်ဘဲ သည်းခံခြင်း

သည်းမခံခြင်း၏ အပြစ်ငါးပါး

၁။ လူအများ မချစ်ခင်ခြင်း၊
၂။ ကြမ်းကြုတ်ခြင်း၊
၃။ စိတ်မကြည်လင် မရွှင်လန်းခြင်း၊
၎။ တွေဝေလျက် သေရခြင်း၊
၅။ ငရဲသို့ ကျရခြင်း။

သည်းခံခြင်း၏ အကျိုးငါးပါး

၁။ လူအများ ချစ်ခင်ခြင်း၊
၂။ သိမ်မွေ့ နူးညံ့ခြင်း၊
၃။ စိတ်ကြည်လင် ရွှင်လန်းခြင်း၊
၎။ မတွေမဝေ သေရခြင်း၊
၅။ နတ်ပြည်သို့ ရောက်ခြင်း။

(အဂုင်္တ္တိရ်၊ ပဉ္စက၊ ဒုတိယ အက္ခန္တိ သုတ်)


Read More...(ဆက်လက်ဖတ်ရန်)

November 20, 2007

ဆေးပေါင်းခတဲ့ည

တန်ဆောင်မုန်းလပြည့်နေ့ကို ဆေးပေါင်းခတဲ့ညလို့ ခေါ်ကြပါသည်။ နွယ်ပင်၊ မြက်ပင်က အစ ထိုနေ့တွင် စားလျှင် ဆေးဘက်ဝင်သည်ဟု ပြောဆိုကြပါသည်။ ကြယ်တွေစုံသောနေ့ တစ်နေ့ ဖြစ်သောကြောင့် နက္ခတ်ဝါသနာရှင်များ၊ လေ့လာသူများ၊ ပညာရှင်များက ထိုနေ့ကို လက်လွက်မခံပဲ အထူးတလည် စောင့်ဆိုင်း ကြည့်ရှု့ကြပါသည်။

တန်ဆောင်မုန်းလပြည့်နေ့မှာ ဘာသာရေးပွဲများ၊ အခြားပျော်ပွဲ ရွှင်ပွဲများ အများအပြားပြုလုပ်ကြပါတယ်။ ကျွန်တော်တို့ ရွာတွင်လည်း ထိုနေ့က ရွာမြောက်ဇရပ်ရဲ့ နှစ်စဉ် ဘုရားကိုးဆူ ဆွမ်းကပ်သော ရက်မြတ်ဖြစ်ပါတယ်။ ဇရပ်နှင့် ကပ်လျက် အိမ်ဝိုင်းကျယ်ကြီးတွင် ညလုံးပေါက် Video ပြသပါတယ်။ ရွာအတွင်း ဆီမီး လှည့်လည်ပူဇော်ပွဲကိုလည်း နှစ်စဉ်ကျင်းပပါတယ်။ ဘေးပတ်လည် အခြားကျေးရွာများမှ လူငယ်များကလည်း ကျွန်တော်တို့ရွာသို့ လာရောက်ပျော်ရွှင်ကြပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ရွာတွင် အလွန်စည်ကားပါတယ်။


ကျွန်တော် ဘုန်းကြီးကျောင်းသား လုပ်နေသောနှစ်တနှစ်က ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတွေ ပျော်ချင်တာနဲ့ ညပိုင်းလျှောက်လည်ဖို့ ဘုန်းဘုန်းဆီမှာ ခွင့်တောင်းပြီး ပျော်ရွှင်ကြပါတယ်။ ဘုန်းဘုန်းက ည (၁၂) နာရီလောက်ပြန်လာခဲ့ကြလို့ မိန့်ကြားပြီး ခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကျောင်းက စထွက်တော့ ညနေ(၆) နာရီခွဲ လောက်မှာပါ။ ဇရပ် မှာ အကြွေးအမွေးတွေရှိနေတော့ အဲဒီကို အရင်သွားပါတယ်။ ကြွေးတာတွေကတော့ ဆန်ပြုတ်၊ မယ်ဇလီဖူးသုတ်၊ အချိုရည် အစုံပါပါတယ်။ ဒီဇရပ်က ရွာအတွင်း ဆီမီး လှည့်လည်မယ့် အဖွဲ့ရဲ့စုရပ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရောက်တော့ လူတော်တော်စုံနေပါပြီ ဆီမီး များထွန်းညှိကာ လှည့်ဖို့ စီစဉ်နေကြပါတယ်။ ဖျော်ဖြေရေး အဖွဲ့က လည်း နောက်က လိုက်ဖို့ ဒုံးပတ်သံ တညံညံ ပေးပြီး စတင် တီးခတ် သီဆိုနေကြပါတယ်။ ခဏနေတော့ ရွာထဲအနှံ့ လှည်လည်ကြပါတယ်။ ဘုန်းကြီးကျောင်းများကို ၀င်ပြီး ဘုရားများတွင် ဆီမီးများထွန်းညှိပူဇော်၍ ဘုန်းဘုန်းရဲ့ တရားကိုလည်း နာကြပါတယ်။ ကျွန်တော်တို့ရွာတွင် ဘုန်းကြီးကျောင်း ငါးကျောင်းရှိပါတယ်။ ငါးကျောင်း စလုံးတွင်လည်း ဘုရားစေတီများ ရှိပါတယ်။ ဆီမီး လှည့်လည်ရေး အဖွဲ့ကလည်း ငါးကျောင်းစလုံးကို ၀င်ကြရပါတယ်။ ဘုန်းဘုန်းကြွေးသော စားသောက်ဖွယ်ရာများကို လည်း စားကြသောက်ကြပါတယ်။ တစ်ရွာလုံးရှိ လူငယ်၊ လူကြီးများ ညီညီညွတ်ညွတ်နဲ့ ဘာသာရေးနှင့် ပျော်ပွဲ၊ ရွှင်ပွဲ ပြုလုပ်ကြတာက တကယ့်ကို အားရကျေနပ်စရာ၊ ပျော်ရွှင်စရာ ကောင်းလှပါတယ်။

ည(၉) နာရီခွဲ လောက်မှာ Video စတင်ပြသပါတယ်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းသား အဖွဲ့လည်း Video ခဏကြည့်ကြပါတယ်။ ပြီးတော့ ရွာ အတွင်း လှည့်ပြီး ပန့်သကူ ရှာကြပါတယ်။ ကျွန်တော်တို့လို ပန့်သကူ ရှာကြတဲ့ အခြားဘုန်းကြီးကျောင်းသားများ၊ အခြားအဖွဲ့ များ လည်း အများကြီးတွေ့ရပါတယ်။ အားလုံးက ပန့်သကူရှာလိုက်၊ Video ပြန်ကြည့်လိုက် နဲ့ပျော်ရွှင်နေကြပါတယ်။ ကျွန်တော်တို့ ရွာက တချို့ လူချမ်းသာာများနှင့် တချို့ လူကြီးများက ပန့်သကူပစ်လေ့ ပစ်ထရှိသောကြောင့် ယခုလို လိုက်ရှာနေကြခြင်း ဖြစ်ပါတယ်။ လိုက်ရှာလို့ ရတဲ့သူများ ရှိသလို၊ နံနက်လင်းမှ လမ်းသွား လမ်းလာများ၊ အမှတ်မထင်တွေ့သူများလည်း ရှိကြပါတယ်။


တန်ဆောင်မုန်းလပြည့်နေ့တွင် ပျော်ကြသူများတွင် ပျော်နည်းမျိုးစုံ၊ ရည်ရွယ်ချက် မျိုးစုံ၊ လုပ်ဆောင်ချက်မျိုးစုံ ရှိကြပါတယ်။ ကျွန်တော်တို့ ပန့်သကူ လိုက်ရှာနေတုန်းမှာ ရွာက ကာလသား အစ်ကိုကြီး အုပ်စုတစုက သောက်ဖို့၊ စားဖို့ သူက ဘာတာဝန်ယူ ငါက ဘာတာဝန်ယူမယ်ဆိုပြီး အစီအစဉ်များလုပ်နေတာကို တွေ့ရပါတယ်။ ရွာလယ် ဘုန်းကြီးကျောင်းနားရောက်တော့ အဖွဲ့ တဖွဲ့က ဘုရားဝန်းထဲက ဘုရားတစ်ဆူကို ၀ိုင်းပြီးသယ်နေတာကိုတွေ့ရပါတယ်။ ချမ်းသာသော အိမ်( ချမ်းသာပြီး ကပ်စီးနဲသောအိမ်) ရှေ့တွင် ချထားဖို့လို့ ပြောပါတယ်။ အဲလို ချထားရင် ချထားခံရတဲ့ အိမ်က နောက်နေ့ မှာ ဘုရားဆွမ်းကပ်ပြီးမှ နဂိုကျောင်းဆောင်သို့ ပင့်ဆောင်၍ ပြန်ပို့ရပါတယ်။ ရွာကျေးလက်ကျန်းမာရေး ဆေးခန်းရှေ့ရောက်တော့ ကျန်းမာရေးမှု ဆရာကြီး စိတ်ဆိုးနေတာကို တွေ့ရပါတယ်။ သူ့ဆေးခန်းထဲက ကြံပင်တွေ နှုတ်သွားလို့တဲ့ ဘယ်သူတွေမှန်းလည်း မသိလိုက်ဘူးလို့ပြောပါတယ်။ ရွာတောင်တံခါးနားမှာ သစ်တုံးကြီး တစ်တုံးကို လမ်းပေါ်မှာ ချထားကိုတွေ့ပါတယ်။ သစ်တုံးကြီးကို ခက်ခက်ခဲခဲ ပင်ပန်းကြီးစွာ သယ်ယူရလောက်ပါတယ်။ နှောက်ယှက်ချင်တဲ့ စိတ်နဲ့ မဟုတ်ပဲ ပျော်ပါးချင်လို့ စနောက်ကြတာဖြစ်ပါတယ်။ မိန်းမ ခိုးဖို့ စီစဉ်နေကြတဲ့ အစ်ကိုကြီးများ၊ ကြက်ခိုးဖို့ စီစဉ်နေတဲ့ အစ်ကိုကြီးများ ကိုလည်းတွေ့ခဲ့ရပါတယ်။


ကျွန်တော်တို့ ဘုန်းကြီးကျောင်းသား အဖွဲ့လည်း ပန့်သကူ ရှာ လိုက် Video ပြန်ကြည့်လိုက်နဲ့ အချိန်ကို သတိမထားမိကြပါဘူး။ Video ပြသတဲ့ နေရာကို တခေါက်ပြန်ရောက်တော့ ဘေးနား က အစ်ကို တယောက်ကို နာရီမေးလိုက်တော့မှ နံနက် (၂) နာရီ ရှိနေမှန်းသိရပါတော့တယ်။ အဲဒီအချိန်ကြမှ ကျွန်တော်တို့လည်း နောက်ကြနေမှန်း သိပြီး ဘုန်းကြီးကျောင်းကိုပြေးရပါတော့တယ်။ ကျောင်းရောက်တော့ ကျောင်းပေါ် တံခါးက ပိတ်နေပါပြီ၊ အသာလေးဆွဲဖွင့်ကြည့်လိုက်တော့လည်း မပွင့်တော့ပါဘူး။ တံခါးလည်း မခေါက်ရဲပါ၊ နှိုးလည်း မနှိုးရဲ တော့ပါဘူး။ ဘုန်းကြီးရဲ့ ကြိမ်လုံးကိုလည်းကြောက်ရပါသေးတယ်။ ဒါကြောင့် ကိုယ့်အပြစ်နဲ့ ကိုပဲ မထူးပါဘူး ဆိုပြီး ကျောင်းဝရံတာက တုံး(အုန်းမောင်း) ထားတဲ့ စင်လေးဘေးမှာ ပုဆိုးခြုံ ပြီးကွေးရပါတော့တယ်။ နံနက် (၄) နာရီ ထိုးတော့ ကပ္ပိယကြီးက တုံးခေါက်ဖို့ ကျောင်းတံခါးဖွင့်ပြီးလာမှ အသာလေး ထပြီး ကျောင်းထဲကို ၀င်၍ အိပ်ရပါတော့တယ်ဗျာ။


ဆေးပေါင်းခတဲ့ည (တန်ဆောင်မုန်းလပြည့်နေ့) နဲ့ ပက်သက်ပြီး တွေ့ကြုံရတဲ့ အဖြစ်အပျက်လေးတွေ၊ ခံစားချက်လေးတွေကို တင်ပြပေးပါလို့ တောင်းဆိုချင်ပါတယ်။
ထိုသူတွေကတော့

ကိုစိုးထက်
မာန်လှိုင်းငယ်
အစ်မ ခွန်မြလှိုင်
မဆုဝေ (ဆုဝေ ရဲ့ အတွေးရပ်ဝန်း)
ညီမလေး မေပျို (သဲ)

Read More...(ဆက်လက်ဖတ်ရန်)

November 18, 2007

ဖန်ဆင်းရှင်


Read More...(ဆက်လက်ဖတ်ရန်)

November 15, 2007

ယုံတမ်းစကားလိုပြောမယ့် ကျွန်တော်တို့ Cyber ရွာ

မာန်လှိုင်းငယက ယုံတမ်းစကားအကြောင်းရေးဖို့ TAG ထားပါတယ်။ ဘယ်အကြောင်းရေးရရင်ကောင်းမလဲလို့ စဉ်းစားကြည့်လိုက်တော့ ဘာမှ မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ရွာပြန်ပြီး Data ရှာတာပဲကောင်းပါလို့တွေးပြီး ရွာကိုပြန်လိုက်ပါတယ်။

ကျွန်တော်တို့ရွာကို သွားရင် လမ်းမှာ မုန်းချောင်းကို ဖြတ်ကူးရပါတယ်။ ချောင်းကိုကူးချင်ရင်တော့ လှေ၊ ဖောင်( လှေကြီးနှစ်စီးကို သစ်သားကပ်များဖြင့် တွဲထားသော ရေယာဉ်)၊ တံတား (ဆိုင်ကယ်၊ စက်ဘီး သာကူးလို့ရ) နဲ့ သာကူးဖြတ်ရပါတယ်။ ဒီတခေါက်တော့ မုန်းချောင်းကို သံကူကွန်ကရစ် ခြောက်လမ်းသွားတံတားကြီး နဲ့ တွေ့လိုက်ရတယ်။ တဖက်ကမ်းကို ကူးလိုက်တော့ တံတားထိပ်ကနေ ရွာအထိ နိုင်လွန် ကတ္တရာ လမ်းလေးက ဖြောင့်လို့ဗျာ။ သွားလာနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကလည်း များမှများဗျာ။ ရွာက ကလေးတွေက “အစ်ကို လိုက်ခဲ့ပါလား” လို့ခေါ်ပါသေးတယ်။ ကျွန်တော်က လမ်းလျှောက်ချင်တာရယ်၊ လမ်းမှာ ကျွန်တော်တို့ ကိုင်း(ယာ) ကို ၀င်ကြည့်ချင်သေးတာနဲ့ သူတို့နဲ့ မလိုက်ပဲ လမ်းပဲလျှောက်လိုက်တော့တယ်။

ကျွန်တော်တို့ ကိုင်း နားမှာ ညောင်ပင်ကြီး တစ်ပင်ရှိပါတယ်။ ညောင်ပင်နားရောက်ခါနီးတော့ ရွာက ကလေးတစ်ယောက် အိပ်အမည်းလေး ဆွဲပြီး ညောင်ပင်ရိပ်အောင်ဝင်သွားပါတယ်။ သူက ညောက်ပင်အောင်ရောက်တော့ လက်ထဲက အိပ်ကလေးကိုဖွင့် သီချင်းနားထောင်၊ ခလုပ်ကလေးတွေ နှိပ်နေတယ်။ သေချာကြည့်လိုက်တော့ LapTop လေးပါဗျာ။ ဒါနဲ့ ကျွန်တော်လည်း သူအနားသွားပြီး “ ဟိတ်ကောင် ဘာတွေလုပ်နေတာလဲကွ” ဆိုပြီး မေးလိုက်တယ်။ သူက “ ကျွန်တော် နွားကျောင်းရင်းလာတာပါ ဒီမှာ ကအေးတော့နားနေတာ” တဲ့ ဘေးကိုလိုက်ကြည့်တော့ နွားတစ်ကောင်မှ မတွေ့ဘူး။ “မင်းနွားတွေက ဘယ်မှာလဲ မြင်လဲ မမြင်ရပါလား” လို့ ထပ်မေးလိုက်တော့ “ရှိပါတယ် အစ်ကိုရ သူတို့က အေးအေးဆေးဆေးပါပဲ မိညိုတစ်ကောင်ပဲ ဟိုဘက်ရောက်နေတယ်” လို့ ပြောပြီး LapTop Screen ပေါ်ကိုလက်ထောက်ပြီးပြပါတယ်။ သူက နွားတွေလှုပ်ရှားနေတာကို GPS စနစ် တေ၊ွ wireless network system တွေ သုံးပြီး ကြည့်နေတာလေ။

ကျွန်တော်လည်း ကိုင်းကို ခဏကြည့်ပြီး ရွာကို ထွက်လာခဲ့ပါတယ်။ ရွာအ၀င်မှာ ရွာအမည်ဆိုင်းပုဒ်က ခန့်ခန့်ညားညားကြီးတွေ့ရတယ်။ ဘေးနားမှာက သုံးထပ် တိုက်ကြီး တစ်လုံးကိုလည်းတွေ့ရပါတယ်။ တိုက်အမိုးပေါ်မှာလည်း စလောင်းအကြီးကြီးတွေနဲ့လေ။ တိုက်ရှေ့က ဆိုင်းပုဒ်ကို ဖတ်ကြည့်လိုက်တော့ Network Server Centre တဲ့ဗျာ။ ရွာထဲမှာလည်း ဖုန်ဆိုတာ ရှူချင်လို့တောင် မတွေ့ရတော့ဘူးဗျ။ အိမ်တွေကလည်း သက်ကယ်မိုး၊ တဲအိမ်လေးတွေ မဟုတ်တော့ပါဘူး တိုက်တွေနဲ့ ဖြစ်ကုန်ပါပြီ။ ကျွန်တော်တို့ရွာမှာ ဘုန်းကြီးကျောင်း ငါးကျောင်းရှိပါတယ်။ ကျွန်တော့်အိမ်က ရွာဦးကျောင်း(အရှေ့ကျောင်း) နဲ့ ကပ်လျက်ရှိနေပါတယ်။ အိမ်ကို ဘုန်းကြီးကျောင်းထဲက ဖြတ်ပြီး ပြန်လို့ရပါတယ်။ အိမ်ကို မပြန်သေးဘဲ ဘုရားအရင်ဖူးမယ်လို့ စိတ်ကူးပြီး ဘုန်းကြီးကျောင်းထဲကိုဝင် ဘုရားဖူးပါတယ်။ ဘုရားက ကြည်ညိုစရာကောင်းလိုက်တာဗျာ၊ ရွှေရောင် တ၀င်းဝင်းနဲ့လေ။ ရင်ပြင်ကလည်းကြွေပြားတွေနဲ့ သွားလာရတာကျေနပ်စရာ တကယ်ကောင်းပါတယ်။ ကျောင်းဝိုင်းထဲမှာ အဆောက်အအုံတွေ တိုးနေတာကိုလည်း တွေ့ရပါတယ်။ ရှေးလက်ရာ ဘုံအဆင့်ဆင့်နဲ့ ပျဉ်ထောင်ကျောင်းကြီးကလည်း အခန့်သားရှိနေတုန်းပါပဲ။ လျှောက်ကြည့်နေတုန်းမှာပဲ နှစ်ထပ်တိုက်ကျောင်းဆောင်ထဲက ကလေးတွေ LapTop လေးတွေဆွဲပြီး ထွက်လာကြပါတယ်။ ပြီးတော့ ၀င်သွားတဲ့ကလေးတွေကလည်းဝင်သွားကြပါတယ်။ ကျွန်တော်လည်း သိချင်တာနဲ့ လိုက်ကြည့်လိုက်တော့ ကလေးတွေက LapTop တယောက်တလုံးစီ ဖွင့်ထားကြပြီး ရှေ့ကိုအာရုံစိုက်ကြည့်နေကြပါတယ်။ တကယ်တော့ ဘုန်းကြီးတစ်ပါးက Online အသုံးချနည်းပညာကို Projector နဲ့ ထိုးပြီး အခမဲ့ သင်ပေးနေတာပါ။ Software/ Networking Training အချိန်တွေလည်း ညနေကျ ရှိသေးတယ်ဆိုတာကိုလည်း သိခဲ့ရပါတယ်။

ကျောင်းဝိုင်းထဲကနေဖြတ်ပြီး ကျွန်တော့်အိမ်ကို ပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ အမေက “သား ပင်ပန်းသွားပြီလား၊ သားက အိမ်တန်းမပြန်ဘဲ ဘာဖြစ်လို့ ဟိုဟိုဒီဒီ ၀င်နေတာလဲ” လို့မေးပါတယ်။ “ကျွန်တော် ဟိုဟိုဒီဒီ ၀င်နေတာကို အမေဘယ်လိုသိတာလဲ” လို့ ကျွန်တော်မေးတော့ ဧည့်ခန်းက Projector ကိုလက်ညိုးထိုးပြပါတယ်။ ပြီးတော့ ဘေးနားက LapTop ပေါ်က ခလုပ်ကလေးကိုနှိပ်လိုက်တယ်။ Screen ပေါ်မှာ ပေါ်လာတာက ကျွန်တော့်အဖေပုံရိပ် ပါ လယ်ကွင်း ထဲမှာ သွားပြီး စီမံခန့်ခွဲရေးလုပ်နေတာကို တွေ့ရပါတယ်။ အမေက “သားပင်ပန်းလာတယ် နားလိုက်တော့လေ” ဆိုပြီး သူ့အလုပ်သူလုပ်နေပါတယ်။ ကျွန်တော့် အခန်းထဲမှာ LapTop တွေဘာတွေနဲ့ အားလုံးအဆင်သင့်ပါပဲ။ ကျွန်တော်လည်း အနားယူပြီး ရေမိုးချိုး၊ အ၀တ်အစားလဲပြီး အခန်းထဲက ထွက်လာတဲ့ အချိန်မှာ တူမလေးက ကျောင်းကပြန်လာပါတယ်။ သူ့လက်ထဲမှာလည်း LapTop တစ်လုံးနဲ့ပါပဲ။ တူမလေးက ဒုတိယတန်းကျောင်းသူလေးပါ။ တူမလေးက “ဦးလေး နေကောင်းလား၊ သမီး အနားယူလိုက်ဦးမယ်နော်၊ ပြီးရင် Program ရေးရဦးမှာ မလို့ပါ” တဲ့ဗျာ။ ကျွန်တော်က “အေးအေး” လို့ပဲ ပြောလိုက်ရတာပေါ့။

ညနေရောက်တော့ အိမ်မှာမိသားစု အားလုံးစုံစုံညီညီရှိနေကြပါတယ်။၊ ညစာကို ပျော်ပျော်ပါးပါး စားကြ၊ သောက်ကြ၊ စကားစမြည်ပြောကြပါတယ်။ ခဏနေတော့ LapTop တစ်လုံးစီဆွဲပြီး အလုပ်တဲ့သူလုပ်၊ Online တက်တဲ့သူတက်၊ Program ရေးတဲ့သူရေး နဲ့ အားလုံး အလုပ်ကိုယ်စီ လုပ်နေကြပါတယ်။ ကျွန်တော်တစ်ယောက်ထဲပဲ ငေါင်တောင်တောင် နဲ့ ကျန်နေခဲ့ပါတယ်။ ကျွန်တော်က ဘာမှ မလုပ်ချင်တာနဲ့ အိပ်လိုက်ပါတော့တယ်။

နောက်နေ့မနက် ကျွန်တော်အိပ်ယာနိုးတော့ မိသားစုအားလုံး အလုပ်ကိုယ်စီနဲ့ အလုပ်လုပ်နေကြပါတယ်။ ကျွန်တော်က ဘာမှ လုပ်စရာ မရှိတာနဲ့ ကျောင်းပြန်တာပဲကောင်းပါတယ်လို့တွေးလိုက်ပါတယ်။ အဲဒါနဲ့ အမေကို “ကျွန်တော်ကျောင်းကိုပြန်တော့မယ်” လို့ပြော အခန်းထဲက လိုအပ်တဲ့ ပစ္စည်းတွေယူ၊ LapTop လေးလဲယူပြီး (ကျောင်းမှာသုံးဖို့ဗျ၊ ကျောင်းမှာ ရှိမှ မရှိတာလေ) ရွာလေဆိပ်ကိုထွက်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာလည်း လိုလိုသေးမရှိအောင်ကိုပြည့်စုံပါတယ်။ လေယာဉ်စီးရင်း နဲနဲအိပ်ချင်တာနဲ့ မှေးလိုက်တာ အိပ်ပျော်သွားပါတယ်။ အိပ်ယာနိုးတော့ တက္ကသိုလ်တခုရဲ့ ကျောင်းဝကိုရောက်နေပါပြီ ကျောင်းရှေ့မှာလည်း ရေနီမြောင်းကြီးနဲ့လေ ဖုန်တွေကလည်း များလိုက်တာဗျာ၊ ရွာမှာနဲ့တော့ တခြားစီပါပဲ။ နဲနဲပင်ပန်းသလိုရှိတာနဲ့ သေချာဆန်းစစ်ကြည့်လိုက်တော့ ကျွန်တော်က ဆိုက်ကား တစ်စီးပေါ်ရောက်နေတာလေ။ ဒါနဲ့ ကမန်းကတန်း LapTop ကိုရှာကြည့်တော့ မတွေ့တောဘူး။ ဘယ်နားမှာ ကျကျန်နေခဲ့လည်း မသိပါဘူးဗျာ။ LapTop တွေက ရွာမှာပေါပါတယ် ကိစ္စမရှိပါဘူး။ စိတ်ထဲမှာလည်း ဘာမှ မထားတော့ပါဘူး။ ဒါနဲ့ ဆိုက်ကားပေါ်မှာပဲ ထပ်အိပ်လိုက်ပါတော့တယ်ဗျာ။

ယုံတမ်းစကားဆိုပေမယ့် တကယ်ဖြစ်ချင်တဲ့ ဆန္ဒလေးပါ။ နောင်တချိန်မှာ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲဗျာ။

Read More...(ဆက်လက်ဖတ်ရန်)

November 14, 2007

ကံမကောင်း အုန်းမောင်း ကလတက်ဖြစ်

အုန်းမောင်း ဟူသည် “ တောင်တောင်တလောင်တောင်၊ နောင်ဖူ၊ ဒူနောင်ဖု၊ တောင်ပုနေရာဆီးခြုံမှာ၊ တောင်ရာခုတ်တုန်း၊ ရာလုပ်တုန်း၊ ပြောင်းဖူးဖုတ်တုန်း၊ မီးမှုတ်တုန်း” ဟူသော အုန်းမောင်းသီချင်းကို ဆို၍ တုတ်တိုနှင့် တီးခေါက်လျက် ငှက်ခြောက်ရသော ၀ါးပိုးနှက်ဖက်ပိတ် အခေါင်းပေါက် ဖြစ်သည်။

‘အုန်းမောင်း’ ၏ အနက်ကို ဆင်ခြင်သော် ‘အုန်း’ ၏ အနက် ‘မိုးရွာထစ်အုန်း၊ အုန်းငြာခြိမ့်သဲ၊ အုန်းညံခြိမ့်ကြွေး၊ အုန်းအုန်းအင်းအင်း’ စသည်တို့၌ မည်သံ၊ ဟိန်းသံ၊ မြည်သည်၊ ဟိန်းသည်ဟုရ၏။

‘မောင်း’ ၏ အနက် ‘ကြိမ်းမောင်း၊ ခြိမ်းမောင်း၊ တီးယွန်းခြိမ့်မောင်း၊ မောင်းမဲ၊ မောင်းနှင်’ စသည်တို့၌ အော်သည်၊ မြည်သည်၊ အော်သံ၊ မည်သံ၊ အော်မည်၍ နှင်သည်၊ အော်မည်၍ ခြောက်လှန့်သည်ဟု ရ၏။

ထို့ကြောင့် အုန်းမောင်း၏ အနက်မှာ အသံကျယ်လောင်စွာ မြည်ဟိန်းသည့်တီးစရာ၊ ကျေးငှက်တိရစ္ဆာန်များကို ခြောက်လှန့်မောင်းနှင်စရာဟု အဓိပ္ပာယ်ရပေသည်။

အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ကုလားစစ်တပ်များ၏ လှုပ်ရှားမှုကို အချက်ပေးရန် အုန်းမောင်းများကို အသုံးပြုလာကြသည်။ ထိုအခါ အုန်းမောင်းကို ကုလားတတ် ခေါ်ကြရာမှ ကလတက်(ကလဒက်) ဖြစ်ခဲ့လေသည်။

ရှေးလူကြီးများက စာကြောင်းချုံ့လို၍ ‘က္လတက်’ ဟု ‘က’ နှင့် ‘လ’ ကိုဆင့်၍ ရေးတတ်ကြသဖြင့် ဘုန်းကြီးကျောင်းသားများက “ကကြီးလပေါ်တက် ကလတက်” ဟူ၍ ပြက်ရယ်ပြု၍ ဆိုကြသေးသည်။

ကလတက်မှ ကလဒက်သို့။

သံဃာတော်အရှင်မြတ်တို့သည် ၀ိနည်း ဒေသနာတော် အရ နေ့လွဲညစာ ဘုဉ်းမပေးရသောကြောင့် အရုဏ်ဆွမ်း ဘုဉ်းပေးရန် ခွင့်ပြုတော်မူခဲ့ပေသည်။ ထို့ကြောင့် ဆွမ်းချက်ရန် ဆွမ်းပို့ရန်ကာလ ရောက်ပြီဟု အချက်ပေးရန်အတွက် တစ်ရွာလုံး ကြားလောက်သည့် အချက်ပေး ကိရိယာ လိုအပ်လာသည်။ ထိုကိရိယာကို လုံးပတ်သုံးပေ အလျားငါးပေ လောက်ရှိသော သစ်တုံးကို အလျားလိုက် အခေါင်းထွင်းပြီး တင်းပုတ်နှင့် ထုသော အခါ တစ်ရွာလုံးကြားအောင် မြည်ဟိန်းလာသည်။ အချိန်ကာလကို ဖေါ်ပြရန် ပစ္စည်း ဖြစ်၍ ကာလတက်ခေါ်ရာမှ ကလဒက် ဖြစ်လာသည်။ အတိုကြိုက်သူများက တုံးဟုခေါ်ကြသည်။ သစ်တုံးကို ပြုလုပ်ထားသော ပစ္စည်းကို တုံးဟုခေါ်သည်မှာ ခေါ်ထိုက်လှပေသည်။ အချို့ ကျောင်းများက နံနက် သုံးနာရီ၊ တုံးခေါက်သည်။ အချို့က သုံးနာရီခွဲ၊ အချို့ ကလေးနာရီ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းလေတော့သည်။

တုံးကို အချို့ကျောင်းများက ဒေါင်လိုက် ကြိုးနှင့်ဆွဲထား၍ အချို့ကျောင်းများက တုံးလုံး စင်တင်၍ ထားသည်။ သည်ဟာသည်လည်း တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် တုံးခေါက်ပုံမှာ တညီ တညွတ်တည်း ဖြစ်ကြပါသည်။

ရှေးဦးစွာ အသံကြီးကြီး ကျဲကျဲတီးပါသည်၊ တုံးခေါက်သံသည် ကြီး၍ ကျဲရာမှ တဖြည်းဖြည်း၊ အသံတိုး၍ တိုး၍ အသံစိတ်၍ စိတ်၍ လာပြီး အသံပျောက်သွားပါသည်။ ထိုနည်း သုံးကြိမ်သုံးဖန် တီးပါသည်၊ နောက်ဆုံး သံကြီး သုံးချက်ကို စက္ကန့်ခြား၍ တအားဆော်လိုက်ပါသည်။

ဝါတွင်း သုံးလရောက်ကာလတွင် သံဃာတော်များ ဆွမ်းကွမ်း ပိုမို ဖူလုံရန်အတွက် အရုဏ်ဆွမ်းချက်ရန် နှိုးဆော်သည့် အဖွဲ့များက နံနက် သုံးနာရီလောက်ကစ၍ တစ်ရွာလုံးလှည့်ပြီး “ ဘွန္တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့” ဟူသော အသံကြားရသည်မှာလည်း ကြည်နူးဖွယ် ဖြစ်လှပါသည်။

အလျဉ်းသင့်၍ ဖေါ်ပြရလျှင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် အသိဥာဏ်ရှိစွာဖြင့် သာသနာတော်ကို ကြည်ညို ပြုပြင်တတ်ဖို့လိုအပ်လှပါသည်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိတော် မူစဉ်က ကောသမ္ဗီပြည်သား ရဟန်းများသည် မပြောပလောက်သောဖြစ်ရပ်တစ်ခုကို အခြေခံပြီး အငြင်းပွားရာ နှစ်ပက္ခကွဲပြား၍ ရန်မီးများ ကြီးထွားလာခဲ့ရာ ဗုဒ္ဓမြတ်စွာသည် ဆုံးမ၍ မရသော ရဟန်းတော်များနှင့် အတူ မနေတော့ဘဲ ပလလည်း တောသို့ကြွသွားတော်မူခဲ့ပါသည်။ နောက်ဆုံး ၎င်းရဟန်းတော်များ အားလုံးပြန်လည် ညီညွတ်ကြသောအခါမှ ပလလည်း တောမှ ဘုရားကို ပြန်ပင့်ခဲ့ရသည်။ ဤ၀တ္ထုကို သာဓကထား၍ ပဲခူးမြို့မ ဆရာတော် ဘုရားကြီးက သာသနာတော်ကို ကြည်ညိုရာ၌ အသိဥာဏ် ရှိကြရန် လိုအပ်ကြောင်း အုန်းမောင်းအကြောင်းရေးသားတင်ပြရင်း တိုက်တွန်းလိုက်ရပါသည်။ (ဥဿာဆရာအို)

Read More...(ဆက်လက်ဖတ်ရန်)

November 10, 2007

What Kind of Blogger Are You?

... ဘယ္လို ဘေလာ့ဂ္ဂါ မ်ိဳးလဲ ? ...

You Are a Life Blogger!

Your blog is the story of your life - a living diary.
If it happens, you blog it. And make it as entertaining as possible.

ကိုဘလင့်၊ ကိုစိုးထက် တို့ဆီမှာ တွေ့ပြီးအားကျလို့ စမ်းကြည့်လိုက်ပါတယ်

Read More...(ဆက်လက်ဖတ်ရန်)

November 8, 2007

ဆောင်းတစ်ည

မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ဆိုပြီး ရာသီဥတု (၃) မျိုးရှိပါတယ်။ ဒီအထဲမှ ဆောင်းဥတု ကိုအနှစ်သက်ဆုံးဖြစ်ပါတယ်။ အများအားဖြင့်လည်း ဆောင်းဥတုကိုနှစ်သက်လိမ့်မယ် လို့ထင်မိပါတယ်။ ဆောင်းဥတုတွင် နှင်းများကျပြီး အေးချမ်းသာယာပါတယ်။ ပွင့်လင်းရာသီလို့လဲ ခေါ်ကြပါတယ်။ ဘုရားဖူးများ၊ လေ့လာရေးခရီးများ အသွားများဆုံး ရာသီလည်းဖြစ်ပါတယ်။ ဆောင်းဥတုတွင် ရာသီဥတုသာယာပြီး ဘေးအန္တရယ် ကင်းရှင်းပါတယ်။

လူတိုင်းမှာ ဆောင်းရာသီနဲ့ ပတ်သက်ပြီး အဖြစ်ပျက်လေးတွေ၊ အမှတ်ရစရာလေးတွေ ရှိကြမှာ မလွဲပါဘူး။ ကျွန်တော့်မှာလည်း အမှတ်ရ စရာလေးတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အမှတ်ရစရာ၊ အတွေ့အကြုံလေးတွေ တင်ပြချင်ပါတယ်။

ကျွန်တော်တို့ တောင်သူလယ်သမားတွေ အတွက် ဆောင်းဥတုမှာ စပါးများရိုတ်သိမ်းကြရပါတယ်။ စပါးပင်များကိုရိုက်ပြီး ရွာပြင်တလင်း (စပါးနယ်ဖို့အတွက် မြေကိုညီညာအောင် ပြုလုပ်ထားသောနေရာ) တွင် ပုံထား၍ နယ်(ချွေ)ရပါတယ်။ စောစောပိုင်းစပါးများကို တလင်းမလုပ်ရသေးချိန်တွင် ဘုန်းကြီးကျောင်း ကွင်းပြင်တွင် ချပြီး နယ်ရပါတယ်။

ကျွန်တော်(၆)တန်းတုန်းက ကျွန်တော်တို့အိမ်က စပါးများကို ဘုန်းကြီးကျောင်းတွင် ချထားပါတယ်။ ကျွန်တော်က ညစာကိုစောစောစားပြီး ဘုန်းကြီးကျောင်းကို သွားပါတယ်။ ဘုန်းကြီးကျောင်းသားတွေနဲ့ ကစားဖို့လေ။ ကျွန်တော်ဘုန်းကြီးကျောင်းသားဘ၀ ကအနားယူပြီးစ အချိန်ဆိုတော့ ကျောင်းတွေနဲ့က ဘော်ဘော်တွေလေ။ ဘုန်းကြီးကျောင်းကလဲ အဝေးကြီးမဟုတ်ပါဘူး အိမ်နဲ့က ခြံစည်းရိုးပဲခြားတယ်။ ဘုန်းကြီးကျောင်းသွားတယ်ဆိုတော့ ကျောင်းပေါ်တက်ပြီး ဘုရားကိုအရင်ဝတ်ပြုရတယ်။ ပြီးမှ ကျောင်းသားတွေနဲ့ ကောင်လှိုင်းပုံ( စပါးပင်များကိုရိုက်ပြီး စုစည်းထားသော အထုံးလေးများကို ပုံထားသော အပုံ) ပေါ်မှာ သွားကစားကြပါတယ်။ ကျောင်းသားတယောက်က “ကောက်လှိုင်းတွေက နွေးတယ် ကောက်လှိုင်းတွေကို တဲလုပ်ပြီး အိပ်ရရင်ကောင်းမယ်ကွ” ဆိုပြီး စကားစလိုက်တော့ အားလုံးဝိုင်းပြီး တဲ အမြန်လုပ်ကြပါတယ်။ တဲလုပ်တယ်ဆိုတာကလည်း ကောက်လှိုင်းပုံကို လှိုင်ခေါင်းလုပ်တဲ့ သဘောပါပဲ။ ဘေးကကြည့်ရင်တော့ ကောက်လှိုင်းပုံပဲလေ။ လှိုင်ခေါင်းရဲ့အခြေမှာ ကောက်လှိုင်းတွေကို ညီညီညာညာ စီပြီးချထားပါတယ်။ လှိုင်ခေါင်းရှေ့မှာ ကောက်လှိုင်းတွေနဲ့ ပြန်ပိတ်လိုက်ရင် လှိုင်ခေါင်းထဲမှာ လေလုံပြီး နွေးနေပါတယ်။ တဲလေးလုပ်ပြီးတော့ ဘုန်းကြီးကျောင်းသားတွေက အိပ်ဖို့နေရာယူကြပါတယ်။ ကျွန်တော်ကလည်း “အိမ်မပြန်သေးဘူး၊ စောပါသေးတယ် ခဏ၀င်လှဲဦးမယ်” ဆိုပြီး လှဲလိုက်တာ အိပ်ပျော်သွားတယ်။ ကောက်လှိုင်းတွေက ယားပေမယ့် အထဲမှာနွေးနေတော့ အိပ်လို့တော့ ကောင်းတယ်။ အိပ်ယာနိုးတော့ ည ၁၁း၃၀ ရှိနေပြီ။ ကျွန်တော်လည်း ကမန်းကတန်း အိပ်ယာထပြီး အိမ်ကိုပြန်ရတယ်။ အိမ်က လူတွေက ကျွန်တော်ပျောက်လို့ လိုက်ရှာနေကြတယ်။ ကျွန်တော်တို့ တဲလုပ်ပြီး အိပ်နေကြတာကို လူကြီးတွေက မသိလိုက်ကြဘူး။ အိမ်ရောက်တော့ တအိမ်လုံးက ၀ိုင်းပြီး အပြစ်တင်ကြတယ်။ တအိမ်လုံးက အပြစ်တင်တာဆိုလို့ ကျွန်တော့်မှာ အဲဒီတခါပဲရှိဘူးပါတယ်။ အိမ်မှာ ကျွန်တော်က အငယ်ဆုံးဆိုတော့ အားလုံးက ၀ိုင်းပြီးချစ်ကြပါတယ်။ အဖေက အိမ်မှာ ကောင်းကောင်းမွန်မွန်အိပ်နေရသားနဲ့ အဲဒီတဲထဲမှာ သွားအိပ်ရပါ့မလားလို့ပြောပြီး အသားကုန်ဆို(ပြောဆို ဆုံးမတာ) တော့တာပါပဲ။ ရိုက်တော့မရိုက်ဘူး၊ ဒါပေမယ့် ရိုက်တာသာခံချင်တော့လောက်အောင်ကို ပြောနေတော့တာ။ဘာပဲပြောပြော ကျွန်တော်ကတော့ အသာလေး ငြိမ်ခံနေတာပေါ့။ အဖေပြောနေတာ ခဏလေးရပ်လိုက်ဆို ကျွန်တော်က တန်းအိပ်တော့တာပဲ။ ခက်တာက ကျွန်တော်က အဖေ၊ အမေနဲ့ အတူအိပ်တာဆိုတော့ အိပ်ယာထဲမှာလဲ ပြောနေတော့တာပါပဲ။ နောက်ဆုံးတော့ အိပ်ပျော်သွားချင်ယောင်ဆောင် နေလိုက်ရတော့တယ်။

အဲဒီညက စိတ်ညစ်စရာကောင်းပေမယ့်။ အဲလိုအိပ်လိုက်ရတာလေးကိုတော့ ကျေနပ်မိပါတယ်။ ပျော်စရာလဲကောင်း၊ တအိမ်လုံးရဲ့ အပြစ်တင်ခံရတဲ့ အဲဒီဆောင်းည လေးကတော့ ထူးထူးခြားခြား မမေ့နိုင်စရာ အမှတ်တရညလေးပါပဲ။ ဒီလိုမျိုးကောက်လှိုင်းတွေကို တဲလုပ်ပြီး၊ ကောက်လှိုင်းတွေ ကြားထဲမှာ အိပ်ရတဲ့ အရသာမျိုးကို ယခုစာဖတ်သူတွေရဲ့ ၉၉.၉ ရာခိုင်နှုန်းလောက်ခံစားဖူးကြမယ် မထင်ပါဘူး။ ကျွန်တော်တို့လို ရွာသားတွေမှ ခံစားလို့ရတာနော်။

ဆောင်းတွင်းနဲ့ ပတ်သက်ပြီး ဆောင်းတွင်းမှာ အအေးဆုံးခံစားလိုက်ရတဲ့ ခံစားမှု၊ ဆောင်းတွင်း ခရီးသွားအတွေ့အကြုံနှင့် ဆောင်းတည သီချင်း စတာတွေလည်း ရေးဖို့ရှိပါသေးတယ်။ အခုတော့ ဒီလောက်နဲ့ပဲရပ်ထားလိုက်ပါတော့မယ်ဗျာ။

အခုလို ဆောင်းတွင်းအကြောင်းလေး ရေးဖြစ်အောင် Tag ပေးတဲ့ မဆုဝေ ကို အထူးကျေးဇူးတင်ပါတယ်။ မဆုဝေ လည်း ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။

Read More...(ဆက်လက်ဖတ်ရန်)

November 3, 2007

ပညာရှိနှင့်လူမိုက်

အသေဝနာ စ ဗလာနံ၊ ကဏ္ဍိတာနဉ္စသေ၀နာ

လူမိုက်ကိုရှောင်ကြဉ်ခြင်း၊ ပညာရှိကိုပေါင်းသင်းခြင်း မင်္ဂလာ

လူမိုက်လက္ခဏာ (၃) ပါး

၁။ ဒုစ္စိန္တိတစိန္တီ = မကောင်းသော အကြံ အစည်ကိုသာ ကြံစည်လေ့ ရှိခြင်း။

၂။ ဒု ဗ္ဘာသိတဘာသီ = မကောင်းသော စကားကိုသာ ပြောဆိုလေ့ ရှိခြင်း။

၃။ ဒုက္ကဋကမ္မကာရီ = မကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။

ပညာရှိ သူတော်ကောင်း လက္ခဏာ (၃) ပါး

၁။ သုစိန္တိတစိန္တီ = ကောင်းသော အကြံအစည်ကို ကြံစည်လေ့ ရှိခြင်း။

၂။ သုဘာသိတ ဘာသီ = ကောင်းသော စကားကိုသာ ပြောလေ့ ရှိခြင်း။

၃။ သုကတ ကမ္မကာရီ = ကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ ရှိခြင်း။

(ဥပရိ ပဏ္ဏာသ၊ စာ ၂၀၁-၂၀၈၊ စာပိုဒ် ၂၄၆)


ဒုစရိုက် (၁၀) ပါး
ကာမ ဒုစရိုက် (၃) ပါး

(၁) သတ္တဝါ၏ အသက်ကိုသတ်ခြင်း။

(၂) သူတစ်ပါး ပစ္စည်းကို မတရားယူခြင်း။

(၃) ကာမ ဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။


ဝစီ ဒုစရိုက် (၄) ပါး

(၁) လိမ်ပြောခြင်း = မုသာဝါဒ

(၂) ကုန်းတိုက်ခြင်း = ပိသုဏ၀ါစာ

(၃) ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း = ဖရုသ၀ါစာ

(၄) အကျိုးမရှိ အနှစ်မရှိသော စကားကို ပြောခြင်း = သမ္ဖပ္ပလာပ၀ါစာ


မနော ဒုစရိုက် (၃) ပါး

(၁) သူတစ်ပါး ပစ္စည်းကို ရလိုသမှု ရှေ့ရှုကြံစည်စိတ် = အဘိဇ္ဈာ

(၂) သူတစ်ပါးကို ဖျက်ဆီးလိုစိတ် = ဗျာပါဒ

(၃) မှားယွင်းသော အယူဝါဒကို ယုံကြည်ကိုးကွယ်ခြင်း


သုစရိုက် (၁၀) ပါး

ကာယ သုစရိုက် (၃) ပါး

(၁) သတ္တ၀ါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း

(၂) သူတစ်ပါး၏ ပစ္စည်းကို မတရား ရှောင်ကြဉ်ခြင်း

(၃) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း


ဝစီ သုစရိုက် (၄) ပါး

(၁) မှန်သောစကားကိုပြောဆိုခြင်း = သစ္စ၀ါစာ

(၂) သူနှစ်ဦး တို့ကိုချစ်ခင် ညီညွတ်စေသော အစေ့အစပ် စကားကိုပြောဆိုခြင်း = အပိသုဏာဝါစာ

(၃) နူးညံ့ချိုသာ သာယာပြေပြစ်သော စကားကို ပြောဆိုခြင်း = သဏှဝါစာ

(၄) အကျိုးရှိ၍ အနှစ်ပြည့်သော စကားကိုသာ ပညာဖြင့် ချင့်ချိန်ပြောဆိုခြင်း = မန္တ၀ါစာ

မနော သုစရိုက် (၃) ပါး

(၁) သူတစ်ပါး၏ ပစ္စည်းကိုရယူလိုစိတ်မရှိခြင်း = အနဘိဇ္ဈာ

(၂) သူတစ်ပါး ကို ဖျက်ဆီးလိုစိတ် မရှိခြင်း = အဗျာပါဒ

(၃) မှန်သောဘာသာ အယူဝါဒကိုယုံကြည် ကိုးကွယ်ခြင်း = သမ္မာဒိဋ္ဌိ

ဆောင်။ ။ သက်တတ်ခိုးမှု၊ ကာမေသု၊ သုံးခုကာယကံ။

မုသား ကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ်မပါ၊ ပြောဆိုတာ၊ လေးဖြာ ၀စီကံ။

သူပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ကြံစည်၊ စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။

ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး သုစရိုက်ကံ။

ဒုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ ပါယ်လေးတန်။

သုစရိုက်ကံများ၊ ပြုလုပ်ငြား၊ လားရ နတ်နိဗ္ဗာန်။

သတ္တိဂုမ္ဗ ဇာတ်

ဤအရာ၌ ဓားပြလူမိုက်တို့နှင့် ပေါင်းမိ၍ ကျေးမိုက် ဖြစ်ရသော သတ္တိဂုမကျေးနှင့် သူတော်ကောင်းနှင့် ပေါင်းမိ၍ ကျေးလိမ္မာ ဖြစ်ရသော ပုပ္ဖသူဝ ကျေး တို့ကို နှိုင်းယှဉ်ကြည့်သင့်ပါသည်။

ရှေးအခါက ပဉ္စာလ တိုင်းမှ ပဉ္စာလဘုရင်ကြီးသည် တောကစားထွက်ရာမှ ခရီးလွန်ကာ ရွာတစ်ရွာသို့ ရောက်သွား၏။ ရွာတံခါးကို ၀င်မိလျင် “ ဒီ ဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ” စသော ရက်စက် ကြမ်းကြုတ် လှသည့် အသံကို ကြားရ၍ အသံလာရာသို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင် အော်ဟစ် ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။

ထိုရွာသည် ဓားပြရွာဖြစ်၍ ကျေးသားသည်လည်း ဓားပြများနှင့် အတူ အနေကြာလာသဖြင့် ရက်စက် ကြမ်းကြုတ်သော စိတ်ဆိုးစိတ်ယှတ်များ ၀င်နေသည့် သတ္တိဂုမကျေးမိုက်ဖြစ်၏။ ဘုရင်ကြီးသည် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာသဖြင့် ချက်ချင်းပင် ရထားထိန်းကို ရထားကစေကာ ထိုနေရာမှ ထွက်ခွာ လာရာ မကြာမီပင် ရသေ့ကျောင်းတစ်ကျောင်းသို့ ရောက်သွား၏။ ရောက်လျှင် ရောက်ချင်းပင် “ အရှင်မင်းကြီး ကြွတော်မူပါ၊ ထိုင်တော်မူပါ၊ စမ်းရေအေးအေး သောက်တော်မူပါ၊ ချိုမြိန်သော သစ်သီးများကိုလည်း သုံးဆောင်တော်မူပါ၊ ရှင်ရသေ့များ သစ်သီးရှာ သွားနေခိုက် ဖြစ်လို့ အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည့်သူမရှိ၍ စိတ်မကောင်းပါ၊ အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင်ဧည့်ဝတ် မပြုနိုင်ဘဲ ဖြစ်နေပါသည်၊ အရှင်မင်းကြီး ကိုယ်တိုင်သာ အလိုရှိသလို သုံးဆောင်တော်မူပါတော့” စသော သာယာချေငံသည့် ဧည့်ခံစကားကိုကြားရ၍ အသံလာရာ သို့ ကြည့်လိုက်ရာ ကျေးသားတစ်ကောင်ကိုပင် တွေ့ရပြန်သည်။

ကျေးသား၏ သာယာချေငံလှသော ဧည့်ခံစကားကြောင့် မင်းကြီး၏ ပင်ပန်းနွမ်းနယ်မှုတို့သည် တစ်မုဟုတ်ချင်း ပျောက်ငြိမ်း သွားကြကာ ကြည်သာရွှင်လန်း အပန်းပြေ သွားတော့၏။

ဤကျေးသားကား ရသေ့ သူတော်စင်များနှင့် အနေကြာသဖြင့် သူတော်ကောင်းဓါတ် အရှိန်ဟပ်၍ သူမြတ်စိတ်ဝင်ကာယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝ ကျေးလိမ္မာဖြစ်၏။

မင်းကြီးက ယခင်တွေ့ခဲ့သော ကျေးသားနှင့် ယခုကျေးသား တို့ ကွားခြားပုံကို ပြောပြရာ ကျေးသားနှစ်ကောင်မှာ တစ်အူထုံ့ဆင်း ညီရင်း အစ်ကိုများ ဖြစ်ကြကြောင်း၊ လေပြင်း တိုက်သဖြင့် အသိုက်မှ လွင့်ကာ တကွဲ တပြားစီ ကျရာတွင် ယခင်ကျေးသားက ဓားပြများထံ ရောက်သွား၍ ယခုကျေးသားက ရသေ့ တို့ထံ ရောက်လာခြင်းဖြစ်ကြောင်း ပုပ္ဖသူဝကျေးလိမ္မာရှင်းပြသဖြင့် မင်းကြီးသိရ၏။

ထို့နောက် ကျေးလိမ္မာက နီတိစကားဆက်လက်ပြောကြားပြန်၏။

“အရှင်မင်းကြီး၊ ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်လျှင် သမန်းမြက်ပါ အပုပ်နံ့ နံပါသည်။ ထို့အတူပင် သူမိုက်နှင့်ပေါင်းသင်းလျှင် မိုက်စိတ်ဝင်ကာ သူမိုက်သာဖြစ်ရပါသည်။”

ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယောနရော ဥပနယှတိ။
ကုသာပိပူတီ ၀ါယန္တိ၊ ဧ၀ံ ဗာလူပ သေ၀နာ။

“အရှင်မင်းကြီး၊ တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်ပါ ပန်းရနံ့ မွှေးကြိုင်ပါသည်။ ထို့အတူ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းလျှင် သူတော်စိတ်ဓါတ် အရှိန်ဟပ်ကာ သူတော်သူမြတ်ပင် ဖြစ်ရပါသည်။”

တဂရဉ္စ ပလာသေန၊ ယောနရော ဥပနယှတိ။
ပတ္တာပိသုရဘိ ၀ါယန္တိ၊ ဧ၀ံ ဓီရူပသေ၀နာ။

ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းရ၍ အသိအလိမ္မာ ကြွယ်ဝလှသော ကျေးလိမ္မာ၏ နီတိစကားကို ပီတိပွားလျက် မင်းကြီး မှတ်သားလိုက်ရ၏။

(ဇာတက-ဋ္ဌ ၄၊ နှာ-၄၃၂၊ ၀ီသတိနိပါတ်၊ ဇာတ်-၅၀၃၊ သတ္တိဂုမ္ဗဇာတ်)

“ဘေးရန် ဥပဒ် အန္တရာယ် မှန်သမျှသည် ဒုစရိုက်ပြုသူ လူမိုက်ကြောင့်သာ ဖြစ်ပေါ်ကြ၏။ သူတော်ကောင်းကြောင့် မဖြစ်ပေါ်ပေ။”
“ထို့ကြောင့် လူမိုက်ဖြစ်ကြောင်း ဒုစရိုက် တရားတို့ကို ရှောင်ရှား၍ သူတော်ကောင်း ဖြစ်ကြောင်း သုစရိုက် တရားတို့ကို ကျင့်ကြံပွားများ အားထုတ်ကြရာ၏။”

(အဂုင်္တ္တိုရ်၊ ပ၊ နှာ-၉၉၊ စာပိုဒ် -၁၊ တိက၊ ဘယသုတ်)

မှတ်သားရန်။ ။ ကိုယ့်ထက်သာသူ၊ တန်းတူလူ၊ တွေ့မူပေါင်းသင်းလေ။

ထိုသူ နှစ်စား၊ မတွေ့ငြား၊ တစ်ပါးတည်းသာနေ။

လူမိုက်ကိုကား၊ မပေါင်းငြား၊ ရှောင်ရှား ဝေးဝေးနေ။

ပညာမဲ့သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆင်းရဲသည်။

ပညာရှိအား၊ ဆည်းကပ်ငြား၊ ကြီးပွားချမ်းသာသည်။

ဆိုင်ရာ ကိစ္စ၊ ကျ, န မမြင်၊ မကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆုံးရူံးသည်။

ဆိုင်ရာ ကိစ္စ၊ ကျ, န သိမြင်၊ တတ်ကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ကြီးပွားသည်။

(မူလပဏ္ဏာသ၊ ၂၈၆၊ စူဠဂေါပါလကသုတ်)

ဒေ၀ဒတ် ။ ။ လူဆိုးလူမိုက်ကြီး ဒေ၀ဒတ်နှင့် ပေါင်းသင်းမိ၍ အဇာတသတ် ဘုရင်သည် ဖခင်ကိုသတ်မိသဖြင့် ရနိုင်ခွင့်ရှိသည့် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆုံးရူံးရရုံမျှမက အ၀ီစိငရဲ၏ အရံဖြစ်သော ဥဿဒ ငရဲ သို့ပင် ကျရောက်ရ၏။

အဂုၤလိမာလ ။ ။ လူတစ်ထောင်မက သတ်ဖြတ်ခဲ့သော လူဆိုးကြီး အဂုင်္လိမာလသည် မြတ်စွာဘုရား တည်းဟူသော သူတော်သူမြတ်နှင့် တွေ့ဆုံဆည်းကပ်ခွင့်ရ၍ လူဆိုး ဘ၀မှ လွတ်မြောက်ရုံမျှမက အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွား၏။

(ကိုးကား ။ ။ ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာ)

အစ်မခွန်မြလှိုငTag ထားသောကြောင့် ရေးဖြစ်သော ပို့စ်လေးပါ။ အစ်မလိုချင်သလောက်ထိ မရေးနိုင်တာကိုတော့ ခွင့်လွှတ်ပါခင်ဗျာ။

Read More...(ဆက်လက်ဖတ်ရန်)

October 26, 2007

ကွန်ပျူတာ နှလုံးသား

မျက်လုံးများဟာ နှလုံးသားရဲ့ ပြူတင်းပေါက်တဲ့
ဟုတ်ပါရဲ့
ပြူတင်းပေါက်တင် ဘယ်ကမလဲ
မှန်ပြူတင်းပါတပ်ကာဆင်
ပါဝါမျက်မှန်နဲ့ သူ့ရုပ်သွင်
မြင့်ထောင့် နိမ့်ထောင့်
ပါဝါဒီဂရီ မညီညာလေသည်
ထုလုံးရှည် ဆလင်ဒါ သူမုန်းမည်မသေချာ
သူငယ်အိမ်စွေစောင်းတော့
အချစ်ကြောင်းလည်း နားမလည်
မေတ္တာရဲ့ အရောင်ကိုလည်း
အသည်းထဲမှတ် မဝေခွဲတတ်
သစ္စာနှောင်ဖွဲ့တဲ့ အကြောင်းလည်း
သူမပြောတတ် . . .

ပိုဆိုးတာက ကျုပ်အသည်းနှလုံးရဲ့ မေတ္တာတရားကိုလည်း
ဘာသာမပြန်တတ်
သူသိတာ . . . သူသိတာ
ဆယ်လူလာ နဲ့ အဲယားကွန်း၊ ဒီဗွီဒီ နဲ့ ပရာဒို
မော်ဒယ်ဘိုင်း နဲ့ အင်ဗက်စမင့်
ကြင်ဖက်အတွက် သူရွေးမတဲ့
သူ့ဦးနှောက်က ဂဏန်းပေါင်းစက်
ကျုပ်မေတ္တာကို အရှုံးအမြတ်တွက်
သူ့အသည်းနှလုံးက ကွန်ပျူတာ
တိုက်နဲ့ကားပါမှ အိမ်ကိုလာ
သြော် . . .
တကယ်တော့ သူဟာ
လူစင်စစ်က ကွန်ပျူတာဖြစ်သွား
သူမရဲ့ နှလုံးသား
လူစင်စစ်က ကွန်ပျူတာဖြစ်သွား
အမလေး . . .
ပါဝါ မျက်မှန်နဲ့ သူမ ရဲ့ နှလုံးသား . . .

သူငယ်ချင်း အောင်(ပေါက်)ရဲ့ ကဗျာလေးပါ။ ၂၀၀၀ ခုနှစ်က သူငယ်ချင်းများ စုစည်းထုတ်ထားသော နှလုံးသားဒိုင်ယာရီ ကဗျာစာအုပ်လေးမှ


Read More...(ဆက်လက်ဖတ်ရန်)

October 23, 2007

သာလွန်နုပျိုအောင်နေပါ

အိုမင်းလာတာနဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးကုန်တယ်ဆိုတာကို အယုံအကြည် ရှိပါသလား။ လေ့လာမှုများအရ ဒီအချက်ဟာ တကယ်တော့ မမှန်ကုန်ဘူးလို့ ဆိုပါတယ်။ အသက်(၆၀) နဲ့ (၇၀) အရွယ်တွေက သူတို့ရဲ့ စိတ်စွမ်းရည်က တစ်နှစ်မှာ ၁% ရာခိုင်နှုန်းထက် လျော့နည်းပြီး ကျဆင်းတာကိုတွေ့ရှိရပါတယ်။ အသက်(၈၀) အရွယ်တွေကတော့ ၂% ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က စိတ်ပိုင်းဆိုင်ရာ လေ့လာချက်အရ super young ( သူတို့ရဲ့ နဂိုအသက်ထက် နှစ်များစွာနုပျို တက်ကြွရွှင်လန်းသူများ) တွေက သူတို့ရဲ့ နုပျိုတဲ့စိတ်ကိုတောက်ပစေတဲ့ အဓိကအရည်အသွေးတွေက-
Super young-
  • သူတို့ကိုယ်သူတို့ ကောင်းအောင်တွေးပြီး ပွင့်လင်းတဲ့ဓာတ်ခံရရှိ။
  • သူတို့ကိုယ်သူတို့ အပြစ်ရှာ ဝေဖန်ခြင်းမပြု။
  • အငြိမ်းစားယူရမယ့် အရွယ်ထက်ကျော်လွန်ပြီး အလုပ် လုပ်။
  • လိုက်လျောညီထွေ သင့်တင့်လျောက်ပတ်အောင်နေတတ်။
  • ပျော်ပျော်နေတတ်တဲ့ စိတ်သဘောထားရှိ။
  • Super young ဖြစ်အောင်နေပါ။
ကိုးကား။ ။ ခင်စောတင့် (သင့်ဘဝကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းများ)

Read More...(ဆက်လက်ဖတ်ရန်)

October 19, 2007

မြသလွန်ဘုရားပွဲတော်

မြသလွန်စေတီတော်မြတ်ကြီး

“မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ မေ့မရနိုင်ပါပေ အခွင့်ရယ်သာတဲ့ တစ်နေ့မှာ အရောက်တော့ လာခဲ့ဦးမယ် ရွှေညာသူရေ ကိုယ်လာရင် ကြိုမှာလားလို့ အတည်” အဆိုတော် အောင်သူရဲ့ သီချင်းလေးကို ကြားလိုက်ရတော့ မကွေးမြို့ မြသလွန် စေတီနဲ့ ဘုရားပွဲတော် ကိုသတိရမိပါတယ်။ မြသလွန် ဘုရားပွဲတော်ကို နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ် လဆန်း(၁၀) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတယ်။ လဆန်း(၁) ရက် နေ့ကတည်းက ဆိုင်များ ရောက်ရှိနေကြပါတယ်။ တချို့ဆိုင်တွေက တော်တော် စောစော လာဖွင့်ကြပါတယ်။ ဖွင့်ပွဲ မလုပ်ခင်ကတည်းက ပွဲတော်က စည်ကားနေပါတယ်။ ပွဲတော်ဆိုင်ခန်းများကို ၀ါခေါင်၊ တော်သလင်း ကတည်းက ဆောက်လုပ်ရပါတယ်။

မြသလွန်စေတီတော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူခဲ့သော မြသား (အစစ်) သလွန်တော်ကို ဌာပနာ ၍ တည်ထားပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားရဲ့ အငွေ့အသက်များရှိနေပြီး တန်ခိုးတော် ထက်မြက်လှပါပေသည်။




သီတင်းကျွတ်လပြည့်နေ့ ညတွင် မြသလွန် ဘုရား၌ ဆီမီးတစ်ထောင်(၁၀၀၀) ပူဇော်ထွန်းညှိ ပါတယ်။ ဖယောင်းတိုင်များ မဟုတ်ပဲ ဆီအစစ် များကို အသုံးပြု ထားပါတယ်။ ဆီမီးတစ်ထောင် (၁၀၀၀) ဆိုပေမယ့် တကယ်တန်း ထွန်းညှိသော အခါ ဆီမီးတစ်သောင်း (၁၀၀၀၀)လောက် ထွန်းပါတယ်။ ဧရာဝတီမြစ်ထဲကိုလည်း ဆီမီးခွက်လေးများကို မျှောကြပါတယ်။ ဆီမီးတစ်သောင်း(၁၀၀၀၀) ထွန်းထားသော မြသလွန်ဘုရားကို ဧရာဝတီမြစ်ကမ်းဘက်က ကြည့်ရှု၊ ဖူးမျှော်ရသော မြင်ကွင်း အရသာသည် ဘယ်အရာနှင့်မှ မတူသော မျက်စိ ပသာရနှင့် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှပါတယ်။ လပြည့်ကျော်(၁) ရက်နေ့တွင် မြသလွန်ဘုရား စောင်းတန်း တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပပါတယ်။ အလွန်စည်ကားလှပါတယ်။ ဘုရားပွဲတော်ပိတ်ရက်ကို ဘယ်ရက်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိပါ။ ဘုရားဖူးများ၊ ပွဲတော်လာကြသူများပေါ် မူတည်၍ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချ နေကြပါတယ်။ သီတင်းကျွတ်လကုန်ပိုင်း လောက်ထိ ပွဲတော်ကျင်းပပါတယ်။

မကွေးမြို့ကိုသွားရင် မြသလွန်စေတီတော်ကို ရောက်မှ မကွေးကို ရောက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဘုရားပွဲတော်က စတင်နေပါပြီ။ မကွေးမြို့ကို သွားဖြစ်ကြရင် မြသလွန်စေတီတော်ကို ဖူးရင်း၊ ဘုရားပွဲတော် အလည်သွားကြဖို့ နိဗ္ဗာန်ကျိုးမျှော်၍ တိုက်တွန်း လိုက်ပါရစေ။



Read More...(ဆက်လက်ဖတ်ရန်)

October 15, 2007

ပူတဲ့အစားစားနဲ့ကြွပ်ကြွပ်အိပ်

ပူတဲ့အစားစာတွေကို ကြွပ်ကြွပ်အိပ် နဲ့ထည့်မယ်ဆိုရင် အဖြူရောင်အိပ် နဲ့ပဲထည့်သင့်ပါတယ်။
ပူတဲ့အစားစာတွေိကို အဖြူ ရောင်ကြွပ်ကြွပ်အိပ်နဲ့ မထည့်ဘဲ အရောင်ပါတဲ့ ကြွပ်ကြွပ်အိပ်နဲ့ထည့်ရင် လက်တမင် ဓာတုပစ္စည်းတွေ ထွက်လာပြီး ယင်းပစ္စည်းတွေက ကင်ဆာ ဖြစ်စေနိုင်ပါသတဲ့။ ဒါကြောင့် ပူတဲ့အစားစာတွေဆိုရင် အဖြူရောင် ကြွပ်ကြွပ်အိပ်နဲ့ပဲထည့်ပါ။ အေးတဲ့ အစားစာတွေကိုတော့ အရောင်ပါတဲ့ ကြွပ်ကြွပ်အိပ်နဲ့ထည့်နိုင်ပါတယ်။

Read More...(ဆက်လက်ဖတ်ရန်)

October 11, 2007

ရှေ့ကရပ်သူ



ပူလောင်ခြင်းမီးတွေ

များပြားတဲ့လောကကြီး

လောဘမီး၊ ဒေါသမီး

သောကမီး၊ မောဟမီး

ဒုက္ခပင်လယ်မီးတွေ

ဘယ်လိုရင်ဆိုင်ရမလဲ - - -

ဘ၀အခက်ခဲတွေ

များပြားတဲ့လောကကြီး

နေမှု၊ ထိုင်မှု

စားမှု၊ သောက်မှု

အ၀တ်တန်ဆာဆင်ယဉ်မှုတွေ

ဘယ်လိုရင်ဆိုင်ရမလဲ - - -

အတိုက်အခိုက်တွေ

များပြားတဲ့လောကကြီး

တစ်ဦးက တစ်ဦးကိုမနာလို

ကြီးသူက ငယ်သူကိုအနိုင်ကျင့်

တစ်ဖွဲ့ကတစ်ဖွဲ့ကိုအကြမ်းဖက်

ငြိမ်းချမ်းသာယာတဲ့ဘ၀ကို

ဘယ်လိုရယူမလဲ - - -

ပူလောင်ခြင်းမီးတွေ

ဘ၀အခက်ခဲတွေ

အတိုက်အခိုက်တွေ

ဘယ်လောက်များများ

မေတ္တာနဲ့လွှမ်းခြုံ

ဂရုဏာနဲ့ပြုစု

အကြင်နာနဲ့ကာကွယ်

ရှေ့ကရပ်တည်ပေးသူက

အစားထိုးမရတဲ့

အနန္တကျေးဇူးရှင်အမေပါပဲ - - -


Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Blog Archive

Recent Comments